ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့

ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့
by -
စောသိန်းမြင့်

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ အပလုံ ကျေးရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် ...

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)သည် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ အပလုံ ကျေးရွာတွင် နအဖ စစ်တပ်၏ ရိက္ခာဆန်အိတ် ၅၀ ကို ယမန်နေ့ ညနေက ၀င်ရောက် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)မှ တပ်ခွဲ-၂ ဒု-ခွဲမှူး ဗိုလ်ကြီး ဘူ့ဂေက “မနေ့က မနက် ညနေ ၅ နာရီကျော်လောက်မှာ ကျနော်တို့ တပ်ရင်း (၁၆) တပ်ခွဲ (၂)က ၀င်သိမ်းတာ ဖြစ်တယ်။ အပလုံကျေးရွာကနေ ဘုရားသုံးဆူကို စက်လှေနဲ့ တင်ပို့ဖို့် အလုပ်မှာ ကျနော်တို့ အဖွဲ့က ၀င်သိမ်းတာ” ဟု အတည်ပြု ပြောဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များသည် ရှေ့မှ ကြိုသွားနှင့်ခဲ့သည့်အတွက် ကေအဲန်အယ်လ်အေနှင့် တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်း မရှိသော်လည်း ဘုရားသုံးဆူ အနောက်ဘက်ခြမ်းရှိ တမိချောင်းတွင် သွားလာနေသည့် စက်လှေများကို ၎င်းတို့၏ ရိက္ခာများ သယ်ဆောင်ခိုင်းခဲ့ရာမှ ယင်းသို့ သိမ်းဆည်းခံရခြင်း ဖြစ်သည်။

အဆိုပါ ဆန်အိတ်များသည် နအဖ စစ်တပ် နည်းဗျူဟာ (၁)နှင့် ခမရ (၄၀၂) တပ်ရင်းမှ ကေအဲန်ယူ တပ်မဟာ (၆)ကို ထိုးစစ်ဆင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် ရိက္ခာများ ဖြစ်သောကြောင့် ထိုကဲ့သို့ ၀င်ရောက်သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်ဟု ဒု-ခွဲမှူးက ဆက်ပြောသည်။

ယင်းသို့ ဆန်အိတ်များ သိမ်းဆည်းခံရသောကြောင့် အဆိုပါ နည်းဗျူဟာ (၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်သည် အလွန်ဒေါသထွက်နေသော်လည်း အပလုံရွာသူရွာသားများအား ပြန်လျော်ခိုင်းခြင်းကိုမူ ယနေ့အချိန်ထိ ပြုလုပ်ခြင်း မရှိသေးကြောင်း ရွာခံတဦးက ပြောသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၁၅ ရက်နေ့ကလည်း ၎င်းနအဖ နည်းဗျူဟာ (၁) တပ်ဖွဲ့အား ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)မှ အပလုံ ကျေးရွာ ရွာပြင်တနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၂ ဦး ကျဆုံးခဲ့သည်။