ရွေးကောက်ပွဲတွင် လုံးဝအနိုင်ရမည်ဟု စစ်အစိုးရဘက်ခံ ပါတီက တထစ်ချ ပြောဆိုနေ

ရွေးကောက်ပွဲတွင် လုံးဝအနိုင်ရမည်ဟု စစ်အစိုးရဘက်ခံ ပါတီက တထစ်ချ ပြောဆိုနေ
by -
ဇလပ်နီ

ချင်းပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် စစ်အစိုးရဘက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မှ ကိုယ်စားလှယ် လောင်းများက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရမည်ဟု တထစ်ချ ပြောဆို....

ချင်းပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် စစ်အစိုးရဘက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) မှ ကိုယ်စားလှယ် လောင်းများက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရမည်ဟု တထစ်ချ ပြောဆို နေကြသည်။

“သူတို့က ငါတို့နောက်ကွယ်မှာ အစိုးရရှိတယ်။ မဲမပေးရင်လည်း အာဏာရမှာပဲလို့ ပြောနေကြတယ်” ဟု ချင်းပြည်နယ် ထန်တလန် မြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံ လူငယ်တဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ထန်တလန်မြို့နယ်အတွင်းရှိ လုံကြွေးသဲ ကျေးရွာတွင် ကြံ့ဖွံ့အဖွဲ့ဝင် ၅ ဦးပါဝင်သည့် လူထု စည်းရုံးရေး ဆင်းစဉ်အတွင်း ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ထိုလူငယ်က ပြောသည်။

ပြည်ခိုင်ဖြိုးတဖြစ်လည်း ကြံ့ဖွံ့အသင်း အခွံလဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ချင်းပြည်သူများက အားပေး ထောက်ခံရန် ဆန္ဒမရှိပေ။ USDP သည် ပြည်သူ့ဘဏ္ဍာကို ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွက် အလွဲသုံး သူများအဖြစ် ပြည်သူများ အကြား နာမည်ကြီးသူများ ဖြစ်နေသည်။

အာဏာရမည်ဟု လုံးဝသေချာနေသည့် ၎င်းပြောစကားက လာမည့်ရွေးကောက်ပွဲကို ပြုလုပ်ရန် တစုံတရာလိုအပ်နေဦးမည်လောဟု ချင်းပြည်သူများက မေးခွန်းထုတ်နေကြသည်။

စက်တင်ဘာလမှ စတင်ကာ ချင်းပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးက ရွေးကောက်ပွဲ အနိုင်ရရှိရေး အတွက် နေရာအနှံ့ စည်းရုံးရေးဆင်းနေကြသည်။

ယခုလို နယ်လှည့်စည်းရုံးရေးဆင်းရာတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းများက လုံခြုံရေးအပြည့်ယူကာ ဒေသခံကျေးရွာများ၏ ရယက ဥက္ကဌများ နေအိမ်များတွင် တည်းခိုခြင်းဖြင့် ၎င်းတို့စားသောက်စရိတ်များကို ဒေသခံများထံမှ ပြန်လည်ကောက်ခံခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

“ဥက္ကဌ အိမ်မှာတည်းကြတယ်။ ဥက္ကဌက သူတို့စားထားတဲ့ဟာကို ရွာသားတွေဆီမှာ ပြန်ကောက်တာဗျ၊ ပြီးတော့ သူတို့က စစ်သား တွေ၊ ရဲတွေနဲ့ လာကြတာ” ဟု အဆိုပါ လူငယ်က ပြောသည်။ သို့သော် အခြားသော နိုင်ငံရေးပါတီများကမူ မိမိပါလာသော အိတ်ကို ထမ်းကာ၊ အိတ်စိုက်ငွေများဖြင့် ခက်ခက်ခဲခဲ နယ်လှည့် စည်းရုံးနေကြရသည်။

စက်တင်ဘာလ ၇ ရက်နေ့၊ ထန်တလန်မြို့နယ်အတွင်း စည်းရုံးရေးခရီးစဉ်တခုတွင် ချင်းပြည်နယ် ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ နှင့် ထန်တလန်မြို့နယ် အေးချမ်းသာယာရေးကောင်စီဥက္ကဌ အပါအ၀င် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တို့က ဒေသခံများကို ယခုလို မက်လုံးပေး စည်းရုံးပြောဆိုကြကြောင်း အမည်မဖော်လိုသူ ဒေသခံ ရယက ဥက္ကဌ တဦးက ဆိုသည်။  
“နိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်တော့မယ်။ ပြည်ပရောက် ချင်းခေါင်းဆောင်တွေလည်း ၀င်လာကြတော့မယ်။

အခုရွေးကောက်ပွဲမှာတော့ ကျတော်တို့ပါတီကိုမဲပေးကြပါ။ နောင်ရွေးကောက်ပွဲတွေကျရင် သူတို့ကို မဲပေးကြပါလို့ ပြောကြတယ်” ဟု ပြောသည်။ ထို့အပြင် လာမည့် ရွေးကောက်ပွဲသည် အကောင်းဆုံးမဖြစ်သော်လည်း ပြည်သူအများတောင်းဆိုနေကြသည့် ဒီမိုကရေစီ စနစ်သို့ တဖြည်းဖြည်း တွန်းပို့ရန် လမ်းစဖြစ်ကြောင်းလည်း ၎င်းတို့ကိုယ်စားလှယ်များက ဆိုသည်။

သို့သော် ဒေသခံ အစိုးရ ၀န်ထမ်းတဦးကမူ ထိုကဲ့သို့ပြောဆို စည်းရုံးနေခြင်းအပေါ် “လှည့်စားနေတာပါ။ ယုံနိုင်စရာမရှိပါဘူး” ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် ကြံ့ဖွံ့ပါတီမဟုတ်သည့် နိုင်ငံရေး ပါတီအများစုသည် ကိုယ်စားလှယ်တဦးအတွက် ကော်မရှင်ကိုပေးသွင်းရမည့် ကျပ်ငွေ ၅ သိန်းကြောင့် အခက်အခဲတွေ့နေကြရာ ယခင်လျာထားသည့် ကိုယ်စားလှယ်လောင်းဦးရေကို ထက်ဝက်နီးပါး လျော့ချကာ ၀င်ရောက်အရွေးခံကြတော့မည်ဖြစ်သည်။

ချင်းပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေးပါတီသည် ယခင်ကကိုယ်စားလှယ်လောင်း ၅၀ ကျော်ယှဉ်ပြိုင်ရန် လျာထား ခဲ့သော်လည်း အနက် ၄၂ ဦးသာစာရင်းပေးသွင်းနိုင်ခဲ့ပြီး၊ ချင်းအမျိုးသားပါတီအနေဖြင့်လည်း  ၃၅ ဦးလျာထားသည့်အနက် ၂၂ ဦးသာ တင်သွင်းနိုင်ကြတော့သည်။

“အမတ်လောင်းကြေး ငါးသိန်းဟာ ကျနော်တို့အတွက် သိပ်ကိုများ လွန်းပါတယ်။ ပြီးတော့ ကော်မရှင်က သတ်မှတ်ထားတဲ့ အချိန် ဟာလည်း တကယ်ကို တိုတောင်း လွန်းပါတယ်။ ဒါကြောင့် ကျနော်တို့ ရည်ရွယ်ထားသလို ဖြစ်မလာနိုင်တော့ဘူး” ဟု CNP ပါတီ၏ အထွေထွေအတွင်းရေးမှူးက ငြီးတွားကာဆိုသည်။  သူက “ရွေးကောက်ပွဲကော်မရှင်အပေါ်မှာလည်း ကျနော်တို့ အတော်လေးကို စိတ်ပျက်မိတယ်” ဟု ပြောသည်။

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း USDP ပါတီ အပါအ၀င် ချင်းပါတီ ၃ ခုနှင့် အမျိုးသားဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့ အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင် နေကြသော်လည်း မဲဆန္ဒနယ်တချို့တွင်သာ ယှဉ်ပြိုင်နိုင်ကြတော့မည်ဖြစ်သည်။

“ဒီရွေးကောက်ပွဲက မိမိတို့အခွင့်အရေး များများမရှိဘူး။ အခွင့်အရေးနည်းနည်းကို အတတ်နိုင်ဆုံးယူရမယ်။ ကိုယ့်အမျိုးသား ပြည်သူတွေအတွက် ရသလောက်တော့ လုပ်သင့်တယ်” ဟု အီးအဲန်ဒီပီ ပါတီခေါင်းဆောင်တဦးက ပြောသည်။ စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ်သည့် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု ပြောနေကြသော်လည်း ၎င်းတို့ကိုယ်တိုင် ပြည်သူ့ ချဉ်ဖတ်ဖြစ်နေကြောင်းကိုမူ ကိုယ်စီ သိနေကြသည်ဟု ဒေသခံအများစုအကြား ပြောဆိုနေကြသည်။

အကြောင်းရင်းခံမှာ စစ်အစိုးရသည် ပြည်သူအား နှစ်ပေါင်း ၂၀ ကျော်ကြာ နည်းအမျိုးမျိုးဖြင့် ဖိနှိပ်လာခဲ့သည်က တကြောင်း၊ နအဖ အခွံလဲ USDP သည် စစ်အစိုးရကခေါင်းဆောင်ပိုင်းက စစ်ယူနီဖောင်းချွတ်သူများပါဝင် ဖွဲ့စည်းထားသည့် ပါတီဖြစ်နေသောကြောင့် ဖြစ်သည်။  “အမှန်ဆိုယင် ပြည်သူတွေက စစ်အစိုးရကို ငြီးငွေ့နေပါပြီ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ကတော့ ကျတော်ထင် တယ်။ USDP မဲရမှာ မဟုတ်ဘူး” ဟု ကျေးရွာတခုမှ ရယက ဥက္ကဌ တဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့ ကစတင်ကာ ချင်းပြည်နယ် အခြေစိုက် ဖလမ်းမြို့ရွေးကောက်ပွဲကော်မရှင်က ခရီးဝေးသွားကြမည့် ကြံ့ဖွံ့ပါတီဝင်များနှင့် အခြားသေသများသို့ အပြောင်းအရွှေ့ကျ အစိုးရ၀န်ထမ်းများထံမှ ကြိုတင်မဲများ ကောက်ခံခဲ့သည်။ “ကြံ့ဖွံ့ ပါတီ ၀င်တွေအတွက် သတ်သတ်လုပ်တာပါ။ မဲဘယ်လောက်ရရှိတယ် ဆိုတာ ကြိုသိချင်လို့ပါ” ဟု မြို့ နယ်ကော်မရှင် အဖွဲ့ဝင်တဦးက ပြောသည်။ စီပီပီပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဖြစ်သူ ဦးနာ့ထန်းကမူ “ကြိုတင်မဲပေးဖို့ သက်ဆိုင်ရာက တရားဝင် အကြောင်းကြားတာမရှိဘူး။ ကော်မရှင်နဲ့ USDP တွေ အချင်းချင်းနားလည်မှုနဲ့ လုပ်သွားတာပါ” ဟု ဆိုသည်။

ယခုလိုကြိုတင်မဲကောက်ခံရာတွင် မဲထည့်ဝင်သူ ကြံ့ဖွံ့အဖွဲ့ဝင်များ၏ ဆန္ဒမဲ စုစုပေါင်း ၂၀ ခန့်သာ ရရှိထားသည်။  ဖလမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဖလမ်းမြို့နယ် စိုက်ပျိုးရေးရုံးတွင် ဖွင့်လှစ်ထားပြီး၊ မြို့နယ်ကြံ့ဖွံ့အသင်းရုံးကိုမူ ဖလမ်းမြို့ လူသူ စည်ကားရာ မြို့လယ်ခေါင်တွင် ဆောက်လုပ်နေသည်။

မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဝင်များက ၎င်းဒေသရှိ တောင်သူများကို အတိုးနှုန်းများဖြင့် ချေးငွေ ထုတ်ပေးလျက်ရှိရာ ချေးငွေထုတ်ယူသူ မိသားစုဝင်များသည် အလိုအလျောက်ကြံ့ဖွံ့ ပါတီဝင်အဖြစ် သတ်မှတ်ခြင်း ခံရကြောင်း ကလေးမြို့ ဒေသခံတဦးကဆိုသည်။

ငွေတိုးဖြင့် ချေးယူထားသူ တောင်သူများကို စပါးရိုတ်သိမ်းချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်များထံ ချေးငွေများ အကုန်ပေးချေရ မည်ဖြစ်ပြီး၊ လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ ပါတီက တနိုင်ငံလုံးအနိုင်ရနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီးကာ အရှုံးပေါ်ပါကလည်း လက်ရှိ အစိုးရအနေဖြင့် နည်းမျိုးစုံအသုံးပြုပြီး အနိုင်ရရှိကြောင်း ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပေးလာသည့် မည်သည့် အခွင့် အရေးကိုမဆို လက်မလွတ်ကြဘဲ ရယူကြရန် စဉ်းစားသင့်ကြောင်း ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များက စည်းရုံးသိမ်းသွင်း ပြေဆိုနေသည်။

“ကျနော်တို့ရွာဖက်မှာတော့ အခုလို ကြံ့ဖွံ့ပါတီတွေ အခုလို ငွေထုတ်ချေးပေးတာမျိုးတော့ မရှိသေးဘူး။ ဒို့ရွာဟာဆိုရင် အိမ်ခြေ ၁၀၀၀ ကျော်ရှိတယ်။ ခက်တာက ပြည်သူပြည်သားအားလုံး လိုလိုက ချင်းလူမျိုးများဖြစ်ကျတယ်လေ” ဟု အမည်မဖော်လိုသူ ကလေးမြို့နယ် လက်ပံချောင်း ရွာသားတဦးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းမှစတင်ကာ ကြံ့ဖွံ့ပါတီသည် ၎င်းတို့ပါတီဝင်အရေအတွက် အများအပြားရရှိရေးအတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကလေးခရိုင် နှင့် တမူးခရိုင်တို့ရှိ တောင်သူများကို အတိုးဖြင့် ချေးငွေထုတ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ချေးငွေ ထုတ်ပေး ရာတွင် အသက် ၁၈ နှစ်ပြည့်သူ (မဲထည့်ဝင်နိုင်သည့်အသက်အရွယ်) အများစု နေထိုင်ကြသည့် တောင်သူမိသားစုများကို ဦးစား ပေးခဲ့သည်။