သူမအသက်အရွယ်ကိုကြည့်မယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခိုပြီး သူငယ်ချင်းတွေနဲ့အတူ စာသင်ကျောင်းမှာ ကျောင်းစာ သင်ကြားရမယ့် အရွယ် လေးပါ။ ဒါပေမဲ့ အသက်ရွယ်နဲ့ မလိုက်အောင် သူမရုပ်ရည်ကတော့ နေထိပန်းတပွင့်လို စိုပြေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူးလို့ ခြေကုန်လက်ပန်းကျ နွမ်းလျနေဘိသကဲ့သို့ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အိန္ဒိယ-မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ အိုက်ဇောလ်မြို့ကို ရောက်ရှိလာခဲ့တဲ့ သူမဟာ မိသားစု စားဝတ်နေရေး အတွက် တလ အိန္ဒိယ ရူပီးငွေ ၁ဝဝဝ (မြန်မာငွေ ၂၅၀၀၀ ကျပ်) နဲ့ မိသားစု အိမ်တအိမ်မှာ အိမ်ဖော် အဖြစ် လုပ်ကိုင် နေသူတဦးပါ။
“မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို့ ဒီဘက်ကိုထွက်လာပြီး အိ်မ်ဖော် အလုပ်လာလုပ်တာပါ။ ကျပ်ငွေ ၂၅ဝဝဝ ကျော်ဆိုတော့ မြန်မာပြည်က မိဘတွေဆီကို အနည်းကျင်းတော့ ပို့ နိုင်တာပေါ့နော်” ဟု သူမက ဆိုသည်။
ရရှိတဲ့ လခငွေလေးကို မသုံးရက်ဘဲ မြန်မာပြည်က မိသားစုကို တလ ကျပ်ငွေ ၁ဝဝဝဝ ခန့် ပုံမှန်ပြန်ပို့လေ့ရှိတယ်လို့လည်း သူမက ပြောပါတယ်။
အိမ်ဖော် အလုပ်ဆိုတဲ့အတိုင်း အိမ်ရှင်မိသားစုတွေရဲ့အဝတ် အစားတွေကို နေ့တိုင်း လျှော်ဖွတ်၊ ထမင်း၊ ဟင်းချက်ပြုတ်၊ အိမ်မှုကိစ္စမှန်သမျှကို သူမတဦးတည်း ဒိုင်ခံ လုပ်ကိုင်နေရတာပါ။
မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ချောင်လည်စေဖို့အတွက် ပင်ပန်းတဲ့ဒဏ်ကို ခဏတာ မေ့လျော့ထားပြီး ကြိုးစားရုန်းကန်နေရသူပါ။
သူမအတွက် အားလပ်ရက်ဆိုလို့ တနင်္ဂနွေနေ့ တရက်ပဲ ရှိတာမို့ အဲဒီနေ့မှာ ဘုရားကျောင်းတက် ၀တ်ပြုအပြီး အိမ်ပြန်ရောက်တာနဲ့ ထုံးစံအတိုင်း ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းနဲ့ တနေ့တာ အားလပ်ရက် ကုန်ဆုံးသွားပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသမှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ သူမလို အိမ်ဖော် ၀င်ရောက်လုပ်ကို်င်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀၀ ထက်မနည်း ရှိပါတယ်။ အများစုဟာ ချင်းလူမျိုးတွေဖြစ်ပြီး၊ အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်က လာကြပါတယ်။
အိမ်ဖော် လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်သူတွေရဲ့ ပျမ်းမျှလစာဟာ တလမှာ ရူပီး ၈၀၀ ကနေ ၁၂၀၀၀ အထိ ပုံမှန် ရရှိကြပါတယ်။ နေ့တွက် စရိတ်နဲ့ တွက်ကြည့်ရင် တနေ့ ရူပီး ၃၀ သာသာ ရှိတဲ့အတွက် ကမ္ဘာမှာ လုပ်အားခ အနည်းဆုံး ရရှိကြသူတွေလို့လည်း ပြောနိုင်ပါတယ်။
ခုလို အိမ်ဖော် လုပ်ကိုင်သူတွေထဲမှာ မြန်မာပြည်က တက္ကသိုလ်နဲ့ ကောလိပ်အဆင့်ရှိသူ ကျောင်းသူတချို့လည်း ရှိကြပါတယ်။ ကျောင်းဆက်တက်နိုင်ရေးအတွက် လိုအပ်တဲ့ ကျောင်းစရိတ်တွေကို အိမ်ဖော် လုပ်ရင်း ရှာဖွေစုဆောင်းနေရတာပါလို့ ကလေးမြို့နယ်၊ ပျဉ်းတော်ဦး ရွာက ချင်းအမျိုးသမီး ပွီးသဲက အခုလို ပြောပြပါတယ်။
“တက္ကသိုလ်လည်း ဆက်တက်ချင်တယ်။ အိမ်ကလည်း အဆင်မပြေဘူး ဆက်မထားနိုင်တော့ဘူးလို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ဒီဘက်ကို လာပြီး ကျောင်းစရိတ် အတွက် အလုပ် လာလုပ်နေရတာပါ” ဟု သူမ အခြေအနေကို ပြန်ပြောပြနေသည်။
သူမဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ၁၀ တန်းစာမေးပွဲ အောင်မြင်ခဲ့သူ ဖြစ်ပေမယ့် မိသားစု စားဝတ်နေရေးခက်ခဲမှုကြောင့် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားဖို့ အရေးကို ခေတ္တ ရပ်နားလိုက်ရတာပါ။
ပြည်ပမှာ အိမ်ဖော် လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြံုမှုမရှိတဲ့အပြင် ကြိမ်ဖန်များစွာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု များလည်း ကြံုတွေ့နေကြပါတယ်။
လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က၊ အိုင်ဇောလ်မြို့၊ ဇာကော့တ် ရပ်ကွက်၊ မိသားစုအိမ်တခုမှာ အိမ်ဖော် လုပ်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဇာတိဖြစ်တဲ့ ဘွဲနိုက်ဆုန်း အသက် (၁၉)နှစ် ကို ဒေသခံတဦးက သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီအဖြစ်ပျက်ဟာ လက်ရှိ အိမ်ဖော်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေအတွက် ခြိမ်းခြောက်မှု တခုဖြစ်နေသည့်အပြင်၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် တွေးကာ အရဲစွန့်ပြီး လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေမတည်မငြိမ်မှု ဂယက်ကြောင့် အဖက်ဖက်က ချို့တဲ့နေတဲ့ ပြည်သူလူထုတွေဟာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေကို လတ်တလော ဖြေရှင်း နိုင်ရေး အတွက် နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြပါတယ်။
လူဦးရေ ၀ ဒသမ ၈၉ သန်းရှိတဲ့ မြန်မာ့ အိမ်နီးခြင်းနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မှာ ဒေသထွက်ကုန်ဆိုလို့ ၀ါး၊ ဂျင်းနဲ့ ငရုတ်သီး စတဲ့ သီးနှံတွေသာ ထွက်ပါတယ်။ ဒါပေမယ့် အိမ်တိုင်းလိုလိုမှာ လျှပ်စစ် အသုံးအဆောင်တွေဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာတွေကို တွေ့နိုင်ပါတယ်။
မိသားစု တစုမှာ အစိုးရဝန်ထမ်း တယောက်ရှိရင် အပိုဝင်ငွေ မရှိခဲ့ရင်တောင် မိသားစု စားဝတ်နေရေးက အဆင်ပြေနေပြီး၊ အတင့်တင့် နေနိုင်တာကို တွေ့နိုင်ပါတယ်။
အခုလို ဖြစ်နေတာဟာ ဒီမိုကရေစီကိုအခြေခံထားတဲ့ နိုင်ငံဖြစ်နေတာက တကြောင်း၊ ပြည်နယ်ကို အုပ်ချုပ်တဲ့ အစိုးရခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လို့လည်း ယေဘုယျ ထင်မြင်သုံးသပ်နိုင်ပါတယ်။
တချိန်က သယံဇာတပေါကြွယ်ဝပြီး၊ ချမ်းသာတဲ့ နိုင်ငံအဖြစ် ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နိုင်ငံရေးက မတည်ငြိမ်၊ ကုန်စျေးနှုန်းက တရိပ်ရိပ်တက်၊ ရရှိတဲ့ လစာနဲ့ မမျှတဲ့အတွက် လူထုဟာ ဆင်းရဲတွင်းထဲ ရောက်နေပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၅ သောင်းကနေ ၁ သိန်းအကြား ရှိတယ်လို့ လူ့အခွင့်အရေး အစီရင်ခံစာတချို့မှာ ဖော်ပြထားပါတယ်။
လက်ရှိ မီဇိုရမ်ပြည်နယ်ကိုရောက်လာကြတဲ့ မြန်မာနိုင်ငံသားအများစုတွေဟာ နေ့စားအလုပ်တွေဖြစ်တဲ့၊ စားပွဲထိုး၊ လွှဆွဲ၊ အိမ်ကူ၊ ယက်ကန်း၊ အရက်ချက် စတဲ့လုပ်ငန်း တွေမှာ ၀င်ရောက် လုပ်ကိုင်နေကြပါတယ်။
ကျောင်းပညာ သင်ယူတဲ့အရွယ်မှာ တိုင်းတပါးကိုထွက်ခွာပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ လူငယ်တွေဟာ အမှန်တကယ်တော့ အတောင်မစုံခင် မိခင်အသိုက်အမြံုကို စွန့်ပြီး မိုးပေါ်ပျံသန်းနေကြတဲ့ အပျံသင်စ ငှက်တွေလိုပါပဲ။