ကရင်ပြည်နယ် အတွင်းရှိ နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၂၃)မှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ရွေးကောက်ပွဲ ရက် အတွင်း ရွာပြင်သို့ ၀င်ထွက်သွားလာခြင်း မပြုလုပ်ရန် နိုဝင်ဘာလ ၂ ရက်နေ့က တားမြစ်ညွှန်ကြား....
ကရင်ပြည်နယ် အတွင်းရှိ နယ်ခြားစောင့်တပ်ရင်းအမှတ် (၁၀၂၃)မှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ရွေးကောက်ပွဲ ရက် အတွင်း ရွာပြင်သို့ ၀င်ထွက်သွားလာခြင်း မပြုလုပ်ရန် နိုဝင်ဘာလ ၂ ရက်နေ့က တားမြစ်ညွှန်ကြားခဲ့သည်ဟု နယ်ခံများ၏ ပြောပြ ချက်အရ သိရသည်။
“နယ်ခြားစောင့်တပ် (၁၀၂၃) တပ်ရင်းမှူး စောအဲထူး ကိုယ်တိုင် ပြီးခဲ့ရက်က ပိတခါ့၊ ဖောဝါးကလိုးနှင့် မဲ့ဖလားကျေးရွာတွေက ရွေးကောက်ပွဲ လုပ်နေချိန်မှာ ရွာပြင်မထွက်ဖို့ ညွှန်ကြားထားတယ်။ တကယ်လို့ ထွက်ပြီး ပျောက်သွားရင် သူတို့ တာဝန်မယူနိုင်ဘူး ဆိုပြီး ပြောသေးတယ်” ဟု ရွာသားတစ်ဦးက ကေအိုင်စီကို ပြောသည်။
၎င်းအပြင် အဆိုပါ နယ်ခြားစောင့်တပ်ရင်းမှူး ဗိုလ်မှူး စောအဲထူးက ပိတခါ့နှင့် ဖောဝါးကလိုးရွာမှ ရွာသူကြီးများကို ကေအဲန် အယ်လ်အေမှ သိမ်းဆည်းမှုကြောင့် ဆုံးရှုံးသွားခဲ့သည့် ၎င်းတို့ တပ်ဖွဲ့မှ လက်နက် ၅ လက်တန်ဘိုးကို အစားထိုး လျော်ပေးရန် နေ့စဉ် ခြိမ်းခြောက်ပြောဆိုလျှက်ရှိသည်ဟုလည်း ရွာခံများက ပြောဆိုနေကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့က ကေအဲန်အယ်လ်အေ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၇) မှ တပ်ဖွဲ့ဝင်များသည် တကူဝါးကလိုးနေရာရှိ နယ်ခြားစောင့်တပ်ရင်း (၁၀၂၃) တပ်ဖွဲ့ဝင်များထံမှ M-16 ၃လက်နှင့် AK-47 ၂ လက်ကို ပစ်ခတ်မှု မရှိဘဲ သိမ်းယူသွားခဲ့သည့်အပေါ် ဗိုလ်မှူး စောအဲထူးက အနီးရှိ ရွာသားများကို ပေးလျော်ခိုင်းခြင်း ဖြစ်ပြီး လက်နက် တန်ဘိုး မည်မျှကိုမူ ပြောဆိုခြင်း မရှိပေ။
ဗိုလ်မှူး စောအဲထူးသည် ယခင် ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ KPF ဥက္ကဌ စောသုမူဟဲ၏သား ဖြစ်ပြီး တပ်ရင်း ၃ ရင်းရှိ သည့် KPF ကို တပ်ရင်း တစ်ခုတည်း ထားရှိကာ နယ်ခြားစောင့် တပ်ရင်းအဖြစ် သြဂုတ်လက အသွင်ပြောင်းတာဝန်ယူခဲ့သည်။
၎င်းကျေးရွာများသည် ရွေးကောက်ပွဲ ကျင်းပခွင့် မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ခံထားရသည့် နယ်မြေ တွင် ပါဝင်သည်။