ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင် ရွာအနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြား စောင့်တပ်ဖွဲ့ များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ယနေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂၀ခန့် ပစ်ခတ်ခဲ့သည် ဟု စုံစမ်းသိရှိရသည်။
မြန်မာအစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၃၅၇)နှင့် နယ်ခြားစောင့်တပ် (၁၀၂၂) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က ၎င်းတို့ကို ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု DKBA (၉၀၇)၏ ဒုတပ်ရင်း မှူး ဗိုလ်မှူးစောကော်ဒို့စိုးက ကေအိုင်စီကို ပြောသည်။
၎င်းက “သူတို့(မြန်မာအစိုးရတပ်)က ကျနော်တို့ကို ၈၁-မမ နဲ့လှမ်းပစ်တာ အချက် ၂၀လောက် ရှိတယ်။ ၁၀ လုံး ကျော်လောက်ပဲ ပေါက်ကွဲတယ်။ ကျနော်တို့ ရှိတဲ့နေရာကိုတော့ တစ်လုံးမှ ကျတာမရှိဘူး။”ဟု ပြောဆိုသည်။
ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများကစိုးရိမ်လျက်ရှိ ကြောင်း သိရသည်။
မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “မြန်မာစစ်တပ်က ဒီလို လက်နက်ကြီးနဲ့ တောကလူ(DKBA နှင့် KNU)တွေကို ပစ်တာ။ အခု ၂ပတ် အတွင်းဆိုရင် ၃ခါရှိပြီ။ နှစ်ဖက်ထိခိုက်မှုတော့ မကြားရသေးဘူး။ ဒေသခံလူထုကအရင် လို တိုက်ပွဲအပြင်းအထန် ပြန်ဖြစ်မှာကို စိုး ရိမ်နေတယ်။”ဟု ပြောသည်။
ယခု ပစ်ခတ်မှုဖြစ်သည့် နေရာနှင့် အနီးဝန်းကျင်ဒေသတွင် မေတ္တာလင်းမြိုင်၊ မောထော်တလေး၊ အိမ်ကြီးမြိုင်၊ မင်းလက်ပံ၊ ဖလူး ကြီး၊ ဖလူးလေး၊ ပွင့်လင်းအေးမြိုင်၊ ဆယ်အိမ်စု၊ ဖားကျလော၊ မဲ့ကနဲ၊ ဒူးခို့ခီးနှင့် ဘားထာ့ စသည့်ရွာများ တည်ရှိပြီး DKBA နှင့် KNU (ကရင်အမျိုးသားအစည်းအရုံး) ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ စစ်တပ် အကြား နေ့စဉ်ရက်ဆက်နီးပါး တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်ဟု DKBA က ပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ရက်နေ့ ညနေကလည်း မြဝတီမြို့အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာကျောက်တောင်ရွာ အနီးရှိ အဆိုပါ မြန်မာအစိုးရတပ် ခမရ-၃၅၇နှင့် နယ်ခြားစောင့်တပ်ရင်း(၁၉၂၂) ပူးပေါင်းတပ်ဖွဲ့တို့သည် ၎င်းတို့တပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ထိခိုက်မှုများ မရှိခဲ့ကြောင်း ဗိုလ်မှူးစောကော်ဒို့စိုးကပြော သည်။
ကရင်ပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့ကို ၀င်တိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ယခုလ ရ ရက် နေ့မှစ၍ မြန်မာ စစ်တပ်ဘက်က မြဝတီမြို့တွင်း မြို့ပြင်နေရာများတွင် လုံခြံုရေးတင်းကြပ်နေသည်ဟုမြို့ခံများ က ပြောဆိုကြသည်။