ပစ်ခတ်မှုကြောင့် မဲ့ကသာရွာသား အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေ

ပစ်ခတ်မှုကြောင့် မဲ့ကသာရွာသား အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေ
by -
စောသိန်းမြင့်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူဒေသရှိ မဲ့ကသာကျေးရွာတွင် ပြီးခဲ့သည့် စနေ့နေ့က အစိုးရစစ်တပ်နှင့်ကရင်တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများကြောင့်၎င်းရွာသားအားလုံး နီးပါး နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့မနက်က ကရင်တပ်ဖွဲ့ဝင်အချို့သည် မဲ့ကသာ ရွာဦးဘုန်းကြီးကျောင်းအနီးရှိ အစိုးရစစ်တပ် စစ်ကွပ် ကဲရေးဌာနချုပ် စကခ(၁၉) လက်အောက်ခံ ခမရ (၅၆၃) တပ်ရင်းအား ၀င်ရောက်ပစ်ခတ် ခဲ့ရာ အစိုးရစစ်တပ်ဘက်ကလည်း လက် နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့သောကြောင့်ရွာသူရွာသားများ သည် ထိုနေ့မှစ၍ ယနေ့အချိန်ထိ တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

၎င်းက “ပစ်ခတ်မှုတွေဖြစ်ပွားတော့ ရွာသူရွာသားတွေ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး တောထဲကိုထွက်ပြေးကြ ကုန်ပြီ။ ဘုန်းကြီးတွေ အပါအဝင်ပဲ။ တချို့က ဘုရားသုံးဆူ၊ မောဖာထော၊ မိုင်း စတဲ့နေရာတွေမှာထွက်ပြေး တိမ်းရှောင်တဲ့လူရှိသလို တချို့က ထိုင်းနယ် စပ်ဘက်ကို ထွက်ပြေးတာလည်း ရှိတယ်။ အခုရွာမှာ ရွာသူကြီးနဲ့ သင်းအုပ်ဆရာတွေပဲ ကျန်တယ်။”ဟု ပြောသည်။

ယခု ထွက်ပြေးတိမ်းရှောင်နေသည့် မဲ့ကသာ ရွာသူရွာသားများမှာ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၂၀၀ကျော်ရှိပြီး လက်ရှိအချိန်တွင် အမိုးအကာ၊ စားစရာ၊ အဝတ်အထည်နှင့် သောက်ရေများ အရေးတကြီးလိုအပ်နေသော် လည်း မည်သည့်အဖွဲ့အစည်း၏ ကူညီမှု ကိုမျှ မရရှိသေးကြောင်းဘုရားသုံးဆူဒေသမှဘာသာရေး ခေါင်းဆောင် တစ်ဦးက ပြောသည်။

“ရွာသားတွေ တော်တော်ဒုက္ခရောက်နေကြတယ်။ လောလောဆယ် စားစရာနဲ့ အမိုးအကာ အရင်လိုတယ်။ မိုးကလည်း တဖွဲဖွဲ ရွာ တယ်ဆိုတော့ အမိုးအကာ အရင်ရရင် နည်းနည်း ခံသာမယ်။ အခုမှကူညီနိုင်မယ့် လူတွေကို ကျနော် လိုက်ဆက်သွယ်နေတုန်းပဲ။” ဟု ၎င်းက ပြောသည်။

ရွာသားများ ထွက်ပြေးသည့်ကိစ္စနှင့် ပတ်သက်၍ ပစ်ခတ်မှုတွင် ကိုယ်တိုင်ဦးဆောင်သူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မ တော်(KNLA) တပ်ရင်း(၁၆)မှ တပ်ခွဲ(၂)ဒုတပ်ခွဲမှူး ဗိုလ်ကြီးစောဘူ့ဂေက “ကျနော်တို့ သွားရောက်ပစ်ခတ်တာတော့ မှန်ပါတယ်။ ရွာသားတွေ ထွက်ပြေးတာကတော့ ဗမာစစ်တပ်က အကြီးအကျယ် ပြန်လည်ပစ်ခတ်မယ်ဆိုပြီးတော့ ရွာသားတွေကို ခြိမ်းခြောက် မောင်းထုတ်လိုက်တာကြောင့် ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြန်လည်ဖြေကြားသည်။

အိမ်ခြေ ၉၀ခန့်ရှိသည့် မဲ့ကသာကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၆ရက်နေ့ကလည်း အဆိုပါ အစိုးရစစ်တပ်အား ကရင်တပ်ဖွဲ့များ၏ ၀င်ရောက်ပစ်မှုကြောင့် ရွာသူရွာသားတချို့ နီးစပ်ရာ ကျေးရွာများသို့ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

Most read this week