၂၀၁၀ ခုနှစ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ၊ ဘုရားသုံးဆူ ဒေသတွင် မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် သုံးစွဲမှု အရှိန်အဟုန်မှာ ယခင်နှစ်များထက် ပိုမိုများပြား လာခဲ့ပြီး၊ ရောင်းဝယ်ဖောက်ကားမှု ရာခိုင်နှုန်း ၆၀ ခန့်အထိ များပြားလာကြောင်း ဘုရားသုံးဆူဒေသရှိ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုအခြေအနေကို လေ့လာ နေသူ တဦးက ဆိုသည်။
ထိုဒေသတွင် မူးယစ်ဆေးဝါး အဓိက ရောင်းဝယ်ဖြန့်ဖြူးမှုကို လက်နက်ကိုင်အဖွဲ့အစည်းတချို့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံးမှ (KNU) ခွဲထွက်အဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးတပ် (KPF)၊ တိုးတက်သော ဗုဒ္ဓဘာသာ တပ်မတော်(DKBA) နှင့် ဒေသခံ ငွေကြေးချမ်းသာသူ လူတစုက လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုသူက အတည်ပြု ပြောဆိုလိုက်သည်။
၁၉၉၀ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ KPF နှင့် DKBA အဖွဲ့တို့က ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြရာမှ ယခုနှစ် ၂၀၁၀ ခုနှစ်တွင် အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင် လာရာ လစဉ် ဘုရားသုံးဆူ ဒေသသို့ တင်သွင်းလာသည့် စိတ်ကြွဆေးပြား ခေါ် မြင်းဆေး အလုံးရေ အနည်းဆုံး စုစုပေါင်း ၃ သိန်းခန့် ရှိနေသည်။
ထိုဆေးပြားများကို တင်သွင်းရာတွင် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းကြောမှ ၂၅ ရာခိုင်နှုန်း၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမှ ၂၅ ရာခိုင်နှုန်းခန့်နှင့် ဘုရားသုံးဆူ-ဖားပြတ်-ခလယ်တံခွန်တိုင်လမ်းကြောမှ ၅၀ ရာခိုင်နှုန်းခန့် အသီးသီး ရှိနေပြီး၊ ထိုမှတဆင့် ဘုရားသုံးဆူ ဒေသတဝိုက်နှင့် ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချ၊ ဖြန့်ဖြူးနေကြကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် နီးစပ်သူ တဦးက ပြောသည်။
ထို့အပြင်၊ နယ်စပ်ဒေသ၏ လွတ်လပ်စွာ ကုန်သွယ်နိုင်သော အခွင့်အရေးကို အကြောင်းပြုပြီး မန္တလေး၊ တောင်ကြီး၊ လားရှိုး စသည့်ဒေသတချို့က ကျောက် ကုန်သည် များ၊ မော်တော်ကား အရောင်းအဝယ် လုပ်ကိုင်သူများကလည်း မြို့ခံငွေကြေးတောင့်တင်းသူတချို့နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေကြောင်း လေ့လာသူတချို့ကလည်း ဆိုသည်။
နည်းမျိုးစုံဖြင့် ဘုရားသုံးဆူဒေသသို့ တင်သွင်းလာသည့် စိတ်ကြွဆေးပြားများကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသည့် အဖွဲ့အစည်းတချို့နှင့် လုပ်ငန်းရှင်တချို့ ပူးပေါင်းကာ ထိုင်းနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ချိတ်ဆက်ကာ ထိုဒေသအတွင်း လက်လီ၊ လက်ကား ရောင်းချ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ထိုးဆေးပြားများကို ဘုရားသုံးဆူမြို့တွင်းရှိ ကရင်စု ရပ်ကွက်နှင့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များတွင် အဓိက ရောင်းချပေးနေကြောင်း KPF နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တဦးက ပြောသည်။
စိတ်ကြွဆေးပြား ခေါ် မြင်းဆေးတွင် အမျိုးအစားများကို အရောင်များဖြင့် ခွဲခြား သတ်မှတ်ထားကာ လက်ရှိပေါက်စျေးနှုန်းမှာ တလုံးကို ထိုင်းဘတ်ငွေ ၉၀ နှင့် ၁၂၀ ဘတ်အထိ ရှိကြောင်း ဘုရားသုံးဆူအခြေစိုက် စိတ်ကြွဆေးပြား ရောင်းဝယ်မှု အခြေအနေကို လေ့လာသူ တဦးက ယခုလို ပြောသည်။
“ဖောက်သည်စျေး တလုံးကို ဘတ် ၉၀ နဲ့ ၁၀၀ အကြားမှာရှိတယ်။ လက်လီ ဖြန့်တဲ့ သူတွေက တလုံးကို ၁၂၀ ဘတ် ရောင်းတယ်။ ပေါ်ပေါ်ထင်ထင်နဲ့ကို ရောင်းနေတာ။ ကျနော်နဲ့ သိတဲ့လူတယောက်ဆိုရင် တနေ့ကို အလုံး ၁၀၀ လောက် ရောင်းရတယ်။ သူ့အတွက် တနေ့ နှစ်ထောင်လောက်ကျန်တယ်။ ဆေးစွဲတဲ့ လူတွေလည်း တော်တော်လေး များလာတယ်။ အများစုကတော့ မြို့ခံ လူငယ်တွေပိုပြီးတော့ သုံးကြတယ်” ဟု ပြောသည်။
ယခုလို စိတ်ကြွဆေးပြားများ ဘုရားသုံးဆူဒေသတဝိုက် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ် ဖောက်ကားလာသည်နှင့်အမျှ ထိုဒေသအတွင်း ဆေးစွဲသူ အရေအတွက် မှာလည်း သိသိသာသာ တိုးပွားလာနေသည်။
လေ့လာ သုံးသပ်ချက်များအရ၊ ဒေသတွင်း ဆေးစွဲသူ လူလတ်ပိုင်း ၁၅ ရာခိုင်နှုန်းခန့်၊ အသက်မပြည့်သေးသည့် လူငယ် ၁၀ ရာခိုင်နှုန်းခန့်၊ ဆေးသုံးစွဲသူ အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့် အသီးသီး ရှိပြီး၊ KPF နှင့် DKBA အဖွဲ့အစည်းအတွင်းမှာပင် ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြသည်။
မည်သို့ပင်ဆိုစေကာမူ စိတ်ကြွဆေးပြားများနှင့် အခြားမူးယစ်ဆေးဝါးများကို အလွန်ကျွံသုံးစွဲမှုများသည် ထိုဒေသရှိ မြန်မာလူငယ်များသာမက၊ လူလတ်ပိုင်း၊ အမျိုးသမီးများအကြား အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပျက်စီးမှုများအပြင် အသက်ဆုံးရှံုးမှုများလည်း ရှိနေသည်။
ထို့အပြင် ပြည့်တန်ဆာအမျိုးသမီးများအကြား ထိုစိတ်ကြွဆေးပြားများကို ထွက်ပေါက်ရှာသည့် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြသည်ဟု အမည်မဖော်လိုသူ အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးငယ် တဦးက ယခုလို ပြောဆိုလာသည်။
“သမီးတို့ ဆေးသုံးတယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်ကိုရှာတာပဲ။ ယောကျာင်္းတွေနဲ့ သူတို့ အလိုကျ ဆက်ဆံနေရတော့ မတုန်မလှုပ်နဲ့ ရှက်နေလို့မဖြစ်ဘူးလေ။ ဒါကြောင့် စိတ်ထဲက တခြား အရာတွေကို မစဉ်းစားမိအောင်ဆေးရှုတာပဲ။ မကောင်းမှန်းလည်းသိတယ်။ ဒါပေမယ့်၊ စိတ်ကို ထိန်းချုပ်လို့မရတော့ဘူး” ဟု ပြောသည်။
သူမက “ဆေးသုံးလိုက်တော့ စိတ်က တက်ကြွလာတယ်။ ရှက်ရမှန်းလည်း မသိဘူး။ ကြောက်ရမှန်းလည်း မသိတော့ဘူး။ သမီးတို့ ဘော်ဒါတွေ အားလုံးလည်း ဆေးသုံးကြတယ်။ သုံးရင်းသုံးရင်းနဲ့ပဲ ဆေးစွဲသွားတယ်။ ဆေးတလုံး ဘတ် ၁၂၀ အထိ၊ သမီးတစ်ယောက်ထဲတခါတလေ ငါးလုံးလောက် သုံးတယ်။ ဆေးဖိုးကို ပိုရှာရတာပေါ့” ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း စိတ်ကြွဆေးပြား အပါအဝင်၊ အခြား မူးယစ်ဆေးဝါးများကို တင်သွင်းရာတွင် ဘုရားသုံးဆူဒေသကို အဓိက လမ်းကြောင်းအဖြစ် အသုံးပြု လာခဲ့သည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် ကတည်းက ဖြစ်သည်။
အစိုးရအနေဖြင့်လည်း ၎င်းဒေသကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါး အန္တာရယ် တားဆီး၊ ကာကွယ် နှိမ်နှင်းရေးအတွက် ဖမ်းဆီးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင် နေသော်လည်း တစုံတရာ အကျိုးထိရောက်မှု မရှိပဲ ဖြစ်နေသည်ဟု လေ့လာသုံးသပ်တချို့က ယခုလို ဝေဖန်ပြောဆိုနေကြသည်။
“အစိုးရက သာမန်မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကိုသာ ဖမ်းဆီးနိုင်ပေမယ့်၊ အဓိက ပါ၀င်ပတ်သက်နေတဲ့ အစိုးရဝန်ထမ်းတွေကို ရှာဖွေစစ်ဆေးတာတွေ မရှိတော့ လုံးဝ ပပျောက်အောင် မတားဆီးနိုင်သေးဘူး” ဟု ထိုမူးယစ်ဆေး ရောင်းဝယ်မှုနှင့် ပတ်သက်နေသူ တဦးက ဆိုသည်။
ထို့အပြင် ဒေသခံ အာဏာပိုင်များကလည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား လုပ်ကိုင်သူများထံမှ တရားမဝင် အခွန်ကောက်ခံခြင်းများ ပြုလုပ်နေသည့်အတွက် ထိုကိစ္စအပေါ် လျစ်လျူရှုထားခြင်းများ ရှိနေသည်။
အာဏာပိုင်များနှင့် နီးစပ်သူ တဦးကမူ “အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ရဲတို့က မူးယစ်ဆေးတို့ကို အဲဒီအဖွဲ့အစည်း (လက်နက်ကိုင်) တွေနဲ့ အတိုက်အခံ မဖြစ်ချင် ကြဘူး။ ဒီတော့ နားလည်မှုယူတယ်။ ငွေရတယ်။ သူတို့အတွက်လည်း အန္တာရာယ် မရှိဘူး။ ကျနော်သိသလောက်ဆို မြင်းဆေး ရောင်းဝယ်တဲ့လူတွေဆီက တလကို အနည်းဆုံး ဘတ် ၂၅၀၀၀ နဲ့ အများဆုံး ဘတ် ၃၀၀၀၀၀ အထိ ရတာရှိတယ်” ဟု ပြောသည်။
လူသားမျိုးနွယ်စုများ၏ ဘဝကို အညွန့်တုံးအောင် ဝါးမျိုနေသည့် အဆိပ်ပင်နှင့်တူသော ထိုမူးယစ်ဆေးဝါးအန္တာရယ်ကို တားဆီး၊ ကာကွယ်နှိမ်နှင်းနိုင်ခြင်း မရှိသေး သရွေ့၊ ထိုလုပ်ငန်းတွင် ပတ်သက်နေသူများကို အကာအကွယ်ပေးနေသရွေ့၊ တာဝန်ရှိအာဏာပိုင်များမှာ “အဆိပ်ပင် ရေလောင်းသူများသာ” ဖြစ်ပေသည်။