ပညာရေးစနစ် တိုးတက်ပြောင်းလဲစေချင်ရင် အခြေခံကနေစမှရပါမယ်

ပညာရေးစနစ် တိုးတက်ပြောင်းလဲစေချင်ရင် အခြေခံကနေစမှရပါမယ်
by -
ကန္တာရဝတီတိုင်း(မ်)

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီဆိုတာနဲ့ တိုင်းနဲ့ပြည်နယ်အလိုက် အောင်ချက် အဆင့်အသီးသီး သတ်မှတ်ကြရာမှာ ကယားပြည်နယ်ဟာ နှစ်စဉ်နှစ်တိုင်းအနိမ့်ဆုံးအဆင့်မှာ နေရာယူနေတယ်ဆိုတာ သတိထားမိကြပေလိ်မ့်မယ်။

၄င်းဖြစ်စဉ်မှာ ဘာရယ်ကြောင့်လဲ၊ ကျောင်းဆရာ၊မ ပို့ချသင်ကြားမှုမကောင်းတာလား၊ ကျောင်းသား၊ သူများကပဲ အရည်အသွေးမရှိတာလား၊ မိဘဆရာသမားများက သွန်သင်မှု အားနည်းတာလားဆိုတာကို အမြဲတမ်းလိုလို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့၂၀၁၂-၁၃ ပညာသင်နှစ်မှာ (၁၀) တန်းအောင်ချက်ကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် ဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်မှာတော့ ကယားပြည်နယ် ဆယ်တန်းအောင်ချက် ပြန်လည်မြင့်တက် လာနိုင်ရန်အတွက်ဆိုပြီး မြို့နယ်တိုင်းကျောင်းတွေတိုင်းမှာ ဆရာ/မတွေကို အရည်အချင်းမြင့်တင်တဲ့ သင်တန်းတွေ မွမ်းမံသင်တန်းတွေကို နွေကျောင်းပိတ်ရက်တွေမှာ ပြုလုပ်ခဲ့ကြသလို ကျောင်းသူ ကျောင်းသားတွေကိုလည်း အချိန်ပိုတွေခေါ်ပြီး သင်ခန်းစာတွေ လေ့ကျင့်ပေးနေကြပါတယ်။

ဒါ့အပြင် လစဉ်စာမေးပွဲဖြေဆိုရာမှာ ဘာသာရပ်အလိုက် ကျောင်းစာမလိုက်နိုင်ပဲ အောင်မှတ်မရတဲ့ ကျောင်းသူ/သားတွေကိုလည်း ဆရာ/မတွေက မိဘတွေနှင့်တွေ့ဆုံပြီး ခေါ်ယူဆုံးမတာတွေ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို စည်းကမ်းတွေ အမျိုးမျိုးတင်းကြပ်ပြီး ဖိအားပေးတာတွေ ပြုလုပ်လာကြပါတယ်။

တချို့ကျောင်းသားတွေဟာလည်း ကျောင်းမှာမပျော်တော့ပဲ ပြင်ပမှာတဖြည်းဖြည်း လေလွင့်လာကြတာကို တွေ့နေရပါတယ်။

ကျောင်းစာမလိုက်နိုင်လို့ စာစိတ်ဝင်စားမှုအားနည်းတဲ့ ကျောင်းသားတွေဟာ ကျောင်းပြင်ပမှာ တဖြည်းဖြည်းများလာပြီး ကျောင်းထွက်သွားကြတဲ့ လူငယ်တွေတော်တော်များများလဲ ရှိနေပါတယ်။

ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ကျောင်းစတက်တဲ့ အချိန်ကနေ စက်တင်ဘာလအထိ ကျောင်းထွက်သွားတဲ့ စားရင်းကို သွားမေးမြန်းကြည့်တဲ့အခါ နဝမတန်းမှာ ၈ ဦး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဖို့ ကျောင်းသူ/သားတွေက ၁၉ ဦးလောက်ကို ကျောင်းကနေ ထွက်သွားကြတယ်လို့ သိရှိရပါတယ်။

ဆရာ/မတွေအနေနဲ့လည်း မိဘတွေနဲ့ ကျောင်းသူ/သားတွေကို ဘယ်လိုဘဲစည်းရုံးစည်းရုံး မရပဲ လစဉ် ကျောင်းကနေတစ်ဦး၊ နှစ်ဦး အဲဒီလိုတစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာဟာ ကလေးတွေ အဓိက အခြေခံမကောင်းခဲ့လို့ အခုလိုအတန်းကြီးမှာလာပြီး ဒုက္ခရောက်နေကြရတာ ဖြစ်တယ်လိုု့ ရှုမြင်ပါတယ်။

အခြေခံမူလတန်းကစပြီး အခြေခံကောင်းဖို့လိုအပ်ချက်တွေဖြည့်ဖို့ဆိုတဲ့သင်ကြားမှုစနစ်မှာလည်း မအောင်မရှိဆိုတဲ့ စီမံကိန်းကြောင့် မူလတန်းကနေ အလယ်တန်းအဆင့်အထိ ကျောင်းသူ/သားတွေမှာ စာလိုက်နိုင်သည်ဖြစ်စေမလိုက်နိုင်သည်ဖြစ်စေ အတန်းဆရာ/မတွေမှာ ပေးအောင်လိုက်ကြရတဲ့ အခြေအနေတွေ အများကြီးရှိနေကြောင်း စုံုစမ်းသိရှိထားပါတယ်။

မည်သို့မည်ပုံစနစ်ဖြင့် ပြောင်းလဲကြိုးစားလုပ်ဆောင်သွားမည်ကိုတော့ အသေးစိတ်ရှင်းပြထားတာမရှိပေမယ့် လက်ရှိအစိုုးရအနေနဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုုတဲ့ ဆန္ဒရှိနေကြတာကိုုက ကလေးတွေရဲ့ အနာဂါတ်အတွက် အပေါင်းလက္ခတွေပါ။

ပညာရေးနဲ့ပတ်သက်လို့  ပြည်နယ်အစိုးရက အောင်ချက်မြင့်မားလာစေဖို့ဆိုပြီး အခြေခံ မူလတန်းအဆင့်ကနေ စတင်ပြီး ကြိုးစားသွားဖို့လုပ်ရမှာဖြစ်တယ်လို့ ၀န်ကြီးဦးစိန်ဦးက ကန္တာရဝတီတိုင်း(မ်) သတင်းထောက်ကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလတွင် ပြည်နယ်အစိုးရရုံး တွေ့ဆုံမေးမြန်းခဲ့ချိန်မှာ ပြောပြခဲ့ဖူးပါတယ်။

(ကယားထဲ)