မဲဆောက်တွင် ထိုင်းအစိုးရက အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နေပြီ

မဲဆောက်တွင် ထိုင်းအစိုးရက အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နေပြီ
by -
ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံတကာစံနှုံးများနှင့်အညီ ကုန်သွယ်မှုပြုနိုင်ရန်အတွက် တာ့ခ်ခရိုင် နယ်စပ်ရှိ မဲဆောက်မြို့ကို ဗဟိုပြုကာ အထူးစီးပွားရေးဇုန်တခုကို ထိုင်းအစိုးရက ယခုနှစ်အတွင်း အပြီးတည် ဆောက်ရန် စီမံကိန်း လုပ်ငန်းများ စတင်နေပြီးဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။

Photo-KIC (စီမံကိန်းအတည်ပြုရန် မဲဆောက်သို့ရောက်ရှိလာသည့် ထိုင်းအောက်လွှတ်တော်ဥက္ကဌ Mr. Somsak Kiatsuranont အား ကြိုဆိုနေစဉ်)
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းဝင်တဦးဖြစ်သည့် နိုင်ထဝီးက “မဲဆောက်မှာ ဒီနှစ်ထဲမှာပဲ မြန်မာဘက်က မြဝတီနဲ့ နယ် စပ်ကုန်သွယ်ရေးကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ကုန်သွယ်မှုပြုနိုင်ဖို့အတွက် မဲဆောက် အထူးစီးပွားရေးဇုန်ကို အပြီး ဆောက်ပြီး ဖွင့်လှစ်သွားမှာပါ။ ဒီစီမံကိန်းကို ထိုင်းလွှတ်တော်ကလည်း အမြန်ဆုံး အတည်ပြုနိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအောက်လွှတ်တော်ဥက္ကဌ Mr Somsak Kiatsuranont မဲဆောက်ကိုလာပြီး လေ့လာသွားပြီး ဖြစ်တယ်။”ဟု ပြောသည်။

အဆိုပါစီမံကိန်းတွင် ထိုင်းအစိုးရက တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖုတ်ဖရ၊ မဲ့လမ ၃ မြို့နယ်ကို တာ့ခ်ခရိုင်၏ အထူးအုပ်ချုပ် ရေးဒေသနှင့် အထူးစီးးပွားရေးဇုန်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ပြီး မဲဆောက်ကိုဗဟိုပြု သည့် အထူးစီးပွားရေးဇုန်ကို မြို့၏ မြောက်ဘက် ၁၅ကီလိုမီတာအကွာရှိ ထိုင်းဘက်ခြမ်းဝမ်တခင်းရမ်း အရပ်တွင် စီမံကိန်းလုပ်ငန်းများကို ယခုလဆန်းမှ စတင် ကာ ဆောင်ရွက်နေပြီးဖြစ်သည်။

၎င်းအပြင် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် လက်ရှိအသုံးပြုနေသည့် မဲဆောက်လေဆိပ်ထက် ကြီးမားသည့် လေဆိပ်တစ်ခု နှင့် မြန်မာနိုင်ငံ မြဝတီခရိုင်နှင့် ဆက်သွယ်ဖောက်လုပ်မည့် ချစ်ကြည်ရေးတံတားတစင်း ပါရှိမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်ကို နိုင်ငံတကာအဆင့်မီ နည်းပညာများဖြင့် တည်ဆောက်သွားမည်ဟု သိရသည်။

စီမံကိန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့က မဲဆောက်မြို့သို့ ရောက်ရှိလာသည့် ထိုင်းအောက် လွှတ်တော် ဥက္ကဌက “မြဝတီဘက်မှာ အထူးစီးပွားရေးဇုန် ဖွင့်ထားသလို ထိုင်းဘက်မှာလည်းအထူးစီးပွား ရေးဇုန် ဖွင့်ဖို့လိုတယ်။ ဒီနှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးက၊ ဒေသတွင်းမှာရှိတဲ့ အာစီယံနိုင်ငံတွေအတွက်ပါ အကျိုးစီးပွားတွေ ဖြစ်ထွန်းမှာဖြစ်တဲ့အတွက် လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ဒီကိုလာရောက်တာဖြစ်တယ်။”ဟု ဒေသခံသတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာကုန်သည်ကြီးတစ်ဦးဖြစ်သူ ဦးအောင်ဝင်းက “မြဝတီနဲ့ မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှာ နှစ်ဘက်စလုံးက အပီအပြင် ကုန်သွယ်မှုကို အကောင်အထည်ဖေါ်နိုင်ရင်တော့ တကယ်ကောင်းမွန်တဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဒေသတွင်းမှာ ပေါ်ပေါက်လာမှာဖြစ်တယ်။ အခုဆိုရင် မြန်မာဘက်က စားသောက်ကုန်တွေ ထိုင်းကနေတဆင့် အခြားအာစီယံနိုင်ငံတွေကို သွားတာရှိသလို ထိုင်းလူသုံးကုန်၊ စားသုံးကုန်များကိုလည်း မြန်မာနိုင်ငံကနေတဆင့် အခြားအိမ်နီးချင်းနိုင်ငံတွေကို သွားတာ တွေ ရှိပါတယ်။”ဟု ပြောသည်။

မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံတာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် လက်ရှိ နယ်စပ် ကုန်သွယ်ရေးတွင် တရားဝင် ကုန်သွယ်မှုနှင့် တရားမဝင် ကုန်သွယ်မှုက ဆတူနီးပါး ရှိနေခြင်းမှာ တင်းကြပ်သည့် ကုန်သွယ်မှု စည်းမျဉ်းအချို့ကြောင့်ဖြစ်ရာ သက်ဆိုင်ရာမှ ၎င်းစည်းမျဉ်းများကို လျှော့ပေါ့ပေးရန် လိုအပ်သည်ဟု ဦးအောင်ဝင်းက ဖြည့်စွက် ပြောကြားသည်။
Photo-KIC (စီမံကိန်းအတည်ပြုရန် မဲဆောက်သို့ရောက်ရှိလာသည့် ထိုင်းအောက်လွှတ်တော်ဥက္ကဌ Mr. Somsak Kiatsuranont အား ကြိုဆိုနေစဉ်) အထူးအုပ်ချုပ်ရေးဒေသနှှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၄ခုနှစ်က ထိုင်းဝန်ကြီးချုပ် ဟောင်း ထာ့ခ်ဆင်ရှင် နဝပ်လက်ထက်က မဲဆောက်ဒေသတွင် အကောင်အထည်ဖေါ်ရန် စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ ရပြီး လက်ရှိ ထိုင်းအစိုးရက ထပ်မံ၍ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ စာရင်းများအရ မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ထိုင်းနိုင်ငံထွက် စား သောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ၊ စာရေးကရိယာများကို  မြန်မာဘက်သို့ တရားဝင် တင်ပို့မှုမှာ တလလျှင် ထိုင်းဘတ်ငွေသန်း ၃,၀၀၀ ခန့်ရှိသည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် မြန်မာဘက်မှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် စက်မှုချည်ထည် များကို ထိုင်းဘက်သို့ တင်ပို့မှုပမာဏမှာ မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်တန်ဘိုး အမေရိကန်ဒေါ်လာ ၁၅၁.၆၂၁သန်းဖြစ်ပြီး ထိုင်းကုန်စည်များ မြန်မာဘက် ပြန်လည်တင် သွင်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၇၄.၃၆၀ ဖြစ်သည် ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ မဲဆောက်-မြဝတီ ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေသည့် ချစ်ကြည်ရေးတံတားကို ၁၉၉၇ခုနှစ်၊ သြဂုတ်လက စတင် ဖွင့်လှစ်ခဲ့ရာတွင် တန်ချိန် ၆၀အထက်ရှိ ကုန်တင်ယာဉ်များ ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းသွားလာနိုင်ခဲ့သည်။

သို့သော် ၂၀၀၆ခုနှစ် ဇူလိုင်လမှ စတင်ကာ နယ်ခြားသောင်ရင်းမြစ် ရေစီးအားကြောင့် ထိုင်းဘက်ပိုင် တိုင်အမှတ် ၈နှင့် မြန်မာ ဘက်ပိုင် တိုင်အမှတ် ၆ တို့ တိမ်းစောင်းခဲ့သည့်အတွက် တံတားကြံ့ခိုင်မှုအားနည်း သွားပြီး လက်ရှိတွင် တံတားပေါ်၌ ၁၂တန် အောက် ကုန်တင်ယာဉ်များဖြင့်သာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု နှောင့်နှေးကြန့်ကြာနေရသဖြင့် နောက်ထပ် တံတားအသစ် တစင်း တည််ဆောက်ရန် ထိုင်းအစိုးရထံ အရေးဆိုခဲ့ခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။