ယာယီပတ်စ်ပို့ ပြုလုပ်မှု ကြန့်ကြာနေသဖြင့် အလုပ်သမားများ သွားလာရေး အခက်ကြံု

ယာယီပတ်စ်ပို့ ပြုလုပ်မှု ကြန့်ကြာနေသဖြင့် အလုပ်သမားများ သွားလာရေး အခက်ကြံု
by -
ကေအိုင်စီ

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်ရန် ယာယီနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အချိန် အတိုင်းအတာထက် ပိုမိုကြန့်ကြာနေသဖြင့် အလုပ်သမားများ သွားလာရေး အခက် အခဲ ကြံုတွေ့နေရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ပတ်စ်ပို့လုပ်ပေးနေသည့် ဌာနသို့ လျှောက်လွှာ တင်ရာတွင် တစ်လအတွင်း အပြီးလုပ်ပေး မည်ဟု ဆိုသော်လည်း လေး၊ ငါးလခန့် ကြန့်ကြာနေကြောင်း  မဲဆောက်မြို့ရှိ အသက် ၄၀ ကျော်အရွယ် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

သူက “၂၀၁၂ ခုနှစ်အထဲမှာ ယာယီပတ်စ်ပို့ စလုပ်ပေးနေပါပြီ ဆိုကတည်းက လျှောက်ထားတာ အခုထိမရသေး ပါဘူး။ ကျနော်က (ထိုင်း)တစ်နှစ်ခံဘတ်(work permit) လည်း ရှိတယ်။ ဒါပေမယ့် ကျနော် ပေးထားတဲ့နာမည်နဲ့ မှတ်ပုံတင်ထဲက နာမည်နဲ့ မတူလို့ဆိုပြီး အခုထိ လုပ်ပေးတာ မပြီးသေးဘူး”ဟု ပြောသည်။

အလားတူ မဲဆောက်ရှိ ရွှေ့ပြောင်းကရင်အလုပ်သမားတစ်ဦးကလည်း “ကျနော်လုပ်ထားတာ ငါးလရှိပြီ။ အခုထိ မရသေးဘူး။ ထိုင်းဘတ် ငွေ တစ်သောင်းငါးထောင်လည်း ပေးထား ပြီးပြီ။ တချို့လူတွေဆိုရင် ရတောင်ရနေပြီ။ ဖြစ်နိုင်ရင် ဘယ်တော့ရမယ်ဆိုတာ အတိအကျ ဖြစ်စေချင်တယ်”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မဲဆောက်အခြေစိုက် အလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဥပဒေရေးရာ တာဝန်ခံ ကိုထွေးနိုင်က “ကျနော်တို့အနေနဲ့ လုပ်ပေးနေတဲ့ agent (ကိုယ်စား လှယ်)တွေကို မေးကြည့်တော့ သူတို့တွေအနေနဲ့ကလည်း ဘယ်နေ့ပြီး မယ်ဆိုတာကို တိတိ ကျကျ ပြောလို့မရဘူးလို့ပြောတယ်။ တချို့နေရာတွေမှာကျတော့ သူတို့ကိုယ်တိုင် လိုက်လုပ်ပေးလို့မရဘဲ ဌာနဆိုင်ရာတခုချင်းစီကို တင်ပြရတယ်”ဟု ပြောသည်။

ထို့အပြင် ပတ်စ်ပို့ကိုင်ဆောင်ထားသည့် အလုပ်သမားအချို့ ထိုင်းနိုင်ငံအတွင်း သွားလာရာ၌ ထိုင်းရဲ(ပုလိပ်)တို့၏ စစ်ဆေးမေးမြန်းခြင်း၊ ငွေကြေးတောင်းယူခြင်းများ ခံနေရဆဲဖြစ်သည်ဟု ပြောဆိုနေကြသည်။

တချိန်တည်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော Work Permit မရှိသည့် မြန်မာအလုပ် သမားများ အနေဖြင့် ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နောက်ဆုံးထားပြီး ထိုင်းနိုင်ငံ၏ တရားဝင်အလုပ် သမား လက်မှတ်နှင့် ယာယီပတ်စ်ပို့ ပြုလုပ်ခွင့်လျှောက် ထားရမည်ဖြစ်ကြောင်းနှင့် နောယက်ပိုင်းတွင် တရားမဝင်နေထိုင် လုပ်ကိုင်သူများတွေ့ရှိပါက ဖမ်းဆီး အရေးယူသွားမည်ဟု မဲဆောက်မြို့ သမားရုံးက ကြေညာထားပြီး ဖြစ်သည်။

ပတ်စ်ပို့လျှောက်ရာတွင် တနှစ်စာသက်တမ်း အလုပ်လုပ်ခွင့်(work permit)ရှိသူများအနေဖြင့် ယာယီနိုင်ငံကူး လက်မှတ် ၆ နှစ် သက်တမ်းနှင့် ၂ နှစ်သက်တမ်း အလုပ်လုပ် ခွင့်အတွက် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၀,၅၀၀ မှ ၁၅,၀၀၀ အထိ ပေးဆောင်ရသူများ ရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားများသည် ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နောက်ပိုင်း အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိသူများကို ထိုင်းဥပဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅,၀၀၀(ငါးထောင်)နှင့် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု သိရသည်။