တောင်ကုန်းတောင်တန်းတွေနဲ့ ထူထပ်ပြီး ကယားပြည်နယ် ဒီးမောဆိုမြို့နယ်က ဒေါခူသွဲ့ဆိုတဲ့ ကျမတို့ရဲ့ ရွာလေးတရွာမှာပေါ့။ အသက်၁၅ နှစ်ရှိပြီဖြစ်တဲ့ မော်မီမြာက ကျောင်းမှာ ပညာသင်ကြားနေရမည့်အချိန် ကျောင်းမသွားပဲ မိခင်နှင့်အတူ ခြံထံသို့ ပျိုးနုတ်ဖို့ သွားနေရရှာပါတယ်။
ထီးဖိုးကလိုးရွာရှိ အလယ်တန်းကျောင်းသို့ မနက်ခင်းကျောင်းသို့ သွားနေကြတဲ့သူမအရွယ် ကျောင်းသူ/သား တွေ ကို မြင်နေရပါတယ်။ သူမကတော့ သူမရဲ့ သူငယ်ချင်းတွေကို ငေးမောကြည့်ရင်း မိခင်နောက်သို့ ခပ်သွက်သွက် လိုက်သွားရရှာပါတယ်။
သူမက “ကျမကျောင်းတက်ချင်ပါတယ်၊ ဒါပေမဲ့ မိဘကိုကူလုပ်မဲ့သူမရှိဘူးလေး။ မောင်လေးတွေ ညီမလေး တွေလည်း ရှိသေးတယ်ဆိုတော့ သူတို့ကျောင်းတက်ရဖို့ အမေနဲ့အတူ ခြံထဲသွားပြီး လုပ်ကူပေးရတယ်” ဟု သိမ်ငယ်နေတဲ့မျက်နှာနဲ့ ကျမကို ပြောပြပါတယ်။
သူမက (၈) တန်းထိ ပညာသင်ကြားခဲ့ပြီး မိခင်ကိုအလုပ်တဖက်ကူညီနိုင်ဖို့ (၂၀၁၂) ခုနှစ်မှာ ကျောင်း ထွက်ခဲ့ရပါတာ ဖြစ်ပါတယ်။ သူမမှာ မောင်နှမ (၄) ယောက်ရှိတာဖြစ်ပြီး သူမက အကြီးဆုံး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက (၂၀၁၁-၉လပိုင်း) ချိန်က (အရက်အလွန် အကျွံသောက်ခြင်း) ကြောင့် ဆုံးသွားတာဖြစ်လို့ မိသားစု ဘဝဝမ်းစာရေးအတွက် မိခင်ဖြစ်သူက တယောက်တည်း ရုန်းကန် ကျွေးမွေးနေရခြင်းဖြစ်ပါတယ်။
သူမအနေနဲ့ မိခင်ဖြစ်သူကို မကူညီဘူးဆိုရင် နေ့စားအလုပ်လုပ်တဲ့သူ ခေါ်ရပါမယ်။ အဲလိုဆိုရင် တနေ့လျှင် တယောက် လေးထောင်ကနေ ငါးထောင်အထိပေးရမှာဖြစ်လို့ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေဖြစ် နေပါတယ်။
သူမအတန်းတက်ဖြစ်မယ်ဆိုရင် မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ သွားတက်ရမှာဖြစ်လို့ မတက်နိုင်ဘူးလို့ ပြောပါတယ်။
အဲဒါကြောင့် မော်မီမြာက ကျောင်းတက်ချင်လျက်နဲ့ မိဘကို ယခုလို ကူညီရတာလို့ သူမက ပြောပါတယ်။ စပါးစိုက်ချိန်မှာ စပါးလိုက်စိုက်တာတွေ၊ ခြံလုပ်ငန်းမှာဆိုရင် မြေပဲစိုက်တာတွေ၊ ပြောင်းစိုက်တာတွေ လုပ်ရပါတယ်။
တဖက်မှာလည်း အိမ်မှာဆိုင်ငယ်လေးတဆိုင်ဖွင့်ပြီး အရက်နဲ့ မုန့်နည်းနည်းပါးပါး တင်ရောင်းထားတာကို တွေ့ရပါတယ်။ ခြံထဲမှပြန်လာရင် ဆိုင်လေးပြန်လာဖွင့်ပြီး ခြံထဲမသွားတဲ့နေ့မျိုးတွေမှာ ဆိုင်တနေကုန်ဖွင့် ထားလို့ ရသလောက်ငွေများကို စုထားပြီး ညီငယ်ညီမငယ်လေးများကို ထောက်ပံ့ရပါတယ်။
မော်မီမြာတို့ရဲ့အိမ်ဟာ ဝါးထရံနဲ့ကာထားပြီး အမိုးကို သက်ကယ်ဖြင့် တည်ဆောက်ထားတဲ့ အိမ်လေးတလုံးဖြစ်ပြီး ပြီးပြည့်စုံလှတဲ့ အိမ်မဟုတ်လောက်ပေမဲ့ မိသားစုအတွက် ခိုနားစရာလေးတခုပါ။
ကျမတို့ရွာက အိမ်ခြေ ၂၀ ကျော်လောက်ပဲရှိပြီး မော်မီမြာတို့မိသားစုကဲ့သို့ ဖခင်မရှိပဲ ရုန်းကန်နေရတဲ့သူ တွေလည်း ရှိနေပါတယ်။ မိခင်မုဆိုးမဘဝအဖြစ်နဲ့ သားသမီးတွေကို ရုန်းကန်နေကြရတဲ့သူတွေ ကျမတို့ရွာမှာ ၃ အိမ်ရှိပြီး အမျိုးသမီးတွေဟာ ယောကျင်္ားတွေနဲ့တန်းတူ အလုပ်လုပ်နေကြရတဲ့အပြင် အိမ်မှုကိစ္စအဝဝကို လုပ်နေရတာပါ။
မနက်စောစောထ ထမင်းဟင်းချက်ပြီးတာနဲ့ အမျိုးသားနဲ့အတူတန်းတူ လယ်ထဲ ခြံထဲသွား ညနေပြန်လာ ချက်ပြုတ်လျှော်ဖွတ် လုပ်ရပါတယ်။
ရွာမှာပညာတတ်ဘွဲ့ရမဆိုထားနှင့် ဆယ်တန်းတောင် အောင်မြင်သူ (၄) ဦးသာ ရှိပါသေးတယ်။ မိဘများမတတ်နိုင်တာတွေရှိသလို သားသမီးများက မကြိုးစားခဲ့သောကြောင့် ဒီလိုအခြေနေမျိုးမှာ ဖြစ်နေရပါတယ်။ အရင်တုန်းက ကျောင်းတက်ချင်ပေမဲ့လည်း နိုင်ငံရေးအခြေအနေကြောင့် ကျောင်း ပိတ်ခဲ့ရတဲ့နောက်ပိုင်း ကျောင်းမတက်ရတော့တဲ့ သူတွေလည်းရှိပါတယ်။
ကျမတို့ရွာဟောင်းက အခုတပ်စခန်းတည်ထားတဲ့ ထီးဖိုးကလိုးရွာအလယ်တန်းကျောင်း၏ အပေါ်ကုန်းနားမှ ထေးလောမီဒါးဆိုရွာလို့ ခေါ်ခဲ့ကြတဲ့ ရွာဖြစ်ပါတယ်။ ယခင် ပြည်တွင်းမငြိမ်မသက်မှုကြောင့် စစ်ပွဲများမကြာခဏ ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်ဆဲရေးတခါ ပျက်ပြယ်ခဲ့စဉ်နောက်ပိုင်းမှာလည်း စစ်ပွဲတွေဖြစ်ခဲ့ကြလို့ ၁၉၉၆ ခုမှ ကျမတို့ရွာကို ယခု ဒေါခူသွဲ့ရွာလို့ခေါ်တဲ့နေရာလေးမှာ ရွှေ့ပြောင်းနေ ထိုင်ဖြစ်သွားကြတာပါ။
အဲဒီအချိန်ကတည်းက ကျမတို့ရွာမှာ ကျောင်းသူ/သားတွေဟာလည်း ပညာရေးကို ကောင်းစွာ သင်ကြားခွင့်မရှိခဲ့ပါဘူး။ ကျမတို့အမျိုးသမီးများနဲ့ ကလေးငယ်တွေဟာ စစ်ဘေးဒဏ်ကို ခံခဲ့ကြရလို့ ပညာရေးတွေနဲ့ပတ်သက်လာရင် အခွင့်အရေးတွေ အများကြီး ဆုံးရှုံးနစ်နာခဲ့ကြရပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျမတို့ရွာက ပညာတတ်ဘွဲ့ရသူဆိုလို့ ယခုချိန် တယောက်ပဲရှိပါသေးတယ်။ ဘွဲ့ရဆိုလို့လည်း အမျိုးသားတဦးတည်းပါ။ ယခုမော်မီမြာကတော့ အတန်းပညာအနေနဲ့ အလယ်တန်းကျောင်းအထိ တက်ခွင့်ရခဲ့ပေမယ့်လည်း မိခင်မုဆိုးမတယောက်တည်းရဲ့ လုပ်စာနဲ့ ညီငယ်ညီမငယ်တွေနဲ့ သူမကျောက်ဆက်တက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
မိခင်ဖြစ်သူကလည်း ငယ်စဉ်အခါက စစ်ကြောင့်ရွှေ့ပြောင်းနေထိုင် ပြေးလွှားနေခဲ့ရလို့ ပညာသင်ကြားခွင့်မခဲ့ရှာတဲ့ အတွက် သမီးဖြစ်သူကိုလည်း ပညာတတ်ဖြစ်စေချင်တယ် ကျောင်းဆက်တက်စေချင်တယ်လို့ ပြောပါတယ်။
ယခင်ကတည်းက ပညာသင်ကြားခွင့်တွေ ကောင်းစွာမရခဲ့တာတွေ၊ ယခုလို မိဘတွေရဲ့ အလုပ်တွေကို တဖက်တလမ်းကနေ ကူညီလုပ်ကိုင်နေကြရတာတွေ စတဲ့ အမျိုးမျိုးကြောင်း ကျေးလက်ဒေသတွေဘက်မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေ ရဲ့ဘဝတွေဟာ အခြေခံပညာကောင်းကောင်း မရခဲ့တဲ့အတွက် ဘဝမှာ ရွေးခြယ်စရာလမ်းတွေ နည်းကြရပါတယ်။
ကျမတို့ ပြည်နယ်အတွင်း ကျေးလက်ဒေသဘက်မှာရှိကြတဲ့ အမျိုးသမီးတွေအများစုဟာ ယခုလို ပညာသင်ကြားခွင့်မရခဲ့လို့လည်း ပညာရေးမှာ မကြွယ်ဝတဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေ၊ လုပ်သင့်လုပ်ထိုက်သည့်အရာတွေ၊ လုပ်ပိုင်ခွင့်တွေ မသိရနိုင်ဘဲ ဖြစ်နေကြရတယ်လို့ ကယားပြည်နယ် ကက်သလစ်အမျိုးသမီးအဖွဲ့အစည်းမှ စစ္စတာရ် ဒေါမနိမြသန်းက ပြောပါတယ်။
“ပညာရေးမှာ မမြင့်မားတာကြောင့် ကလေးတွေ အမျိုးသမီးတွေက အတွေးအခေါ်တွေ အဆင့်အတန်းတွေ မမြင့်မားတော့ဘူး ခွဲခြားခြင်း၊ နိမ့်ချခြင်း အဲလို ဆက်ဆံခံနေရတာတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။
ယခုလို နိုင်ငံရေးကူးပြောင်းကာလ အပစ်အခတ်ရပ်စဲထားကြချိန်မှာတော့ အရင်က အမျိုးသမီးတွေ တွေ့ကြံု ခံစားခဲ့ကြရတာတွေ အမျိုးသမီးတွေ အခွင့်အရေး သိသင့်သိထိုက်တာတွေအတွက် အမျိုးသမီးအဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့က ကျေးလက်တွေမှာ ကွင်းဆင်းပြီး အချက်အလက်တွေစုဆောင်းတာတွေ၊ အသိပညာပေးတာတွေ စလုပ်နေကြပြီလို့လည်း သိရပါတယ်။
ယခုခေတ်မှာ ခေါင်းဆောင်မှုအပိုင်းတွေမှာ အမျိုးသမီးတွေပါလာဖို့၊ အုပ်ချုပ်ရေး နေရာဒေသအဆင့်ဆင့်မှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ပါဝင်လာနိုင်ဖို့ဆိုတဲ့ နေရာမှာ ကျမတို့ ကရင်နီအမျိုးသမီးတွေ ပါဝင်လာဖို့ဆိုတာဟာလည်း ပညာရေးက အရေးကြီးဆုံးဖြစ်နေပါတယ်။
ဒါပေမယ့်လို့ မော်မီမြာတို့လို မိသားစုအရေးအတွက် ကူညီဖို့ ကျောင်းဆက်မတက်နိုင်တော့ပဲ ကျောင်းထွက် အလုပ်လုပ် နေကြရတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိနေသေးရင် ကျမတို့ ပြည်နယ်ထဲက အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်းတွေမှာ ပါဝင်လာဖို့ ခက်ခဲရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီလို အမျိုးသမီးတွေ ပညာသင်ကြားဖို့ အခွင့်အရေးဆုံးရှုံးတာတွေ မြင့်တင်ပေးဖို့၊ စစ်ဘေးဒဏ်က ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဘဝအကျိုးဆက်တွေအတွက် ပြန်လည်ကုစားပေးဖို့၊ ရိုင်းပင်းကူညီပေးတာမျိုးတွေ ပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်လို့လည်း ခရစ်ယာန် လူမှုဝန်ထမ်းခြင်းနှင့်ဖွံ့ဖြိုးရေးဌာန (ကယားဖူး) တာဝန်ခံ ဒေါ်လီးမြာက ပြောပါတယ်။
“အားပေးတာတွေ ပြန်လည်ထူထောင်ပေးတာနိုင်ရင် အရမ်းကောင်တယ်။ အထူးသဖြင့် ဒီ ကျေးလက်ဒေသမှာ နေတဲ့ အမျိုးသမီးတွေအတွက် ဆောင်ရွက်ပေးဖို့ မြင့်တင်ပေးဖို့ အားပေးဖို့ဆိုတာ အရမ်းအရေးကြီးတဲ့ နေရာတခုဖြစ်တယ်”
မိသားစုရဲ့ စားဝတ်နေရေးကြောင့် မော်မီမြာတို့လို အမျိုးသမီးငယ်လေးတွေ ပညာမစုံခင် ကျောင်းထွက်လိုက်ရ တဲ့သူတွေ ကျမတို့ရွာမှာတင် ရှိနေတာမဟုတ်ပါဘူး။ ကယားပြည်နယ်အနှံ့မှာ ရှိနေပါတယ်။ ကျမကတော့ ကျမလုပ်နိုင်တဲ့ဘက်ကနေ ဒီအကြောင်းတွေ ဆက်လက်ရေးသား တင်ပြသွားဦးမှာပါ။