မြန်မာအစိုးရ တပ်များက ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းမပေးပါက ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များနှင့် လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းများ စုပေါင်းပြီး ရှေ့ဆက် ဆောင်ရွက်သွားမည့် နည်းလမ်းများ ပြင်ဆင်ထားပြီ ဖြစ်ကြောင်း သိရသည်။
ယခုလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည့် UNFCအစည်း အဝေးအပြီး ယနေ့ညနေ ၄ နာရီကခန့်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် UNFC တွဲဖက်အတွင်း ရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ ဒီလကုန်ပိုင်းလောက် ဦးအောင်မင်းနဲ့တွေ့ဆုံပြီး ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ထိုးစစ်ဆင် နေတာတွေကို ရပ် ဆိုင်းပေးဖို့ တောင်းဆိုမယ်။ ဒီလိုပြောတာမှ မရပ်ဘူး။ သမ္မတဆီ တင်ပြထားလို့လည်း ဘာမှထူးမလာရင်တော့ တခြားနည်း လမ်းတွေနဲ့ ဆက်လုပ်သွားဖို့ ကျနော်တို့ကတော့ ပြင်ဆင်ထားကြတယ်” ဟု ပြောသည်။
ထို့အပြင် UNFC အဖွဲ့ဝင်များ အနေဖြင့် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည့် ကိစ္စအား တဖွဲ့ချင်းစီ ပြောဆိုသွားမည်မဟုတ်ပဲ စည်းစည်း လုံးလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲဝင်ကြရန် ဆုံးဖြတ်ချက်များ ထပ်မံ ချမှတ်လိုက်ပြီဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်ပြောသည်။
လက်ရှိအခြေအနေအရ UNFC အနေဖြင့် ကချင်ပြည်နယ် တိုက်ပွဲများရပ်ဆိုင်းပေးရန် သမ္မတရုံးဝန်ကြီး ဦးအောင် မင်းထံ မေတ္တာရပ်ခံသွားမည်ဖြစ်ပြီး တိုက်ပွဲများမရပ်ဆိုင်းပါက ရှေ့ဆက်လုပ်ဆောင်ရန် ပြင်ဆင်ထားသည်များကို ပြည်သူလူထုထံ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၉၉၄ ခုနှစ်နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပလောဗဟိုဌာနချုပ် ကျဆုံးခဲ့သည့်နောက်ပိုင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားပျော့သွားခဲ့သည်။ အလားတူ ယခုအချိန်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၏ ဌာနချုပ် လိုင်ဇာကျရှုံးသွားပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့အစည်းများအတွက် လှုပ်ရှားမှု အားပျော့သွားမည့် အခြေအနေမျိုး မရောက်စေဖို့ ၀ိုင်းဝန်းကာကွယ်သွားရန် သဘောတူညီချက်အရ နည်းလမ်းများ ထပ်မံ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ UNFC အဖွဲ့ဝင် ၁၀ ဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်နယ်လွတ် မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၏ ကလို့ထူးဘောကရင့်အစည်းအရုံး(KKO)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ(KNU-KNLA)နှင့် သတင်းထောက် စုစုပေါင်း လူဦးရေ ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကချင်၊ ကရင်နီ၊ ကရင်၊ သျှမ်း၊ ပလောင်၊ မွန် စသည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၁ ဖွဲ့ ဖြင့် စတင် ဖွဲ့စည်းခဲ့သည့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက် နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဝင် ၈ ဦးမှ လာရောက်တွေ့ဆုံခဲ့သည်။