ဟားခါး ညီလာခံ စိတ်ဓါတ်

ဟားခါး ညီလာခံ စိတ်ဓါတ်
by -
ခိုနုမ်းထုန်

ဇလပ်ထက်နီ – လာမည့် ၂၀၁၃ နို၀င်ဘာ ၌ ချင်းပြည်နယ်မြို့တော်ဟားခါးမှာ ချင်းအမျိုးသားညီလာခံကြီး ကျင်းပရန် ပြင်ဆင် လျက်ရှိ သည်။ ညီလာခံမှာ ချင်းတမျိုးသားလုံးကိုလွှမ်းခြံုပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားနိုင်ငံရေးပါတီများ၊ ချင်း ပြည်ရှိ တခြားနိုင်ငံရေးပါတီများ၊ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေး အသင်း အဖွဲ့များ အပြင် တတ်သိပညာရှင်များ၊ အလွှာ အသီးသီးမှ ကိုယ်စားလှယ်များပါ၀င်ဖိတ်ကြားထားမည်မှာ မလွဲပါ။

နောက်ခံသမိုင်းအရ ဟားခါးညီလာခံသည် ၁၉၄၈ ဖလမ်းညီလာခံအပြီး ပြည်တွင်းတွင် ဒုတိယ အကြိမ် ကျင်းပမည့် ချင်းအမျိုးသားညီလာခံကြီးပင်ဖြစ်ပေမည်။ ချင်းအမျိုးသားညီလာခံကို ပြည်ပတွင် နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ပထမ အကြိမ် ပြည်ပချင်းအမျိုးသားညီလာခံကို ၂၀၀၆ ခုနှစ် မေလ (၈) ရက်နေ့မှ (၁၁) ရက်အထိ အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရ် ပြည်နယ်၊ Mount. Sinai တွင် ကျင်းပခဲ့ကြပြီး Chin National Council ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့အပြင် ဒုတိယ အကြိမ် ပြည်ပ ချင်းအမျိုးသားညီလာခံ ကိုလည်း Chin National Council က ဦးဆောင်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၈ – ၂၀ ရက်နေ့ တွင် အိန္ဒိယ – မြန်မာနယ်စပ် တနေရာ၌ ပြန်လည် ကျင်းပခဲ့ကြသည်။

ပြည်ပတွင်ကျင်းပသည့် ချင်းအမျိုးသားညီလာခံရဲ့ နောက်ခံကို တင်ပြရပါလျှင် ချင်းအမျိုးသားနိုင်ငံရေး ပါတီတွေဖြစ်တဲ့ မရာပြည်သူ့ပါတီ(လွတ်မြောက်နယ်မြေ)၊ ဇိုမီးအမျိုးသား ကွန်ကရက် (လွတ်မြောက် နယ်မြေ)၊ ချင်းအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(ပြည်ပ) နှင့် ချင်းအမျိုးသားတပ်ဦးတို့မှ ကိုယ်စားလှယ် များ၊ NLD/LAမှ ချင်းအမျိုးသားကိုယ်စား လှယ် များ၊ လူထုအခြေပြုအဖွဲ့အစည်း၊ တတ်သိပညာရှင် များပါ၀င်ပြီး ချင်းအမျိုးသားတပ်ဦး ပါတီဗဟိုဌာနချုပ် ၀ိတိုရိယ စခန်းတွင် ၂၀၀၄ ခုနှစ် ဧပြီလ (၇) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပသည့် Seminar on Chin Consensus Building က Political Affairs Committee of Chinland ကို ဖွဲ့စည်းကြပြီး ချင်းအမျိုး သားညီလာခံကို နှစ်နှစ်တကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ Seminar တွင် အချက်ငါးချက်ပါ ချင်းအမျိုးသား ရေးဆိုင်ရာ အောက်ပါသမိုင်းဝင် ၀ိတိုရိယ သဘော တူညီချက် ကို တညီတညွတ်တည်းလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

– စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊

– အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်
ပြန်လည်ရရှိရေး၊

– စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊

– ချင်းအမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး နှင့်
လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊

– ချင်းအမျိုးသားအားလုံး သွေးစည်းညီညွတ်ရေး၊

သတိချပ်ရမည်မှာ ချင်းအမျိုးသားညီလာခံကျင်းပခြင်း၏ အနှစ်သာရသည် အတူတူပင်ဖြစ်ပေသည်။ ဖလမ်းညီလာခံသည် ချင်းအမျိုးသားပြည်သူလူထုစုစည်းမှုအင်အားဖြင့် မြေရှင်ပဒေသရာဇ်အုပ်ချုပ်ရေး စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်အဖြစ် အစားထိုးလိုက်သည့် ညီလာခံဖြစ်သည်။ ထို့အတူ ပြည်ပတွင်ကျင်းပခဲ့သည့် ချင်းအမျိုးသားညီလာခံ အသီးသီးသည်လည်း ချင်းအမျိုးသားစုစည်းမှုအင်အား ဖြင့် ဖက်ဒရယ်စနစ်တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပြန်လည်ရ ရှိ ရေးအတွက် တိုက်ပွဲဝင် ညီလာခံများသာဖြစ်ပေသည်။

ယနေ့ မြို့တော် ဟားခါးမှာ ကျင်းပမည့် ချင်းအမျိုးသားညီလာခံသည်လည်း ဖော်ပြပါညီလာခံများနှင့် လိုရင်းအနှစ် အတူတူပင်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ညီလာခံသည် အမျိုးသားရေးအာမခံချက်ရှိပြီးသော၊ လူထုက လက်ခံသည့် အုပ်ချုပ်ရေးစနစ် ခိုင်မာပြီး လွတ်လပ်တည်ငြိမ်ပြီးသော နယ်ပယ်၊ လူ့အသိုင်းအဝိုင်းတွင် ကျင့်သုံးကျင်းပလေ့ရှိသည့် ညီလာခံမျိုး မဟုတ်ပါ၊ ချင်းအမျိုးသားပြည်သူ၏ အင်အားဖြင့် ကမ္ဘာမှာ ချင်းလူမျိုး မပျောက်ကွယ်ရေး၊ ချင်းအမျိုးသား ရှင်သန်ရပ်တည်ရေး၊ သို့တည်းမဟုတ် ချင်းအမျိုးသား ဆက်လက်ရှင်သန်ရပ်တည်ခွင့်ပြန်လည်ရရှိရေး၊ အမျိုးသား တန်းတူခွင့် ပြန်လည်ရရှိရေး တိုက်ပွဲဝင် ညီလာခံများပင်ဖြစ်ပေသည်။

ညီလာခံကိုယ်စားလှယ်တော်ကြီးများသည် ရေရှည်အမြင်ကို မွေးပြီး သဘောထားကြီးရန် လိုအပ်ပါမည်၊ မှန်ကန်သည် ဟု ယုံကြည်လျှင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချရန်၊ မိမိအမှားအပေါ် ရဲရဲဝန်ခံပြီး ပြင်ဆင်ဖို့ ၀န်မလေးသင့်ပေ၊ အများ ကောင်း စားရေးကိုရှေ့ရှုပြီး အမျိုးသားရေးကို ဦးထိပ်ပန်ဆင်လျက် အမျိုး၊ ဘာသာ၊ သာသနာအတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံရဲသည့် စိတ်ဓါတ်မွေးထားကြရန် လိုအပ်ပါလိမ့်မည်။

ညီလာခံတွင် ချင်းလူ့ဘောင်ဖွဲ့စည်းမှုသဘောသဘာဝကို ဥပက္ခာပြု၍မရသလို ချင်းမျိုးနွယ်စုများ၏ ပကတိဖြစ်ရှိနေမှုကို အချင်းချင်း အသိအမှတ်ပြုလေးစားကြပြီး ချင်းလူမျိုးတရပ်ဖြစ်သည်ဟူသော အမျိုးသားသွေး စည်းညီညွတ်ရေး စိတ်ဓါတ် ကို ရုပ်လုံးပေါ်အောင် ထွင်ထုလျက် ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ဖြင့် ကျင်းပသင့်သည်။

ညီလာခံကိုယ်စားလှယ်များသည် ချင်းတမျိုးသားလုံးလွှမ်းခြံုသည့် အကျိုးစီးပွားကို ရှေ့ရှုပြီး ပါတီစွဲ၊ ဒေသစွဲ၊ မျိုးနွယ်စွဲ ၀ါဒကို စွန့်လွှတ်ပြီး ချင်းမျိုးနွယ်စုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား၊ စာပေမပျောက်ပျက်ရေးကို အမျိုးသားတာဝန်တရပ်အနေဖြင့် လက်ခံလျှက် ချင်းလဲန် တခွင်လုံး တိုးတက်ဖွံ့ဖြိုးအောင် သမာသမတ်ကျပြီး မျှတသည့် စိတ်ထားရှိ ရပါမည်။

ညီလာခံသည် ချင်းအမျိုးသားနှင့် ချင်းပြည်သူအပေါ် မတရားမင်းမူ အုပ်ချုပ်သူ မှန်သမျှ ချင်းအမျိုးသား ပြည်သူ သွေးစည်း ညီညွတ်မှုဖြင့် အမြစ်ပြတ်တိုက်ထုတ်ခြေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိသည့် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရေပြည်ထောင်စု တည်ဆောက်နိုင်မှသာ သာယာဝပြောပြီး တည်ငြိမ်အေးချမ်းသော ပြည်ထောင် စုမြန်မာနိုင်ငံတော်သစ်တရပ် တည်ထောင်နိုင် မည်ဟု ယုံကြည်ရပါမည်။

လွတ်လပ်မှုနှင့် အချုပ်အချာအာဏာပိုင်ဆိုင်မှုတို့သည် ချင်းအမျိုးသားပြည်သူတို့၏ မူလအမျိုးသား ရပိုင်ခွင့်ဖြစ်သည့် အားလျော်စွာ အဆိုပါ အမျိုးသားအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ချင်းအမျိုးသား ပြည်သူများ၏ စည်းလုံးညီညွတ်မူ အင်အားသည် အခရာဖြစ်သည်၊ ချင်းအမျိုးသား အင်္ဂါရပ်များ မပပျောက်ရေးနှင့် ထာဝစဉ် တည်တံ့သည့် စစ်မှန် သောငြိမ်းချမ်းရေးအတွက် ကျင်းပသည့် ညီလာခံဖြစ်သည်ဟု ခံယူထားရမည်။

ချင်းအမျိုးသားတို့သည် သမိုင်းအဆက်ဆက် ဘိုးဘွားပိုင်နက်နယ်မြေအတွင်း ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရေးစနစ်ဖြင့် နေထိုင်လာခဲ့ကြသော်လည်း ၁၈၉၆ ခုနှစ်တွင် အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့ပြီး တဆက်တည်း မဟာဗမာ လူမျိုးကြီးဝါဒီများ လက်အောက်သို့ထပ်မံကျရောက်ခဲ့ရာ အမျိုးသား အခွင့်အရေးအားလုံး ဆုံးရှူံးခဲ့ရသည်။ တပါးသူရဲ့ အုပ်ချုပ်မှုအောက်မှာ ဘဝရေစုန်မျောခဲ့ရသည်၊ ချင်းတို့ဒေသဟာ မဝေးသေးသော တချိန်က ရွာဆော်ရဲ့ လုပ်အား၊ ပေါ်တာ၊ အခွန် မောင်းတီး သံများ လွှမ်းမိုးခဲ့သည်။ ဆင်းရဲမွဲတေမှု အဆင့် ရ၃ ရာခိုင်နှုန်းအောက်ကျရောက်တဲ့ ချင်းပြည်သူတွေ ပြည်ပသို့ ၀မ်းရေးအတွက် အစာရှာထွက်သူ မနည်းတော့ပြီ။

သမိုင်းဝင်မည့် ဟားခါး ချင်း အမျိုးသားညီလာခံတွင် “ကျတော်ပါ၀င်ခဲ့သည်” ဆိုရုံလောက်နဲ့ မပြီးပါ။ ပြီးစလွယ်တာ ၀န်ကျေညီလာခံကိုယ်စားလှယ်အဖြစ် ပါ၀င်ဖို့စိတ်ကူးသူများ၊ ညီလာခံကို ဖျက်လိုဖျက်ဆီး လုပ်လိုသူများအတွက် အမျိုး သားထိုင်ခုံမရှိရပါ၊ ကမ္ဘာမှာ ချင်းအမျိုးသား ဆက်လက် ရှင်သန်ရပ်တည် ရေးနှင့် ရှင်သန်ခွင့်ရရှိရေးအတွက် အမျိုး သားအားအင်ကို စုစည်းလျက် သံဓိဌာန် ခိုင်ခိုင်ချပြီးအမျိုးသား နိုင်ငံရေး ဦးတည်ချက်ကို ချမှတ်ရမည့် အမျိုးသားညီလာခံကြီးပင်ဖြစ်ရပါစေသတည်း။