ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ (၇၃) သည် ယခုလ ဒုတိယ အပတ်က ကရင်ရွာသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား....
ကရင်ပြည်နယ်မြောက်ပိုင်း ထန်းတပင်မြို့နယ်တွင် လှုပ်ရှားနေသည့် နအဖ ခလရ (၇၃) သည် ယခုလ ဒုတိယ အပတ်က ကရင်ရွာသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အချိန် ပြန်လွှတ်ပေးခြင်း မရှိကြောင်း ဌာနေမဲ့ ပြည်တွင်း ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP) က ပြောသည်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီး စခန်းအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၇၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် မာလာကုန်းကျေးရွာအတွင်းသို့ ၀င်ရောက်ကာ ရွာသား စောမူးသော ၂၂ နှစ်၊ စောခိုကလယ်ထူး ၁၉ နှစ်တို့ နှစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု တောင်ငူခရိုင် CIDKP တာဝန်ခံ စောအယ်ဝါးက ပြောသည်။
၎င်းက “ဒီလ ၁၉ ရက်နေ့မှာ ဇရပ်ကြီး စခန်းမှာ ရှိတဲ့ ခလရ (၇၃) က လှုပ်ရှားတပ်ဖွဲ့ဝင်တွေဟာ မာလာကုန်း ရွာထဲကို ၀င်လာပြီး အပြစ် မရှိတဲ့ စောမူသောနဲ့ စောခိုကလယ်ထူး ညီအစ်ကို နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင် သွားတာ အခုထိ ပြန်မလွှတ်သေးဘူး။ ဘယ်ကို ခေါ်သွားမှန်းတောင် ဘယ်သူမှလည်း မသိကြဘူး။ သတ်များ သတ်ပစ်လိုက်ပြီလားပေါ့” ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါ နအဖစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထန်းတပင်မြို့နယ် ပယ်တော်ဒေးရွာသား စောတာမလာဒို ၃၉ နှစ်နှင့် စောဝါးနေစေး ၂၈ နှစ်တို့ နှစ်ဦးအပြင် ဘုမ္မတီးရွာသား ဦးမန်းတင် ၅၀ နှစ်ကိုလည်း ၎င်းတို့၏ တပ်စခန်း ရှိရာ ဇရပ်ကြီးသို့ ခေါ်ဆောင်သွားခဲ့ရာ လမ်းတ၀က်တွင်ပင် သတ်ပစ်ခဲ့သည်ဟု မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ (FBR)က ပြောသည်။
ထိုဒေသအတွင်း လှုပ်ရှားလျှက်ရှိသော နအဖ စစ်တပ်များသည် ယခင်ကလည်း ဒေသခံ ကရင်ရွာသားများကို အလားတူ ဖမ် ဆီးခေါ်ဆောင်ရာတွင် သက်ဆိုင်ရာ သူကြီးများ၏ ထောက်ခံမှုဖြင့် ပြန်လွှတ်လိုက်ခြင်း ရှိခဲ့သလို တချို့ကို ပြန်လွှတ်ပေးခြင်း မရှိဘဲ သတ်ပစ်သည်များလည်း ရှိခဲ့သည်။