ချင်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း

ချင်းလက်နက်ကိုင် တော်လှန်ရေးအကြောင်း
by -
ခိုနူမ်ထုန် သတင်းဌာန

(ဆောင်းပါး) မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုက ရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း ပြီးနိုင်ငံတော် အာဏာကို သိမ်းသည့် ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထု လှုပ်ရှားမှု ကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး  ဗိုလ်စောမောင်က  နိုင်ငံတော် အာဏာကို ဆက်လက်သိမ်းယူသည်

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှပါလီမန်ဒီမိုက ရေစီအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီးနိုင်ငံတော် အာဏာကို သိမ်းသည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထု လှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး ဗိုလ်စောမောင်က  နိုင်ငံတော် အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်း လူမျိုးများ သည်လည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး ဖွဲ့စည်းပြီး တခြားတိုင်းရင်းသားညီအကိုများနည်း တူ တော်လှန် တိုက်ပွဲ ၀င်ခဲ့ကြသည်။

ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီးအာဏာသိမ်းလိုက်သည့်အခါ ချင်းပါလီမန်အမတ် များ နှင့် ချင်းမျိုး ချစ် ပုဂ္ဂိုလ်များသည် Anti-communist Freedom Organization ကို ဖွဲ့စည်းကာ လက် နက်ကိုင် အမျိုးသား လှုပ်ရှားမှု ကိုစတင်ပြုလုပ်ခဲ့ကြသည်။ ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင်(Col. Suan Kho Pau), ဒမ်ကိုဟော ( Dam ko hau), မာန်ခန့်ပေါင်( Mang Khan Pau), ဟရန်နောလ်( Hrang Nawl ), ဆွန်ကျင်လျန် ( Suan Cin Lian), နှင့် သွာလ်ဇင် ( Tuan Zin ) တို့က ဦးဆောင်သည်။ ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂဒေ့ရှ်နိုင်ငံသို့စစ်ပညာသင်ယူ ခဲ့ကြပြီး လက်နက်နှင့် အတူ ပြန်လည်ရောက်ရှိလာကြကာ အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်ပြု လုပ်ခဲ့ကြ သည်။

၁၉၆၄ ခုနှစ်တွင် အိန္ဒိယ ၀န်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီးဗိုလ်ချုပ် နေဝင်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်ရှိ ပုန်ကန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံအတွင်းခွဲ ထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည် ပြိုကွဲစေမည့် လှုပ်ရှားမှုမှန်သမျှ ပူးတွဲ တားဆီးရန် သဘောတူခဲ့ကြသည်။ တွေ့ဆုံမှုအကျိုးဆက်အဖြစ် ပူး ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟော၊ ရိုထန် နှင့်အခြားမျိုးချစ်ပုဂ္ဂိုလ်တို့ ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာပြည်တွင်းသို့ လွဲပြောင်း ပေးခဲ့ကြသည်။ ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခို ပေါင်အား  ၁၀ နှစ်၊ ဟရန်နောလ် နှင့် ဒမ်ကိုဟော တို့အား  ၈ နှစ်စီ အသီးသီး ထောင်ဒါဏ်ချမှတ်ခဲ့ကြ သည်။ ဤသို့ဖြင့် ဗိုလ်မှူးကြီးဆွန်ခိုပေါင်ဦးဆောင်သော ချင်းအမျိုးသားလက်နက် ကိုင်တော်လှန် ရေး မှေးမှိန်သွားခဲ့ သည်။

ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်း ( John Mang Tling)နှင့် မျိုးချစ်လူငယ်တစုတို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင်၄င်း၊ ၀ီလျံဆာလျန်ဇမ် ( William Sa Lian Zam) နှင့် မိုက်ကယ်လ် မန်ခမ်း( Michael Mang Kham) တို့ သည် ၁၉၇၀ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင်၄င်း ထိုင်းနိုင်ငံဘန်ကောက်မြို့ သို့ အသီးသီးရောက်ရှိခဲ့ကြပြီး ချင်းဒီမိုကရေစီ ( Chin Democracy Party)ကို ဖွဲ့စည်းခဲ့ကြသည်။

၁၉၇၁ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ တွင် ဂျင်မီ ( Jimmy) ဦးဆောင်သော ဇိုမီးချင်းလွတ်မြောက်ရေးတပ်ဦး ( Zomi Chin Liberation Front) နှင့် ဆွေးနွေးကာ နှစ်ပါတီ စလုံးဖျက်သိမ်းပြီး ညီညွတ်သော ဇိုမီး ဒီမိုကရေစီပါတီ ( United Zomi Democracy Party)ကို ထူထောင်ခဲ့ကြသည်။  ထို ခဏတွင် ဂျင်မီသည် အဖွဲ့မှ ပြန်လည် နှုတ်ထွက်သွားသဖြင့် ဖေဖေါ် ၀ါရီ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ဥက္ကဌအဖြစ် ဂျွန်မန်တလင်း၊ ဒုတိယ ဥက္ကဌအဖြစ် ၀ီလျံဆာလျန်ဇမ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါလ် ကျာထော၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေးဗစ်ထန်း တို့က ဦးဆောင် ခဲ့ကြသည်။ မတ်လ ၂၅ တွင် ဒေးဗစ်ထန်းနှုတ်ထွက်သွားသဖြင့် ၄င်းအစား ဒေနီယဲလ် ထန်လျန်းအား ပြန်လည် အစား ထိုးခဲ့ကြသည်။

ထို့နောက် ၁၉၇၂ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့တွင်တော်လှန်ရေးနယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်းလွတ်မြောက် ရေးတပ်မတော်ကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြကာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဌာနချုပ် အနီးတွင် စစ်စခန်း တည်ဆောက်ခဲ့ကြသည်။ စစ်ဦးစီးချုပ်အဖြစ် ဂျွန်မန်တလင်းကို တာဝန်ပေးကြပြီး နောက်တလ အကြာ တွင် ဗိုလ်မှူးဆာလျန်ဇမ်တောင်းဆိုချက်အရ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှူးဆာလျန်ဇမ်အား ဂျွန်မန်တလိင်မှ လိုလိုလား လား လွဲပေးခဲ့ သည်။

၁၉၇၆ ခုနှစ် ဇန္နဝါရီလ (၁၄) ရက်နေ့တွင် ချင်းပြည်သို့ ချီတက်ရန် ဗိုလ်မှူးဆာလျန်ဇမ် ဦးဆောင်သော ချင်းတပ်မတော် သည် ဌာနချုပ်မှ ရှမ်းပြည်ကို ဖြတ်ပြီး ၁၉၇၇ ခုနှစ်နွေဦးတွင် ကချင်ပြည်သို့ ရောက်ရှိ ခဲ့ကြသည်။ ထိုမှတဆင့် နာဂတောင်တန်းကို ဖြတ်ပြီး မိုးရာသီတွင် ချင်းပြည်အဝင် လေသာတောင်တန်းကို ရောက်ရှိ ခဲ့ကြ သည်။ လေသာတောင် တွင် မိုးဒါဏ်၊ လေဒါဏ်၊ အအေးဒါဏ်ကို အလူးအလိမ့်ခံခဲ့ကြ သည်။ အစားအသောက်၊ ဆေးဝါး ပြတ်လပ်မှူပြသာနာ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြသည်။ ထုတ်လှိုင်ရွာ သို့ ရိက္ခသွားယူစဉ် ရန်သူ မဆလ သစ္စာခံများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ (၃) ဦးဒါဏ်ရာရရှိခဲ့ကြသည်။ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရသော ချင်းတပ်မတော် အင်အား (၂၀) တို့သည် ဗန်းသဲရွာတွင် မဆလ ထံ အညံ့ခံခဲ့ကြတော့သည်။ ၄င်းတို့ အား အမှူ စီရင်ခြင်းမပြုပဲ တိုင်းမှူး ဗိုလ်မှူးချုပ် လှထွန်း၏ အမိန့်ဖြင့် ဗိုလ်ကြီးမောင်အေး ( နအဖ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ခဲ့သူ)က တန်းစီရပ် ခိုင်းပြီးအားလုံးပစ်သတ် လိုက်သည်။ အဆိုပါ ချင်းတပ်မတော် အင်အား ၁၂၀ အနက် (၄၆) ဦးသည် ကလေးထောင်သို့ အပို့ခံ ရပြီး (၄) ဦးသည် ဒါဏ်ရာရရှိခဲ့ကြသည်။ ကျန် (၄၀)ခန့်သည် လက်နက်ချ အသတ်ခံ ခဲ့ကြသည်။ဤသို့ ဖြင့် ချင်းလွတ် မြောက် ရေးတပ်မ တော်ခေါ် ချင်းအမျိုးသားတပ်မတော်သည်လည်း နလံ မထူနိုင်ဖြစ်တော့ သည်။

၁၉၆၆ ခုနှစ် မတ်လ (၁) ရက်နေ့တွင် မီဇိုအမျိုးသားတပ်ဦး ( Mizo National Front)မှ လွတ်လပ်ရေးကြေ ညာ ကာ အိန္ဒိယ အစိုးရအား တရားဝင်တော်လှန်ခဲ့ကြသည်။  မီဇိုအမျိုးသားတပ်ဦးသည် အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ပူးတွဲ စစ်ဆင်မှု ကြောင့် ၁၉၆၉ ခုနှစ်တွင် ဘင်္ဂလားဒေရှ် နိုင်ငံသို့ ပြောင်းရွေ့ခဲ့ကြရာတွင် ချင်း အမျိုးသားတချို့လည်းပါ၀င်ခဲ့ကြသည်။ အဆိုပါ ချင်းအမျိုးသားများက Zomi Liberation Front ကို ဖွဲ့ စည်းခဲ့ကြသည်။ ဥက္ကဌအဖြစ် ပူး တျာလ်ခါလ် (Tial Khal), ဒုတိယ ဥက္ကဌအဖြစ် ထောမ်လွယ် (Thawm Luai), နိုင်ငံခြား ရေးတာဝန်ခံအဖြစ် ထောင်ဆိုင်( Thawng Sai),တို့မှ ဆောင်ရွက်သည်။ ၁၉၇၂ ခုနှစ်တွင် ပူး တျာလ်ခါလ်နှင့် ပူး ဆွီတလိန်း (Sui Tling) တို့သည် ကေအိုင်အို ကချင်ထံ သွားရောက်တွေ့ဆုံခဲ့ကြပြီး  ZLF အား စစ်သင်တန်း ပေးရန် ဆွေးနွေးသဘောတူခဲ့ကြသည်။ သို့သော် တော်လှန်ရေးခရီးမပေါက် မြောက်ခဲ့ပေ။

ချင်းအမျိုးသားတပ်ဦး ( Chin National Front) ကို ၁၉၈၈ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်တွင် ယခင် Zomi Liberation Front အား Chin National Front အဖြစ်ပြောင်းလဲ မှည့် ခေါ်ခဲ့ကြသည်။ ဥက္ကဌ အဖြစ် ပူး တျာလ်ခါလ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပူး မန်ခုမ် (MangKhum) တို့ တာဝန်ယူခဲ့ကြသည်။ ၄င်းနှစ် နို၀င်ဘာလ တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ပူး နိုးထန်ကပ် ( No Than Kap) အား ကချင်လွတ် မြောက်ရေး အဖွဲ့ချုပ် ကေအိုင်အိုနှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဌာနချုပ်သို့ စေလွတ်ခဲ့ကြသည်။ သို့ဖြင့် ကချင် ခေါင်း ဆောင် ဘရန်ဆိုင်းနှင့် တွေ့ဆုံခဲ့ကြပြီး ပူးတွဲစစ်ဆင် ရေး၊ စစ်သင်တန်းပေးရေး ကိစ္စဆွေးနွေး သဘောတူခဲ့ကြသည်။ ပူး နိုးထန်ကပ်သည် ပူး တျာလ် ခါလ် ထံ ဥက္ကဌ နေရာ ပေးရန် တောင်းဆိုခဲ့ ရာပူး တျာလ်ခါလ်မှ နေရာဖယ်ပေးခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လမှ သြဂုတ်လအတွင် မြန်မာတပြည်လုံးဒီမိုကရေစီအုံကြွမှုကြောင့် မဆလ တပါတီ အာဏာရှင် အစိုးရ အဆုံးသတ် သွားခဲ့သော်လည်း စက်တင်ဘာလ (၁၈) ရက်နေ့တွင် စစ်တပ်ကနိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့အမည်ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ကြောင့် ချင်းကျောင်းသား မျိုးချစ်လူငယ်များ သည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ လမ်း ကြောင်း နှစ်ခု မှ ၀င်ရောက် လာကြသည်။ အိန္ဒိယ အစိုးရမှ မီဇိုရမ်ပြည်နယ် ဆိုင်ဟား နှင့် ကျန်ဖိုင် မြို့များတွင် ဒုက္ခ သည် စခန်းဖွင့်လှစ်နေရာချ ထားပေး ခဲ့သည်။ အဆိုပါ မျိုးချစ်လူငယ်များသည် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင် ငံဒီမိုကရက်တစ် တပ်ဦး ( အနောက်ဖက်ခြမ်း) Burma Democratic Front, Western ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသား တပ်ဦးခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန္နဝါရီ လတွင်ဘီဒီအက်ဖ် အား ဖျက် သိမ်းပြီး ချင်းအမျိုး သားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။

၁၉၈၉ ခုနှစ် မတ်လတွင် တပ်ဖွဲ့ဝင်တချို့သည် ကေအိုင်အိုထံ စစ်ပညာသင်ယူရန်နှင့် တပ်ဖွဲ့ဝင်တချို့ သည် နို၀င်ဘာလ တွင်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ စစ်ပညာသင်ယူရန်နှင့်ခြေကုပ်စခန်းရှာဖွေတည်ဆောက် ရန် အသီးသီး ထွက်ခွါသွားကြသည်။ သို့ဖြင့် ချင်းအမျိုးသားတပ်မတော် Chin National Armyမွေးဖွား လာခဲ့သည်။

၁၉၈၉ ခုနှစ် အောက်တိုဘာလတွင်တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှု ဖြစ်ပွားကာ ပူး နိုးထန်ကပ် ဦးဆောင်သော စီအဲန်အက်ဖ် နှင့် ပူး တျာလ်ခါလ် ဦးဆောင်သော စီအဲန်အက်ဖ်ဟု နှစ်ဖွဲ့ကွဲသွားခဲ့သည်။ အများစုသည် ပူး နိုးထန်ကပ် အား ထောက်ခံခဲ့ ကြသည်။ ပူး တျာလ်ခါလ် ဦးဆောင်သော စီအဲန်အက်ဖ်အဖွဲ့သည် ချင်း လွတ်မြောက်ရေး ကောင်စီအဖြစ် လှုပ်ရှားမှုပြု လုပ်ခဲ့သည်။ ချင်းလွတ်မြောက်ရေးကောင်စီကို ပူး ရိုဇထန်းမှ ဦးဆောင်ခဲ့ပြီး ယခုအခါ မှေးမှိန်သွား ခဲ့ပြီးဖြစ်သည်။

ဥက္ကဌ ပူး နိုးထန်ကပ်သည် ပါတီစည်းကမ်း ချိုးဖောက်မှုကြောင့် ၁၉၉၂ ခုနှစ်ဒီဇင်ဘာ (၉)ရက်နေ့တွင် ဖယ်ရှား ခြင်းခံရသည်။ ရော်ဂျာ အက်ဖ် ဗျက်လျန်ထန် Roger F. Biak Lian Thang ဦးဆောင်သော အမျိုးသားလုံခြုံရေး အရေးပေါ်ကော်မီတီက ပါတီတာ ၀န် အရပ်ရပ်ကို ဆက်လက်တာဝန်ယူခဲ့သည်။

၁၉၉၃ ခုနှစ် ဇွန်လ (၉)ရက်နေ့မှ စတင်ကျင်းပသော ချင်းအမျိုးသားတပ်ဦး၏ပထမအကြိမ်ပါတီညီလာခံ က ရော်ဂျာ အက်ဖ်ဗျက်လျန်ထန်း အား ဥက္ကဌအဖြစ်၄င်း၊ ဒုတိယဥက္ကဌအဖြစ် သောမတ်(စ) ထန်နိုး (Thosmas Thang Nou) အား ဒုတိယဥက္ကဌအဖြစ်၄င်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဘင်ဂျမင်သူရိန် Benjamin TuRing အား၄င်း ရွေးချယ်ခဲ့ကြ သည်။ ထိုနှစ် သြဂုတ်လမှ ပြည်သူအတွင်းစည်းရုံးရေးကျယ် ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပြီး စစ်ဆင်ရေးများ တခုပြီးတခု ဆင်နွဲ့လာ ခဲ့ကြသည်။

၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် ကျင်းပသော ပထမအကြီညီလာခံသက်တမ်း၊ တတိယ အကြိမ် ဗဟိုကော် မီတီ အစည်းအဝေးက ဥက္ကဌ ရော်ဂျာ ဗျက်လျန်ထန်၏ ဥက္ကဌမှနှုတ်ထွက်လွာတင် သွင်းမှု ကို အတည်ပြုပေးခဲ့ပြီး ဖွဲ့စည်းပုံ အရ သောမတ်(စ) ထန်နိုးသည် ဥက္ကဌ နေရာကိုတာဝန်ယူခဲ့ သည်။

၁၉၉၇ ခုနှစ် ဇွန်လ (၂၀) ရက်နေ့မှ ဇူလိုင်လ (၈) ရက်နေ့အထိ ဒုတိယအကြိမ်ပါတီညီလာခံကို ၀ိတိုရိယ စခန်းတွင် ကျင်းပခဲ့သည်။ ဥက္ကဌအဖြစ် ပူး သောမတ်(စ) ထန်နိုး၊ ဒုတိယဥက္ကဌအဖြစ် ဇင်ကျုံး၊အထွေ အထွေအတွင်းရေးမှူးအဖြစ် ဘင်ဂျမင်သူရိန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်ခွါအုပ်လျန်တို့ အားရွေးချယ်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်မတော်၏ ပထမဆုံးအကြိမ်တပ်မှူးညီလာခံကို ၁၉၉၇ ခုနှစ်အောက်တိုဘာလ (၁၅) ရက်နေ့တွင် ၀ိတို ရိယ စခန်းတွင် ကျင်းပခဲ့ရာ တပ်ဦး၏ လမ်းညွန်မှုကို ဦးထိပ်ထားကာ အမျိုးသား လွတ်မြောက် ရေးအောင်ပွဲခံ သည်အထိ ဒူးမထောက်၊လက်မမြှောက်စတမ်း တိုက်ပွဲဝင်ရန် သံဓိဌာန် ချမှတ်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦး၏ တတိယအကြီမ်ပါတီညီလာခံကို ၂၀၀၃ ခုနှစ် နို၀င်ဘာလအတွင်းကျင်းပရာ ဥက္ကဌအဖြစ် ပူး သောမတ်(စ) ထန်နိုး၊ ဒုတိယဥက္ကဌအဖြစ်ဇင်ကျုံး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ထန်ယဲန်း၊ တွဲဖက်အထွေထွေ အတွင်း ရေးမှူးအဖြစ် ဒေါက်တာရွေခါးတို့အား ရွေးချယ်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် အိန္ဒိယ -မြန်မာနှစ်နိုင်ငံ ပူးတွဲ စစ်ဆင်ရေးကြောင့် ၀ိတိုရိယစခန်းကျဆုံးခဲ့ပြီးနောက် ချင်းအမျိုးသားတပ်မ တော်သည် အိန္ဒိယ –မြန်မာနယ်စပ်တလျှောက်တွင်ပြောက်ကျားစခန်းများ တည်ဆောက် ပြီးဆက်လက်လှုပ်ရှားနေခဲ့ သည်။

ချင်းအမျိုးသားတပ်ဦး၏ စတုတ္ထအကြိမ်ပါတီညီလာခံကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယ- မြန်မာ နယ်စပ်တ နေရာ တွင်ကျင်းပခဲ့ရာ ဥက္ကဌအဖြစ် ဇင်ကျုံး၊ ဥက္ကဌ (၁) အဖြစ် သောမတ်(စ) ထန်နိုး၊ ဥက္ကဌ (၂) အဖြစ် ထန်ယဲန်း၊ အထွေ ထွေအတွင်းရေးမှူးအဖြစ် ပေါလ်စမစ်၊ အတွင်းရေးမှူး (၁)အဖြစ် ဒေါက်တာ ရွေခါး၊ အတွင်းရေးမှူး (၂) အဖြစ် အိပ်ချ်စီ ရာလ်နှင်း တို့အား ရွေးချယ်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားပြည်နယ်များကို အခြေခံသော ဖက်ဒရေပြည်ထောင်စုတည်ထောင် ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ပြန်လည်ရရှိရေး ရည်မှန်းချက်ဖြင့် ယနေ့ အထိတော်လှန်တိုက်ပွဲဝင် နေဆဲဖြစ်သည်။

ချင်းလူမျိုးများသည် ပင်လုံစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင်နယ်ချဲ့ဗြိတိသျှလက်အောက်မှ လွတ်မြောက် ခဲ့ကြသော်လည်း ဗမာလူမျိုးကြီး ၀ါဒီတစု၏ အုပ်ချုပ်မှုလက်အောက်သို့ ကျရောက်ပြန်သေကြောင့် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် တော် လှန်တိုက်ပွဲများဆက်လက် ၀င်ခဲ့ကြသည်။

Most read this week