အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏ ဖိတ်ကြားမှုဖြင့် သြစတြေးလျား နိုင်ငံ သို့ အောက်တိုဘာ ၁၀ ရက်နေ့က ရောက်ရှိခဲ့သော ကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG) ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင်ပြီးဆုံးသွား ပြီဖြစ်သည်။
ခရီးစဉ်အတွင်း သြစတြေးလျားနိုင်ငံရှိ ကရင်လူမှုအဖွဲ့ အစည်းများ၊ ကရင်လူငယ်များ၊ NGO အဖွဲ့အစည်းများ နှင့် နိုင်ငံရေးစိတ်ပါဝင်စားသူများအား လိုက်လံတွေ့ဆုံ ကာ ပြည်တွင်းကရင်အမျိုးသမီး များနှင့် ကလေးသူငယ်များ၏ အခက်အခဲများကို ရှင်းလင်း ပြောပြခဲ့ကြောင်း နော်စူစဲန်နာလှလှစိုးက အခုလို ပြောသည်။
“မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် မှုဒိန်းမှု၊ မတရားပြုကျင့်ခံရမှု ဆက် လက်ရှိနေပြီး ငွေဖြင့်ပိတ်ပင်တာ တွေကြောင့် အမှုလိုက်တဲ့အခါ အဖြစ်မှန် ပေါ်ပေါက်လျှက်နဲ့ အမှုရှုံးနှင့်သာ ရင်ဆိုင်ရတာ တွေ့ရတယ်။ နောက် ကလေးဘက်က ပြန်ကြည့်ရင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဖြစ်ပွားလို့ မိဘမဲ့ကလေးဖြစ်သွားတဲ့ ကလေးတွေ ခုထိ အခက်အခဲဖြစ်နေတုန်းပဲ” ဟု ပြောသည်။
ထို့အပြင် ယခု ခရီးစဉ်သည် သူမ၏ ပထမဦးဆုံးအကြိမ် ခရီးစဉ်ဖြစ်ပြီး World Visionအဖွဲ့နှင့် တွေ့ဆုံခဲ့ သည့်အပြင် လက်ရှိ မြန်မာနိုင်ငံအရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် သြစတြေးလျားရောက် ကရင်များနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ စောဝေးလ်းမင်းက “ဆရာမ(နော်စူစဲနာလှလှစိုး)က ငြိမ်းချမ်းရေး နဲ့ပတ် သက်ပြီး ကျနော်တို့ သြစတြေးလျားက မြန်မာအဖွဲ့အစည်းတွေကို လာဆွေးနွေးတာ သင့်လျော်တယ် လို့ ပြောချင်တယ်” ဟု ပြောဆိုလိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တိုင်းရင်းသား တပ်ဖွဲ့အား လုံးကို အတူတကွ ခေါ်ယူခြင်းမဟုတ်ဘဲ သီးခြားစီ ခေါ်ယူဆွေးနွေးခြင်းသည် တိုင်းရင်းသားများအပေါ် ဖဲ့ထုတ် စည်းရုံးသည့် လမ်းစဉ်ကို အစိုးရက ကျင့်သုံးနေကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ ကရင်အဖွဲ့တစ် ခုဖြစ်သည့် သြစတြေးလျားနိုင်ငံရှိ ကရင်အဖွဲ့အစည်း(AKO) အနေဖြင့် မိမိကရင်စာပေ၊ ကရင်စကားကို သြစတြေးလျားနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုသည်အထိ ကြိုးစားလုပ်ဆောင်နိုင်သည့်အပေါ် နော်စးစန်နာ လှလှစိုးက အားရ ကျေနပ်မိကြောင်းနှင့် ပြည်ပနိုင်ငံရောက်သော်လည်း မိမိ၏ ဘာသာ၊ စကား၊ စာပေကို ထိန်းသိမ်းရန်လိုကြောင်း ဖြည့်စွက်ပြောခဲ့ သည်။
KWAG အဖွဲ့ကို ၂၀၀၃ခုနှစ် သြဂုတ်လ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကလေးနှင့် အမျိုးသမီးတို့၏ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်မာရေး၊ ပညာရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေး၊ အဓမ္မနိုင်ထက်စီးနင်းမှု ပပျောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ သည်။