ဖင်လန်နိုင်ငံမှ Peace Mornitoring ကိုယ်စားလှယ် မယ်လဒုက္ခသည်စခန်းသို့ရောက်

ဖင်လန်နိုင်ငံမှ Peace Mornitoring ကိုယ်စားလှယ် မယ်လဒုက္ခသည်စခန်းသို့ရောက်
by -
ကေအိုင်စီ

ဖင်လန်နိုင်ငံ ငြိမ်းချမ်းရေး လေ့လာ စောင့်ကြည့်ရေး Peace Mornitoring အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ Mr. Kim Mo က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းသို့ ယနေ့ လာရောက်လေ့လာ ခဲ့သည်။

အဆိုပါကိုယ်စားလှယ်သည် မယ်လစခန်းမှ တာဝန်ရှိသူများနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေးအမှန်တကယ် ဖြစ်ထွန်းလာပါက ဒုက္ခသည်စခန်းရှိ စခန်းသူ၊ စခန်းသားများ၏ ဆန္ဒမည်သို့ရှိကြောင်း သိလိုသည့် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း စခန်းအတွင်းရေးမှူး စောအဲ့ကလယ်က ကေအိုင်စီသို့ ပြောသည်။

“သူက စခန်းထဲမှာ အခြေအနေ လာရောက်လေ့လာတဲ့ သဘောပေါ့။ နောက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကာလမှာ တိုင်းရင်း သားတွေကို ကူညီထောက်ပံပေးနေတဲ့ အဖွဲ့အနေနဲ့ လာမိတ်ဆက်တာဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

ဖင်လန်နိုင်ငံ Peace Mornitoring အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းများကို EU အဖွဲ့နည်းတူ ပါဝင်ကူညီ ထောက်ပံ့ပေးခဲ့သည့်အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

Mr. Kim Mo သည် မယ်လဒုက္ခသည်စခန်းမှ ယနေ့ညနေပိုင်းတွင် ထွက်ခွာသွားခဲ့ပြီး ၎င်းအနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲကိုလည်း ဆက်လက် တက်ရောက်လေ့လာသွား မည်ဖြစ်သည်။

လက်ရှိ လူဦးရေ ၅သောင်းနီးပါးရှိသည့် မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း များအနက် အကြီး ဆုံးဖြစ်သည်။

Most read this week