မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုမှ ရလာဒ် ကောင်းထွက်ရန်နည်း သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ က ယနေ့ ပြောကြားလိုက်သည်။
သြဂုတ်လ ၁၉ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း၏ ခြေလှမ်းအစဖြစ်သည်ဟု NLD ဘက်မှ ထုတ်ဖော်ခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အစိုးရက ဒေါ်စုကို စေတနာအမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ အဖြေရှာဖို့ တွေ့တယ်ဆိုတဲ့အပေါ် သံသယ အများ ကြီး ရှိတယ်။ ဟိုးအရင်ကလည်း တွေ့ဆုံခဲ့တာရှိတယ်။ တန်းတူညီတူ အနေအထားနဲ့ တွေ့ခဲ့တာ မဟုတ်ဘူး။”ဟု ကရင်နီအ မျိုးသားတိုးတက်ရေးပါတီ-KNPP ၏ အတွင်းရေးမှူးချုပ် ခူးဦးရယ်က ပြောသည်။
ဦးသိန်းစိန် အစိုးရအနေဖြင့် ဒေါ်စုနှင့် တွေ့ဆုံခြင်းသည် ၎င်းတို့အစိုးရအဖွဲ့နိုင်ငံရေးအကြပ်အတည်းမှ ထွက် ပေါက်ရရှိအောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟု သူက ထောက်ပြသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တွေ့ဆုံမှုရလဒ်ကို မထုတ်ပြန်ဘူး။ ဆိုလို့ရှိရင် ဘာမှ ခန့်မှန်းပြောလို့ မရပါဘူး။”ဟု သူက ကေအိုင်စီကို ပြောသည်။
ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကလည်း KNU သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများ အကြိမ်ကြိမ် ရှိခဲ့သော်လည်း နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများ မရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း-(SSA-N) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက တိုင်းရင်းသားဒေသများ တွင် လက်နက်ကိုင် တိုက်ပွဲများ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အစိုးရအနေဖြင့် ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းချင် သည့်သဘောမျိုး မတွေ့ရသေးကြောင်း ပြောသည်။
“ဒေါ်စုနဲ့ ဦးသိန်းစိန် ထပ်တွေ့ရင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ ကိစ္စ၊ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ချုပ်မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေချင်တယ်။”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
သြဂုတ်လ ၁၇ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် စီးပွားရေး၊ လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်း အနားတွင် သမ္မတ ဦးသိန်းစိန်က ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်ရှိ အစိုးရကို ဆန့်ကျင်နေသည့် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့်ဆွေး နွေး နိုင်ကြောင်း ပြောသွားခဲ့သည်။
သို့သော် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဒို့တာဝန်အရေး ၃ပါး အဓိကထားကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင် ရွက်သွားမည်ဟု ပါရှိသည်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက် လုပ် ဆောင်သွားရန်ရှိသော်လည်း နောက်တကြိမ်တွေ့ဆုံဆွေးနွေး မည့်ရက်ကိုမူ အစိုးရဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။