မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ မြန်မာနိုင်ငံသား အနုပညာရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုတရပ်ကို သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြန်မာ့လူမှုအဖွဲ့အစည်းမှ ကြီးမှူး ကျင်းပခဲ့သည်။
၎င်းတင်ဆက်မှုအား Black Town ရပ်ကွက်ရှိ Bowman Hall တွင် ယမန်နေ့ ညနေက ပြုလုပ်ခဲ့ရာ သရုပ် ဆောင်များဖြစ်သည့် တက္ကသိုလ် ကိုတေဇေ၊ ဖြိုးငွေစိုး၊ ကိုနေမင်း၊ လင်းဇာနည်ဇော်၊ အေးမြတ်သူ၊ ခင်လှိုင် နှင့် ဒိန်းဒေါင်တို့က အနုပညာကြေးမယူဘဲ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ် ကိုတေဇေက“ဂျပန်၊ ကိုးရီးယား၊ ဖိလစ်ပိုင်စတဲ့ အာရှနိုင်ငံများကို ရောက်ခဲ့ဖူးပေမယ့် သြစတြေးလျ ကိုတော့ ပထမဆုံးအကြိမ် လာဖျော်ဖြေခွင့်ရတာပါ။ ကိုယ့်လူမျိုးတွေ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးနေ တာ တွေ့ရတော့ ဝမ်းသာတယ်”ဟု ပြောသည်။
မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို နောင်လာနောက်သားမျိုးဆက်များအား လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန်နှင့် ပြည်ပနိုင်ငံရောက် ပရိဿတ်များနှင့် ရင်းနှီးမှုရစေရန် ရည်ရွယ်၍ရံပုံငွေပွဲအား ကျင်ပခြင်း ဖြစ်သလို သြစတြေးလျနိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ပရိဿတ် စုစုပေါင်း ၁၀၀ ကျော် တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။
ဆစ်ဒနီမှ မြန်မာ့အနုပညာ ပရိဿတ်တဦးဖြစ်သည့် ဖိုးထောင်က “ကျနော်တို့ချစ်တဲ့ အနုပညာရှင်တွေကို အနီးကပ် ခင်မင်ရင်းနှီးခွင့်ရတာ အားရကျေနပ်မှုရှိတယ်။ မိဘမဲ့ကလေးများ အတွက်လည်း အလှူပြုနိုင်တဲ့ အတွက် အင်မတန်မွန်မြတ်တဲ့ ဒါနခရီးလည်း ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း “မလင်းက ပြည်ပကို အခု ပထမဆုံး လာရောက်ဖျော်ဖြေ ရတာ အင်မတန် ၀မ်းသာမိပါတယ်။ ဒါပေမယ့် ဖျော်ဖြေမှုတွေပြီးလို့ ခွဲခွာရတော့မှာမို့ လွမ်းဆွေးသလို ခံစား မိပါတယ်။ နောက်တခါ ဒီက ပရိဿတ်တွေနဲ့ ပြန်လည်တွေ့ဆုံချင်တဲ့ ဆန္ဒလည်း ရှိပါတယ်”ဟု ဆိုသည်။
ပွဲစီစဉ်ဆောက်ရွက်သူတဦးဖြစ်သူ မြန်မာ့လူမှုအသိုင်းဝိုင်းမှ ကော်မတီဝင် မသီတာနွယ်က ၂၀၀၉ ခုနှစ်မှစ၍ သြစတြေးလျားနိုင်ငံသို့ အခမဲ့လာရောက်ဖျော်ဖြေပေးနိုင်မည့် အနုပညာရှင်များအတွက် ခရီးစားရိတ် ကုန်ကျခံ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ရရှိသည့် ရံပုံငွေများကို မြန်မာပြည်ရှိ မိဘမဲ့ကလေးများအတွက် ပို့ဆောင် ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယခု တင်ဆက်မှုမှ ရရှိသည့် ရံပုံငွေများကို မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်သို့ လှူဒါန်းမည်ဟု ဆိုသည်။
အနုပညာရှင်များ အဖွဲ့သည် အောက်တိုဘာလ (၃၀) ရက်နေ့မှ စတင်၍ ယနေ့အထိ သြစတြေးလျနိုင်ငံ Perth, Melbourne နှင့် Sydney မြို့တို့ တွင် ဖျော်ဖြေခဲ့ပြီး မြို့တော် Canberra သို့ သွားရောက်မည်ဟု သိရပြီး ယခု (၄) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။