နအဖ၏ အကျဉ်းသားပေါ်တာ ၅ ဦး ထွက်ပြေး လွတ်မြောက်လာ

နအဖ၏ အကျဉ်းသားပေါ်တာ ၅ ဦး ထွက်ပြေး လွတ်မြောက်လာ
by -
နန်းဖော့ဂေ

ကရင်ပြည်နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေ အတွင်းသို့ နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်များနှင့် ပါလာသည့် ပေါ်တာများမှ အကျဉ်းသားပေါ်တာ ၅ ဦး ယခုရက်ပိုင်းအတွင်း ကရင့် အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ ...

ကရင်ပြည်နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေ အတွင်းသို့ နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်များနှင့် ပါလာသည့် ပေါ်တာများမှ အကျဉ်းသားပေါ်တာ ၅ ဦး ယခုရက်ပိုင်းအတွင်း ကရင့် အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)ထံ ထွက်ပြေး လွတ်မြောက် လာခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

မွန်ပြည်နယ်၊ တောင်စွန်းထောင်မှ ဝင်းအောင်ဇော်၊ ရန်ကုန်တိုင်း အင်းစိန်ထောင်မှ ငြိမ်းချမ်း၊ စံပေါ၊ ဝင်းကျော်နှင့် အေးမင်းတို့ သည် ဇန်နဝါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အတွင်း တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းများမှ ထွက်ပြေးကာ ထိုဒေသတွင် လှုပ် ရှားနေသည့် KNLA တပ်ရင်း(၂ဝ၂) ဒုရင်းမှူး ဗိုလ်မှူးစောတာမလာတပ်ဖွဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ (၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။

နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်း ၅ရင်းသည် အကျဉ်းသားပေါ်တာများနှင့်အတူ ကေအဲန်ယူတပ်ဖွဲ့ဝင်များ နေရာယူ လှုပ်ရှားနေသည့် လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလောဒေသသို့ ရောက်ရှိလာရာ ၎င်းတို့၏ တပ်စခန်းထိုင်ရာ ကြယ်ပြောင်ကုန်းအ ရောက်တွင် ခေါ်ဆောင်လာသည့် ပေါ်တာအထမ်းသမားများကို တောင်တက်လမ်းအတိုင်း လက်နက်၊ ကျည်ဆံ၊ ဆန်ရိက္ခာ များ သယ်ဆောင်ခိုင်းခဲ့ပြီး မထမ်းနိုင်သူများကို စစ်သားများက ရိုက်နှက်နှိပ်စက်သည့်အတွက် ထွက်ပြေးရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

တောင်စွန်းထောင်မှ ဝင်းအောင်ဇော် ၃ဝနှစ်က “ကျနော်တို့ထွက်လာတာ အကျဉ်းသားချည်းပဲ ရဝဝရှိတယ်။ ကျနော်တို့ တောင်စွန်းထောင်က ထောင်သား ၁ဝဝ။ ပေါ်တာထဲမှာ အရပ်သားတွေလည်း ၁၂ဝလောက်ပါတယ်။ ကျနော်လိုက် ရတဲ့တပ် က (၂ဝ၈)တပ်ရင်း။ ပေါ်တာတွေက လူတစ်ယောက်ကို အလေးချိန် ၄ဝ-၅ဝလောက်ရှိတဲ့ ဆန်တို့ ဗုံးသီးတို့ အစုံသယ် ရပါ တယ်။ ကျနော်ဆို အလေးချိန်ပိဿာ ၅ဝလောက်ရှိတဲ့ ကျည်ဆံအကြီးတွေ သယ်ရတယ်။ အခု ထွက်ပြေးလာရတာကလည်း ထမ်းရတဲ့ဝန်တွေက မနိုင်လို့ သူတို့က ရိုက်ပုတ်နှိပ်စက်ပြီး သေနတ်ဒင်နဲ့ထုလို့ ကျနော်တို့ မခံနိုင်လို့ ထွက်ပြေးလာတာပါ။”ဟု ဆိုသည်။

အသက် ၂ဝအရွယ် အင်းစိန်ထောင်မှ ငြိမ်းချမ်းက “ဝန်ထမ်းတွေက ထမ်းရတာအတူတူပါပဲ။ သူတို့က ပေါ်တာတွေကို ဝန်ထမ်း လို့ ခေါ်တယ်။ သူတို့စားတဲ့ ရိက္ခာ ဆန်တွေ၊ ဆီတွေ၊ လက်နက်ကျည်ဆံတွေ၊ ဗုံးတွေထမ်းရတယ်။ ကျနော်ထမ်းရတာက အလေးချိန်အားဖြင့်တော့ ဆန်အိတ် တစ်အိတ်ခွဲလောက် ရှိတယ်။ သားလည်း နှစ်ရက်ပဲ ထမ်းပြီး အားတင်းထားတာ မထမ်း နိုင်တော့ဘူး။ ပုခုံးတွေလည်း နာပြီ။ ခြေထောက်တွေကလည်း မရတော့ဘူး။ ညဘက်ကျတော့ ဝန်ထမ်းတွေ အိပ်ချိန် ချောက် ထဲလှိမ့်ချပြီး ထွက်ပြေးလာလိုက်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ စစ်တပ်သည် အကြောင်းပြချက်မရှိဘဲ အင်းစိန်၊ သာယာဝတီ၊ မန္တလေး၊ သရက်၊ တောင်စွန်း၊ မော်လမြိုင်နှင့် ဖားအံ ထောင်များမှ အကျဉ်းသားများကို ၈ဝဝကျော်ကို ခေါ်ထုတ်လာခဲ့ပြီး ဖားအံ(တောင်ကလေး)ထောင်သို့ ရောက်ရှိလာကာ ထိုမှ တဆင့် မာနယ်ပလောနှင့် ဖလူး၊ ဝေါ်လေဒေသများသို့ နယ်မြေခွဲကာ စစ်ကားတစ်စီးလျှင် လုံခြံုရေးစစ်သား ၈ဦး၊ ပေါ်တာ ၂ဝခန့်စီ တင်ဆောင်ရောက်ရှိလာခြင်းဖြစ်သည်။

မောင်ငြိမ်းချမ်းက “ကျနော်က ၁ရက်နေ့မှာ စစ်တပ်နဲ့ပါလာတာ။ လမ်းမှာကတည်းက လွတ်ရက်စေ့တာကို ပြန်မလွှတ်ပေးဘူး ခင်ဗျ။ ထောင်ကနေ လာထုတ်သွားတုန်းက ထောင်ပြောင်းမလိုလို၊ လမ်းဖောက်မလိုလို ဘာမှမပြောဘဲ ရဲတွေက ခေါ်လာ တာ။ အင်းစိန်ထောင်ကနေ ဖားအံကို တိုက်ရိုက်ပို့ပါတယ်။ ဖားအံထောင်မှာ တစ်ညအိပ်ပြီး မနက်ကျ စစ်ကားကိုမြင်တော့မှ ပေါ်တာမှန်းသိတာ ခင်ဗျ။ ကျနော် မသိလို့ မေးချင်တာက တရားရုံးကလည်း ထောင်သားတွေကို တရားမစီရင်ဘဲ ဘာလို့ တောထဲကို ပေါ်တာပို့ရတာလဲပေါ့။”ဟု ပြောသည်။

နအဖတပ်များသည် အကျဉ်းသားပေါ်တာများကို တပ်ပစ္စည်းရိက္ခာများ ထမ်းပိုးခိုင်းသည့်အပြင် ၎င်းတို့တပ်ဖွဲ့၏ရှေ့မှ မိုင်းရှင်း ကိရိယာသဖွယ် သွားခိုင်းနေသည့်အတွက် မိုင်းနင်းမိသူများလည်း ရှိနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ အေးမင်း ၂၅နှစ်က “ပေါ်တာတွေက မိုင်းကွင်းထဲ သွားလာနေရတော့ မိုင်းနင်းမိတာတွေလည်း အများကြီးပဲ။ ပေါ်တာထဲက မိုင်းမိတဲ့သူကို ကျနော် ကိုယ်တိုင်တွေ့တာ ၃ယောက်ရှိပြီ။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ သေလူလိုပဲ ထားတယ်။”ဟု ဆိုသည်။

နအဖ တပ်များ ခေါ်ဆောင်လာသည့် ပေါ်တာများမှာ အကျဉ်းသား အများစုဖြစ်သော်လည်း ဖားအံမြို့အဝင်နှင့် အထွက်တွင်  အရပ်သားအချို့ကို ပေါ်တာအဖြစ် အတင်းအကြပ် ရိုက်နှက်ခေါ်ဆောင်လာခဲ့သေးကြောင်း အကျဉ်းသားပေါ်တာများက ပြော သည်။

စစ်အစိုးရတပ်များသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဒေသများသို့ ထိုးစစ်ဆင်ရန် ပေါ်တာများကို စစ်မြေပြင်သို့ ခေါ်ဆောင်လာလေ့ရှိကြောင်း နအဖ တပ်ပြေးများ၏ ပြောပြချက်များအရ သိရသည်။

နအဖတပ်များသည် ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ရွေးကောက်ပွဲမှစ၍ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ပြောက်ကျားလှုပ် ရှားကာ ၎င်းတို့တပ်ရင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နှင့် KNLA တပ်များကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ၂ဝ၁၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့က အကျဉ်းသားများကို ရှေ့တန်းစစ်မြေ ပြင်သို့ ပေါ်တာအဖြစ် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

KNLA တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက “နအဖတွေက ကျနော်တို့ဘက်မှာတော့ မာနယ်ပလောဂွင်မှာပဲ ပေါ်တာတွေ ခေါ်လာတာ ၂ဝဝကျော်ရှိတယ်။ ကျန်တဲ့နေရာတွေမှာက ပြောက်ကျားလှုပ်ရှားနေတော့ မိုင်းထိမှာစိုးလို့ သူတို့မ လာဘူး။ အခုလာတဲ့တပ်တွေက ခမရ(၂ဝ၁)၊ (၂ဝ၂)၊ (၂ဝ၄)၊ (၂ဝ၅)နဲ့ (၂ဝ၉)တို့ပဲ။ နဂိုရှိထားတာက စကခ(၁၉)ရဲ့ တပ်ရင်း ၄ရင်းနဲ့ တိုင်းတပ်တရင်းလေ။”ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၌ နအဖ ခမရ(၃၄၃)က ယာဉ်တန်းလုံခြံုရေးနှင့် ခလရ(၆၁)က လမ်းလုံခြံုရေးကို တာဝန်ယူ နေရပြီး အကျဉ်းသားများနှင့် ရောက်ရှိလာသည့် တပ်မ(၂၂)မှာ နယ်မြေခံ စကခ(၁၉)တပ်များနှင့် မကြာခင် တပ်ချိန်းရန်ရှိ သော်လည်း လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

စကခ(၁၉)၏ ကျန်တပ်ရင်းများနှင့် စကခ(၁၂) လက်အောက်ခံ တပ်များသည် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင် လှုပ်ရှားနေပြီး ထိုဒေသဘက်သို့ နအဖတပ်များ ခေါ်ဆောင်သွားခဲ့သည့် အကျဉ်းသားပေါ်တာများလည်း နယ်စပ်ဘက်သို့ အလားတူ ထွက်ပြေးလျှက်ရှိသည်ဟု သိရသည်။

Most read this week