ဘုရားသုံးဆူမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စိန်ရတုကျောက်စာတိုင် တည်ဆောက်

ဘုရားသုံးဆူမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စိန်ရတုကျောက်စာတိုင် တည်ဆောက်
by -
ကေအိုင်စီ

လာမည့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ (ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ပြာသို လဆန်း ၁ ရက်နေ့) ၌ ကျရောက်မည့် ရ၅ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ စိန်ရတုသဘင်အထိမ်း အမှတ်အဖြစ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကျောက်စာတိုင်တစ်ခု တည်ဆောက်လျှက်ရှိသည်။

ဘုရားသုံးဆူမြို့ရှိ ကရင့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စောရာဇာထွန်းက “လာမယ့်ဇန်နဝါရီလ ၁၂ရက်နေ့မှာ ဆိုရင် ကျနော်တို့ရဲ့ ကရင်နှစ်သစ်ကူးနေ့ကျရောက်ပြီလေ။ ဒါကြောင့် ဒီနှစ်မှာဆိုရင် အစိုးရ ကနေပြီ တရားဝင် နေ့ထူးနေ့မြတ်ရယ်လို့ စပြီး ပြဌာန်းခဲ့တာက စိန်ရတုရောက်ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်လေးနဲ့ ဒီကျောက်စာတိုင် ဆောက်ဖြစ်တာပါ” ဟု ပြောသည်။

13122012435

၎င်းတည်ဆောက်နေသည့် ကျောက်စာတိုင်သည် အမြင့်ပေ ၁၈ ပေနှင့် အောက်ခြေ ဘေးလေးထောင့်ပတ်ပတ် လည် ၃၈ ပေရှိပြီး ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ထော်မဲပါရပ်(ကရင်စု)၌ ၀င်းရော်မြိုင်အခမ်းအနား ကွင်းတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ ကရင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကမကထပြု ဆောက်လုပ်ခဲ့ခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် ကျောက်စာတိုင်စတင်တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ စောရာဇာထွန်းက “ကျောက်စာ တိုင်က ကရင်နှစ်သစ်ကူးအမီအပြီးလုပ်မှာဆိုတော့ အခုကတည်းက စပြီးတည်ဆောက်နေကြ တာပါ။ အချိန်က လည်း တစ်လလောက်ကြာနိုင်လို့ပါ” ဟု ပြောသည်။

ယင်းကျောက်စာတိုင်တွင် ပိုးကရင်၊ စကောကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ကမ္ပည်းကျောက်စာ ရေး ထိုးသွားမည်ဖြစ်သော်လည်း မည်သည့်အကြောင်းအရာများကို ရေးထိုးသွားမည်ဖြစ်ကြောင်းကို မသိရသေးပေ။ ၎င်းအကြောင်းအရာများကို ဘုရားသုံးဆူမြို့ ကရင်စာပေ၊ ယဉ်ကျေးမှုအဖွဲ့၏ နောက်ထပ် အစည်းအဝေးပြုလုပ် ပြီးမှသာလျှင် သိရမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့ကရင့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။

ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်အနား ကို ဇန်နဝါရီလ ၁၁-၁၂ နေ့အထိ ၂ ရက်တာကျင်းပမှာဖြစ်ပြီး အခမ်းအနားဖွင့်လှစ်ပေးခြင်း၊ ကျောက်စာတိုင်ရေး ထိုးရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ကရင်ဒုံးယိမ်းအကနှင့် ရိုးရာအက များဖျော်ဖြေခြင်း၊ အားကစားယှဉ်ပြိုင် ပွဲများ ကျင်းပခြင်း စသည့်အခမ်းအနားများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉ (ခရစ်နှစ် ၁၉၃၇) ခုနှစ်မှ စတင်ကာ ပြာသိုလဆန်း ၁ ရက်နေ့ ရောက်တိုင်း ကရင်လူမျိုးတို့၏ နှစ်သစ်ကူးနေ့အဖြစ် တရားဝင်ကျင်းပခွင့်ပြုခဲ့ရာ ယခုအချိန်ထိဖြစ်သည်။