နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှုတွင် တပ်ခွဲမှူးတစ်ဦး သေဆုံး

နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှုတွင် တပ်ခွဲမှူးတစ်ဦး သေဆုံး
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသတစ်နေရာတွင် ယမန်နေ့အစောပိုင်းက နယ်ခြား စောင့်တပ် (BGF)အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်က တပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ မနက် ၄နာရီခန့်တွင် မြိုင်ကြီးငူအထူးဒေသရှိ ရင်းပိုင်းတံတား(ယော်ပိုတို)နေရာတွင် BGF တပ်ရင်း(၁၀၁၁)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးတင်ညွှန့် စီးနင်းလာသည့် ကားတစ်စီးကို BGF တပ်ရင်း(၁၀၁၂)မှ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းက “၁၆ရက်နေ့ မနက် ၄နာရီခွဲလောက်မှာ ဗိုလ်တင်ညွှန့်နဲ့ သူ့ညီ နှစ်ယောက် မြိုင်ကြီးငူကနေ ရေတံခွန်ကို သွားဖို့ ရင်းပိုင်းတံတားအ ရောက်မှာ (၁၀၁၂)တပ်ရင်းက ဗိုလ်ဒေါဘိုးရဲ့လူတွေ စနိုက်ပါနဲ့ ပစ်ထည့်လိုက်တော့ ဗိုလ်တင်ညွှန့် ပွဲချင်းပြီးပဲ သေသွားတယ်။ သူ့ညီ ဒရိုင်ဘာကတော့ ဘာမှ မဖြစ်ဘူး”ဟု ပြောသည်။

၁၀၁၂တပ်ဖွဲ့ဝင်များ ယခုလို ပစ်ခတ်ရခြင်းမှာ ဗိုလ်တင်ညွန့်မှ ဒီကေဘီအေ ၉၀၅၏ ကားကို စီးနင်းလာသည့် ကားသည့်အတွက်ကြောင့် မှားယွင်းပစ်ခတ်မိခြင်း ဖြစ်နိုင်သည်ဟု မြဝတီရှိ ဒီကေဘီအေ ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သူက “ကားက ကျနော်တို့ ၉၀၅က တပ်ရင်းမှူးကားပေါ့နော်။ အဲဒီကားကို ဗိုလ်တင်ညွှန့်ညီက ပြင်ပေးဖို့ ယူလာတာ။ အဲဒီကားနဲ့ သူ (ဗိုလ် တင်ညွှန့်)က ကားကြံုအဖြစ် စီးလာတာ။ အဲဒါကို DKBA ထင်လို့ သူတို့ (၁၀၁၂) ပစ်လိုက်တာထင်တယ်”ဟု ပြောသည်။

၎င်းပစ်ခတ်မှုနှင့်စပ်လျဉ်း၍ KNLA တပ်မဟာ (၇)မှ ရုံးထိုင်မှူး ဗိုလ်မှူးအယ်ဆဲဆဲက “စည်းကမ်းလည်းမရှိ၊ ပေါ်လစီလည်းမရှိ တစ်ဗိုလ် တစ်မင်း၊ ကိုယ့်မင်းကိုယ့်ချင်းပုံစံနဲ့ နေတဲ့ပုံစံဆိုတော့ အချင်းချင်း မကျေမနပ်ဖြစ်လို့ ပစ်ခတ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ကတော့ ဘာမှ မပြောတတ်ပါဘူး”ဟု ပြောသည်။

ယခု အခင်းဖြစ်ပွားရာ နေရာတွင် DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိဘဲ BGF (၁၀၁၁)နှင့် (၁၀၁၂)တပ်ဖွဲ့ဝင်များသာ အခြေချ လှုပ်ရှားရာ နေရာဖြစ်သည်ဟု နယ်မြေခံများ၏ ပြောပြချက်အရ သိရသည်။ နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး စိုးနိုင်ဖြစ်ပြီး (၁၀၁၂)တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူးအောင်လင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် မြိုင်ကြီးအထူးဒေသ၌ BGF တပ်ဖွဲ့ဝင်များမှ ဗိုလ်မှူးစောဘိ ဦးစီးသည့် DKBA တပ်ဖွဲ့ဝင်များ၏ လက်နက် ၂၀ကျော် သိမ်းဆည်းခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုမှာ တနှစ်ကျော်အကြာတွင် ပထမဦးဆုံး ဖြစ်သည်။

Most read this week