ငွေတိုးကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်ခံနေရသည့် ၀ိတိုရိယ တောင်ခြေက ဒေသခံများ

ငွေတိုးကြောင့် လက်နက်ဖြင့် ခြိမ်းခြောက်ခံနေရသည့် ၀ိတိုရိယ တောင်ခြေက ဒေသခံများ
by -
ဇလပ်ထက်နီ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်သူ ငွေတိုးချေး လုပ်ငန်းလုပ်ကိုင်သူတစုက ငွေတိုးချေးဌားပြီး ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသူများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ အနိုင်ကျင့်နေ ...

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်သူ ငွေတိုးချေး လုပ်ငန်းလုပ်ကိုင်သူတစုက ငွေတိုးချေးဌားပြီး ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသူများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ အနိုင်ကျင့်နေသည်။

ငွေတိုးချေးစားသူ လူနည်းစုသည် ကန်ပက်လက်မြို့အခြေစိုက် ခြေလျှင်တပ်ရင်းအမှတ် (ခလရ ၂၇၄) မှ တပ်ရင်းမှ စစ်တပ်အရာရှိများကိုင်ဆောင်သည့် ၉ မမ ပစ္စတိုနှင့် အေကေ ၄၇ သေနတ်များကို ငှားရမ်းကိုင်ဆောင်ကာ ငွေတိုးပြန်လည် မပေးဆပ်နိုင်သည့်ဒေသခံများကို ခြိမ်းခြောက်ကာ အကြွေးတောင်းလေ့ရှိကြောင်း အမည်မဖော်လိုသူ ဒေသခံတဦးက ယခုလို ပြောဆိုသည်။

“စစ်သားတွေက ကန်ပက်လက်မြို့နယ်အမှတ် (၈) နယ်မြေမှာရှိတဲ့ ခင်ကျေးရွာက ဦးထန်းဟာကို ၉-မမ ပစ္စတိုတလက် နဲ့ အေကေ ၂ လက်၊ ဦးဟုန်းဟာကို အေကေတလက်နဲ ့ ဦးအန်းဟာ ကို အေကေတလက် ငှားထားကြတယ်။ သူတို့က သေနတ်ခါးချိတ်ပြီး ငွေးချေးသူတွေကို အမျိုးမျိုးခြိမ်းခြောက်ကြတယ်” ဟု ပြောဆိုသည်။

နအဖ စစ်အစိုးရအာဏာရပြီး ၁၉၉၄-ခုနှစ်တွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ၀ိတိုရိယတောင် (သို့) နတ်မတောင်အား အမျိုးသားဥယျဉ်အဖြစ်သတ်မှတ်ပြီးနောက် နိုင်ငံခြားခရီးသွားများ ဆွဲဆောင်ရန် လိုအပ်နေသည့် ဒေသလမ်းပမ်းဆက်သွယ်ရေးများ တိုးချဲ့လုပ်ဆောင်ခြင်းနှင့်အတူ ဟိုတယ်များဆောက်လုပ်ခြင်းများ လုပ်ဆောင်နေခဲ့သည်။

မြန်မာပြည်တခွင် နာမည်ကြီးသည့် ထိုဝိတိုရိယတောင်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁ သောင်းကျော်အထက်တွင်ရှိပြီး၊ ချင်းပြည်နယ်တွင် အမြင့်ဆုံးတောင် တခုလည်းဖြစ်သည်။

ခရီးသွားလုပ်ငန်းကိုအမှီပြုကာ စီးပွားရေးလုပ်ငန်းတချို့ တိုးတက်ဖွံ့ဖြိုးလာတော်လည်း တဖက်တွင် လူများစုနေထိုင်ရာ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်မူ ငွေကြေးချမ်းသာသူ လူတစုက ဆင်းရဲသူ ဒေသခံများထံ အဆမတန်ငွေတိုးချေးသည့် လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေသည်။

၁၉၈၈ - ခုနှစ်မတိုင်မီ ထိုဒေသတွင်း ငွေတိုးချေးစားသူ ငွေရှင်သူဌေး အနည်းစုသာရှိခဲ့ပြီး၊ မြန်မာကျပ်ငွေ ၁၀၀ တွင်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့်သာ ငွေတိုးချေးလေ့ရှိသည်။ ထိုအချိန်က ငွေတိုးချေးသူနှင့် ချေးဌားသူတို့အကြား တစုံတရာ ပြဿနာပေါ်ပေါက်ခဲ့ခြင်းတော့ မရှိခဲ့ပေ။

သို့သော် စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကန်ပက်လက်မြို့နယ်တွင် ငွေတိုး ချေးစားသည့်လုပ်ငန်း လုပ်ကိုင်သူ အရေတွက်မှာမူ လူတရာတွင် ၁၀ ဦးခန့်အထိ များပြားလာခဲ့ပြီး၊ ငွေတိုးနှုန်းမှာလည်း ကျပ် ၁၀၀ တွင် အတိုးနှုန်း ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်။ ထို့အတွက် အတိုးချေးယူသူများအဖို့ ပြန်လည်ပေးဆပ်ရာတွင် ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်။

အိမ်ခြေစုစုပေါင်း ၃၀၀၀ ကျော်ရှိပြီး၊ နေထိုင်သူ လူဦးရေ ၂ သောင်းကျော်ရှိ ကန်ပက်လက်မြို့နယ်တွင် နေထိုင်သူအများစုသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုအနက် ထိုမြို့သည် အဆင်းရဲဆုံးမြို့နယ်ဟု ယူဆနိုင်ကြောင်း Lawknu ဖွံ ့ဖြိုးရေးစီမံကိန်း အင်တာနက်စာမျက် နှာတွင်ဖေါ်ပြ ထား သည်။

တောင်ယာမှထွက်သည့် ဆပ်နီပြောင်းတမျိုးကိုသာ စားသုံးသူ ဒေသခံများအနေဖြင့် လိုအပ်သည့် ဆန်များကို ကန်ပက်လက်မြို့မှ ၁၂ မိုင်ကွာဝေးသည့် မကွေးတိုင်း၊ ဆောမြို့သို့ ဆင်းကာ ၀ယ်ယူစားသောက်ကြရသည်။

ထိုဒေသခံအများစုသည် တနိုင်တပိုင် အိမ်မွေးတိရစ္ဆာန် နွားနောက်များကိုလည်း မွေးမြူကြသည်။ အခြားဝင်ငွေရစေမည့် စီးပွားရေးလုပ်ငန်းများ မရှိသည့်အဆုံး မိသားစုစားဝတ်နေရေးဖူလုံရေးအတွက် ငွေတိုးချေးသူများထံမှ အလွဲမရှောင်သာပဲ အဆမတန် ငွေချေးသုံးနေကြရသည်။

ငွေချေးသူများအနေဖြင့် အချိန်တန် ငွေတိုးပေးရန် သို့မဟုတ် ငွေအရင်းအနှီးကို ပြန်လည်ပေးဆပ်ရန် မရှိသည့်အကြိမ်များတွင် ငွေချေးသူများက ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းကာ လက်နက်ပြခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသည်။

“ပန်ကွား ရွာသား ဦးလောကွီးတော့ ငွေရှင်တွေရဲ့သေနတ်ပြခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားသလိုလိုတောင်ဖြစ်တယ်” ဟု ဒေသခံများကဆိုသည်။

ငွေတိုးမပေးဆပ်နိုင်သူများထံမှ လယ်ယာသိမ်းပိုက်ခြင်း၊ အိမ်မွေး တိရစ္ဆာများသိမ်းယူခြင်းအပြင်၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကိုပါ သိမ်းဆည်းလေ့ရှိသည်။ ထို့အပြင် ငွေချေးယူသူများထံမှ အရွယ်မရောက်သေးသည့် လူမမယ်ကလေးငယ်များကိုပါ အိမ်တွင် ခိုင်းစေရန်နှင့် အခြားလုပ်ငန်းများတွင် ခိုင်းစေရန် သိမ်းပိုက်ကြကြောင်း သတင်းများထွက်ပေါ်နေသည်။

“အကြွေး မပေးနိုင်ရင် ရိုက်နှက်တယ်၊ ပြီးမှ ငွေတိုးနဲ့ တန်တဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို မှီရှင်မှီစားကြား ညှိနှိုင်းခြင်းမရှိဘဲနဲ့ အဓမ္မသိမ်းဆည်းတယ်။ တချို့ ယောက်ကျားလေး တွေကိုတော့ အကြွေးကြေတဲ့အထိ အိမ်စေအဖြစ် ထားတယ်” ဟု ချင်းပြည်နယ် ကန်ပက်လက်ဒေသခံက ၎င်းတို့လက်ရှိတွေ့ကြံုနေရသည့် လူမှုဒုက္ခတချို့ကို ပြန်လည်ပြောပြသည်။

ယနေ့အထိ ကန်ပက်လက်မြို့နယ်အတွင်း ငွေရှင်သူဌေးများက ငွေအတိုးယူပြီး ပြန်မဆပ်နိုင်သည့် ဆင်းရဲသားမိသားစုဝင်များ၏ သားသမီးများကို လက်ရသိမ်းဆည်းခြင်းသည် ယခုအခါတွင် အိမ်ထောင်စု ၂၅ ၀န်းကျင်အထိရှိနေသည်။

ထို့အပြင် ငွေကြေးပမာဏနှင့် တူညီသည့် ပစ္စည်းပိုင်ဆိုင်မှုမရှိသူများကို ရိုက်နက်ခြင်းနှင့် ဒေသခံ အာဏာပိုင်များလက်ထဲအပ်နှံကာ အချို့ကို ထောင်ဒဏ် ၁-လမှ ၃ လအထိ အပြစ်ပေးလေ့ရှိသည်။ အချို့ဒေသခံများမှာမူ စိတ်ပျက်ခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် နေအိမ်စွန့်ခွာကာ အခြားဒေသများသို့ ပြောင်းရွှေ့သွားခြင်းများလည်းရှိကြောင်း သိရသည်။

အကြွေးပြန်လည်မဆပ်နိုင်သူ ကန်ပက်လက်မြို့နယ်အတွင်းရှိ အမှတ် ၆ နှင့် ၈ နယ်မြေ နေထိုင်သူ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်းခံရပြီးနောက် အာဏာပိုင်များ၏ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရသူများလည်း ပါ၀င်နေသည်။

ယခုလို မင်းမဲ့စရိုက်ကျင့်သုံးနေသည့် လူနည်းစု ငွေကြေးရှင်များကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူတစုမှာ ထိုဒေသတွင်းလုံခြံုရေးအကြောင်းပြ ရောက်ရှိနေသည့် နအဖ စစ်တပ်မှ အရာရှိတချို့ ပါ၀င်ပတ်သက်နေခြင်းပင်။

စစ်အစိုးရသည် ကန်ပက်လက်မြို့နယ်အတွင်းရှိ ၀ိတိုရိယတောင် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အမြတ်အစွန်းများကိုသာ အထူးအာရုံစိုက်ပြုလုပ်နေသော်လည်း ၀ိတိုရိယတောင်ကို ၀န်းရံနေထိုင်နေကြသည့် ဒေသခံများ၏ လူမှုဒုက္ခများကိုမူ လစ်လျှူရှုနေသည်မှာ ထင်ရှားနေသည်။