ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖါးပြဂွင်တွင် ယမန်နေ့မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေ အဲန်အယ်လ်အေ)နှင့် နအဖစစ်တပ်တို့ အကြား (၆)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိ ရသည်။
ယမန်နေ့မနက်တွင် ကြာအင်းဆိပ်ကြီးမှ ခလယ်တံခွန်တိုင်ဘက်သို့ တက်လာသည့် အင်အား (၄၀)ကျော်ရှိ နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)တပ်ရင်းမှ စစ်ကြောင်း(၂)ကို ကျံုခွန်နှင့် တောင်ဒီးကျေးရွာစပ်ကြားတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ယနေ့မနက်် ၄နာရီခန့်မှ ၁၀နာရီခွဲအထိ ခြံုခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၁၀ဦး ထိခိုက် သေဆုံးပြီး ကေအဲန်အယ်လ်အေမှ ၁ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်ရင်း (၁၆)မှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က “ကျံုခွန်နဲ့ တောင်ဒီးကျေးရွာကြားမှာ မနက် ၄နာရီ လောက်ကနေ ၁၀နာရီခွဲအထိ ကျနော်တို့ အပြန်အလှန် ပစ်ခတ်ကြတယ်။ တိုက်ပွဲက ဆက်တိုက်တော့ မဟုတ်ဘူး။ ပြတ် တောင်းပြတ်တောင်း ပစ်ခတ်တာပါ။ ကျနော်တို့ဘက်ကလည်း အင်အား ၅၀နီးပါးပေါ့။ အလောင်းကောက်လို့ ရသလောက်က နအဖ ရယောက် သေတယ်။ ၃ယောက် ဒဏ်ရာပြင်းတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တစ်ယောက် ဒဏ်ရာနည်းနည်းရ တယ်”ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် နအဖထံမှ လက်နက် (၄)လက် ကေအဲန်အယ်လ်အေ သိမ်းဆည်းမိပြီး တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီး မှ အင်အား ၃၀၀ခန့်ရှိ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)၊ ခမရ(၄၀၉)၊ ခလရ(၆၂)တပ်ရင်းတို့ စစ်ကူတက်လာသလို လော လောဆယ်တွင် ကျံုခွန်၊ ခလယ်တံခွန်တိုင်၊ တောင်ဒီးကျေးရွာ သူကြီးများကို အဆိုပါ နအဖတပ်များမှ ဆင့်ခေါ်ထားသည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒီကေဘီအေ တပ်မှူးတဦးက “တိုက်ပွဲဖြစ်တာ အတော်ကြာတယ်လို့ သိရတယ်။ နအဖ က တိုက် ပွဲဖြစ်တိုင်း တပ်သားကျဆုံးတဲ့ အကြောင်းကို ပြောလေ့ပြောထမရှိဘူးလေ။ တနေရာမှာ သေရင် တခါတည်း တန်းမြှုပ်ပစ်တာပဲ။ ကော်သူးလေ (ကေအဲန်အယ်လ်အေ)ဘက်က အပိုင်နေရာယူ ထားတော့ သူတို့ပဲ သာမှာပါ”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေတွင် ၂၀၀၇ခုနှစ်နောက်ပိုင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တို့ မကြာခဏ တိုက် ပွဲဖြစ်ပွားလေ့ရှိသော်လည်း ယခုတကြိမ် သည် အချိန်ကြာမြင့်ပြီး နအဖဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိသည်။
နအဖ ခမရ(၄၀၁)တပ်ရင်းသည် မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်ကို ငြင်းပယ်လိုက်သည့်နောက်ပိုင်း ယခုတိုက်ပွဲဖြစ် ပွားသည့် နယ်မြေသို့ဝင်ရောက်လာသည့် အပေါ် ကေအဲန်အယ်လ်က စောင့်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖားပြကျေးရွာနှင့် (၇)မိုင်အကွာအဝေးရှိ အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသတွင် စကခ(၈) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၄၀၁)၊ (၄၀၉)နှင့် ခမရ(၄၀၄)က နယ်မြေခံတပ်များအဖြစ်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ(၂၈၄)၊ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၉)တပ်ရင်းများက ဧပြီလဆန်းပိုင်းကတည်းက စစ်ကူအဖြစ် ရောက်ရှိလာ ပြီး ကေအဲန်အဲလ်အေတပ်ရင်း (၁၆)နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ထင်မြင်ယူဆနေကြသည်။