ဇွန်လအတွင်း အစိုးရ၏ ဖမ်းဆီးခံရသူ ပိုများလာဟု AAPP ပြော

ဇွန်လအတွင်း အစိုးရ၏ ဖမ်းဆီးခံရသူ ပိုများလာဟု AAPP ပြော
by -
ကေအိုင်စီ

မြန်မာနိုင်ငံတွင် မြန်မာအစိုးရ၏ အဖမ်းခံရသူ ပိုမိုများပြားလာပြီး ယခင်လ ဇွန်လအတွင်း၌ ၂၁ ဦး ရှိကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ(AAPP) က ပြောသည်။

aapp
AAPP ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “၂၀၁၂ခုနှစ်အတွင်း ဖမ်းဆီးခံရသူတွေရဲ့စာရင်းကို လစဉ် ထုတ်ပြန်ရာမှာ ဇွန်လမှာတော့ ဦးရေပိုများတယ်။ အရင်လဆိုရင် ၂၀ အောက်ပဲ ရှိတယ်။ နိုင်ငံရေးသမား အတော်များများက အဖမ်းအဆီးကို အာရုံသိပ်မစိုက်တော့ဘဲ ဦးသိန်းစိန်ကောင်းကြောင်းကိုပဲ ချီးမွမ်းနေ လို့သာ အဖမ်းခံရတဲ့ကိစ္စကို မေ့လျော့သွားတာလို့ မြင်တယ်။”ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများထဲတွင် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားများတိုးတက်ရေးပါတီ-RNDP မှ အဖွဲ့ဝင် ၄ဦး အပါအဝင် အရပ်သား ၁၀ဦးနှင့် သံဃာ ၁ ပါးပါ၀င်ပြီး ချင်းပြည်နယ်တွင် ၆ဦး ပါ၀င်သည်ဟု ဇူလိုင်လ ၉ရက် နေ့ ထုတ် AAPP ၏ ထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း အဖမ်းခံရသူများသည် အများအားဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများ ကို လိုက်လံဆောင်ရွက်သူများဖြစ်သော်လည်း အစိုးရဘက်က ရုန်းရင်းဆန်ခတ်ဖြစ်လာအောင် သွေးထိုးလှုပ် ဆော်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။

“အစိုးရဟာ ဖမ်းထားသူတွေကို အခုထိ ပြန်မလွတ်သေးတာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိသေး တာကို ပြတာပဲ။ အခု အဖမ်းခံရတဲ့သူတွေဟာ တကယ်ဆိုရင် ၂၄နာရီထက်ပိုပြီး ချုပ်နှောင်ထားလို့မရဘူး။” ဟု ကိုဘိုကြည်က ထောက်ပြပြောဆိုသည်။

လက်ရှိ ဖမ်းဆီးခံထားရသူများထဲတွင် နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာသည်ဟုလည်း AAPP ၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အပြင် ၎င်းတို့လက်လှမ်းမမှီနိုင်သော အခြားတိုင်းရင်းသားဒေသဖြစ်သည့် ကချင်ပြည်နယ်ဘက်တွင် လှုပ်ရှား နေသော မြန်မာအစိုးရတပ်များသည် ဒေသခံများအား ဖမ်းဆီးမှုနှင့် ညှင်းပမ်းနှိပ်စက်မှုများဆက် လက် လုပ်ဆောင်လျှက်ရှိသည် ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အစိုးရ၏ အပြစ်မဲ့ စွပ်စွဲဖမ်းဆီးမှုနှင့် မတရား စီရင်ချက်ချမှုများကို လစဉ်ထုတ်ပြန်သွားမည်ဟု AAPP က ဆိုသည်။

Most read this week