ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ

ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ
by -
ပါးရယ်
“တို့ခြံထဲမှာ စိုက်ခဲ့ပေမယ့်…တို့ခြံတဖက်မှာ သီးပွင့်လေတိုင်း၊ တို့စိုက်သောဖရုံ တို့မစားရတော့… ဘယ်လိုနေမလဲ၊ တွေးကြည့်စမ်းလေ။ တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ရေ၊ တို့.. တို့လူမျိုးတွေ၊ ညအမှောင်ထဲမှာ …လောပိတရေ ပြန်လာခဲ့” ဟု တေးသီချင်းစာသားက ကယားပြည်သူများ လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အကြောင်းကို...

“တို့ခြံထဲမှာ စိုက်ခဲ့ပေမယ့်…တို့ခြံတဖက်မှာ သီးပွင့်လေတိုင်း၊ တို့စိုက်သောဖရုံ တို့မစားရတော့… ဘယ်လိုနေမလဲ၊ တွေးကြည့်စမ်းလေ။ တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ရေ၊ တို့.. တို့လူမျိုးတွေ၊ ညအမှောင်ထဲမှာ …လောပိတရေ ပြန်လာခဲ့” ဟု တေးသီချင်းစာသားက ကယားပြည်သူများ လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အကြောင်းကို ဖော်ညွန်းနေသည်။

အမှန်တကယ်တွင် ကယားပြည်နယ်မြို့တော်၊ လွိုင်ကော်မြို့နယ်၊ လောပိတ ကျေးရွာအနီးရှိ လောပိတရေတံခွန်ကို အမှီပြုတည်ဆောက်ထားသည့် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလာခဲ့သည်မှာ ယခုဆိုလျှင် ၂၅ နှစ်ပင်ကျော်လာပြီဖြစ်သည်။

သို့သော် ထိုဒေသခံအများစုသည် နေအိမ်မီးအလင်းရောင်ရရှိရေးအတွက် ယနေ့ထိတိုင် ညအချိန်တွင် ဖယောင်းတိုင်မီးနှင့် ထင်းရှုးဆီမီးများကို အားကိုး အသုံးပြုနေရဆဲ ဖြစ်ပြီး၊ မြို့နေလူထု အနည်းစုကသာ လျှပ်စစ်မီးကို အသုံးပြုနေကြသည်။

ထိုဒေသတွင် လောပိတ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနေသည့် စက်ရုံ ၂ ခုတည်ဆောက်ထားပြီး၊ ၁၉၇၄ နှင့် ၁၉၉၂ ခုနှစ်တွင် အသီးသီးဆောက်လုပ် ပြီးစီးကာ ဓာတ်အားထုတ်လုပ်မှု ၁၆၈ မီဂါ၀ပ်နှင့် ၂၈ မီဂါ၀ပ် တို့ ရှိသည်။

ထိုဓာတ်အားပေးစက်ရုံ ၂ ခုမှ ထွက်ရှိလာသည့် ဓာတ်အားများကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များကို မဟာဓာတ်အား လိုင်းများမှ တဆင့် သွယ်တန်းပေးထားသည်။

၂၀၀၈ ခုနှစ်၊ ကရင်နီသုတေသနအစုအဖွဲ့ (KDRG) က ထုတ်ဝေသည့် အစီရင်ခံစာတခုတွင် လောပိတစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၉၅ ရာခိုင်နှုန်းသည် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ အဓိက ထုတ်လွှတ်ပေးပြီး၊ ကယားပြည်နယ်တွင်မူ ၅ ရာခိုင်နှုန်းသာ ဒေသခံပြည်သူများ အကျိုးခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။

စက်ရုံများ တည်ဆောက်ပြီးစီးပါက ထိုဒေသတွင် လယ်ယာစိုက်ပျိုးမြေများအတွက် ရေသွင်းစိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် အကျိုးအမြတ်များကို ဒေသခံများ ခံစားရရှိမည်ဟု အာဏာပိုင်များက ကတိပေးပြောဆိုခဲ့သည်။

လက်တွေ့မှာမူ၊ ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီမောဆိုးနှင့် ဖရူးဆိုး စသည့် မြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများသည် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ရရှိမှုမရှိကြောင်း လွိုင်ကော်မြို့ခံတဦးက ယခုလိုပြောသည်။  

“ခန့်မှန်းခြေ တစ်ရက်မှာ ၅ နာရီလောက်ပျက်တယ်။ လွိုင်ကော်မြို့နော်။ ဒီမောဆိုးလည်း အဲလိုပါပဲ” ဟု ပြောသည်။ သို့သော် မြို့နှင့်အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများရှိ ပြည်သူများမှာ ဖယောင်းတိုင်မီးကိုပင် လုံလောက်စွာ အသုံးမပြုနိုင်ပေ။ အများစုက ထင်းရှုးဆီကို အလင်းရောင်ရရှိရေးအတွက် အားပြု သုံးစွဲနေကြဆဲဖြစ်သည်။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခု တည်ဆောက်ခဲ့သည့် ထိုဒေသတဝိုက် နေထိုင်ခဲ့သူ ဒေသခံများကို အာဏာပိုင်များက ဖယ်ရှားခဲ့သည့်အတွက် မိရိုးဖလာ တောင်ယာလုပ်ငန်းများ လက်လွတ်ဆုံးရှုံးခဲ့ရသည့်အပြင်၊ အိမ်မွေးတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ၊ တောလိုက်ခြင်းနှင့် တနိုင်တပိုင် ငါးဖမ်းလုပ်ငန်းများပါ ဆုံးရှုံးခဲ့ရပြန်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေး အမှတ် (၃) စက်ရုံ တည်ဆောက်ရန် လွိုင်ကော်မြို့မှ အရှေ့တောင်ဘက် ၁၃ မိုင်ကွာဝေးတွင် တည်ရှိသည့် ဒေါမူကလပ်ကျေးရွာတွင် ဒေသခံများပိုင်ဆိုင်သည့် လယ်မြေဧက စုစုပေါင်း ၂၀ ကျော်ကို အာဏာပိုင်များက သိမ်းယူခဲ့သည်။

ထို့အပြင်၊ အာဏာပိုင်များက ဓာတ်အားပေး စက်ရုံများ၏ လုံခြံုရေးအတွက်ဟုဆိုကာ စက်ရုံ ၂ ခုအပြင်၊ ကယားပြည်နယ်၏ အဓိကမြို့ကြီးများဖြစ်သည့် လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူးဆိုး၊ ဖါးဆောင်း၊ မော်ချီး စသည့် မြို့နယ်များတွင် စစ်အစိုးရ၏တပ်အင်အားများကို တပါတည်းတိုးချဲ့လာခဲ့သည်။

တပ်အင်အားတိုးချဲ့သည့် နောက်ဆက်တွဲအဖြစ်၊ စစ်တပ်က ဒေသခံများအပေါ် လုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက် ရမ်းကားမှုများလည်း တနေ့တခြား တိုးပွားလာနေသည်ဟု ၂၀၀၈ ခုနှစ် ကရင်နီသုတေသနအစုအဖွဲ့ (ကေဒီအာဂျီ)၏ အစီရင်ခံစာက ဆိုသည်။

ယခုအခါတွင် ကယားပြည်နယ်တွင် တပ်ရင်း စုစုပေါင်း ၂၄ ခု၊ တပ်စွဲထားရာ ဒေသခံတပ်ရင်း ၁၄ ခု၊ လှုပ်ရှားတပ်ရင်း ၉ ခုနှင့် စစ်ဆင်ရေး ကွပ်ကွဲမှုဋ္ဌာနချုပ်၊ လုံခြံုရေး တပ်ရင်း ၁ ခု တို့ တပ်စွဲထားသည်။

လောပိတစက်ရုံ လုံခြံုရေးအတွက် သီးသန့်ရည်ရွယ်ပြီး မီးလိုင်းတာဝါတိုင် အောက်ခြေတွင် မြုပ်နှံထားခဲ့သည့် မြေမြုပ်မိုင်း အလုံးပေါင်း ၁၈၀၀၀ ခန့်ရှိကြောင်း KDRG မှ ဒါရိုက်တာ ဖြစ်သူ တော်ရယ်ပိုးက ယခုလို ပြောသည်။

“လောပီတ စက်ရုံလုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းတွေက သောင်းဂဏန်းလောက် ရှိတယ်” ဟု ပြောသည်။

သူက “လောပိတခွင်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အဝင်အထွက် လုပ်နိုင်တယ် ဆိုတဲ့ နေရာတွေမှာ လျှပ်စစ်ဓါတ်တိုင် လုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းတွေက ဒီနေ့အထိ ရှိနေဆဲပဲ။ ပြန်ဖြုတ်သိမ်းလိုက်ပြီဆိုတာ မကြားရဘူး” ဟုလည်း ပြောသည်။

မိုင်းထောင်ထားသည့် စက်ရုံအနီး ရွာသားများကို ခြံခတ်စေခြင်း၊ သန့်ရှင်းရေးလုပ်စေသည့်အပြင်၊ တိရစ္ဆာန်တချို့ မိုင်းနင်းမိသည့်အတွက် သေဆုံးသွားပါက တာဝါတိုင် လျော်ကြေးအဖြစ် ရွာသားများက ပေးဆောင်စေရန် စည်းကမ်းပေးဆောင်လေ့ရှိကြောင်း ရွာသားများက ပြောသည်။

၂၀၀၁ ခုနှစ်အထိ လောပိတ ဓါတ်အားပေးစက်ရုံ ၀န်းကျင်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ဒေသခံ စုစုပေါင်း ၃၀ ဦး၊ ဒဏ်ရာရသူပေါင်း ၅၀ ကျော်ရှိပြီး၊ တိရစ္ဆာန်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း KDRG အစီရင်ခံစာကဆိုသည်။

ယခုလ ၂၅ ရက်နေ့၊ စစ်အစိုးရအာဘော်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၂၃ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးသဖြင့် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ လိုတာခု ကျေးရွာအနီးရှိ လောပိတမှ ပဲခူးတိုင်း၊ တောင်ငူမြို့သို့ ဓာတ်အားပို့လွှတ်ထားသည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင်အမှတ် ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ လဆန်းပိုင်းတွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းစာတွင် “အကြမ်းဖက်သောင်းကျန်းသူများ မိုင်းခွဲဖျက်စီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကုန်ထုတ်လုပ်ငန်းအသီးသီး အဆင်ပြေချောမွေ့နေသည့် အခြေအနေကို ပျက်စီးရာပျက်စီးကြောင်း ကြံစည် လုပ်ဆောင်နေသည်” ဟု ဆိုသည်။

သို့သော် KNPP အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ခူထဲဘူးဖဲ က စစ်အစိုးရ ဖော်ပြချက်ကို ယခုလို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။

“လောပိတ ရေးအားလျှပ်စစ်စက်ရုံက ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ တည်ရှိပေမယ့်၊ ထွက်ရှိလာတဲ့ အကျိုးအမြတ်က စစ်အစိုးရအာဏာပိုင် အများစုကပဲ ပိုင်ဆိုင်ကြပြီးတော့၊ ဒေသခံ ကရင်နီ ပြည်သူတွေဟာ အနည်းအကျဉ်းသာ ပိုင်ဆိုင်ခွင့် ရရှိကြတဲ့အတွက် အခုလို လုပ်တာပါ” ဟု ပြောသည်။

အလားတူ KDIG ၏ ဒါရိုက်တာ တော်ရယ်ပိုးကလည်း “လျှပ်စီးမီးက ကျနော်တို့ပြည်နယ်မှာထွက်တယ်။ ကျနော်တို့ ပြည်သူတွေက လုပ်အားပေးခဲ့ရတယ်။ ဒါပေမယ့် လယ်မြေ၊ အိမ်မြေ ထိခိုက်တာ၊ ဆုံးရှုံးတာတွေက ကျနော်တို့ ကရင်နီအမျိုးသားတွေပဲ ဖြစ်နေတယ်” ဟု ပြောသည်။

သို့သော် လတ်တလောတွင် စစ်အစိုးရဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ၊ ဒေသခံအာဏာပိုင်များက ကယားပြည်နယ်အတွင်းရှိ၊ ဘော်လခဲ၊ ဖားဆောင်း စသည့် မြို့နယ်တချို့တွင် လျှပ်စစ်ဓာတ်အား စတင် တိုးချဲ့သွယ်တန်းပေးနေသည်။  

“အခုလို လျှပ်စစ်မီး တိုင်းတာတွေ၊ လမ်းဖောက်တာတွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် လူထုတွေကို စည်းရုံးတာ ဖြစ်တယ်။ တကယ်တမ်း ပြောရမယ်ဆိုရင်ပေါ့၊ အရင်တုန်းကတည်းက လုပ်သင့်တယ်” ဟု လွိုင်ကော်မြို့၊ ဒေသခံက တဦးက မှတ်ချက်ပေး ပြောဆိုသွားသည်။

အလားတူ KNYO ခေါင်းဆောင်တဦးဖြစ်သူ ဆိုင်းရှိုင်းက “အခု ဘော်လခဲ၊ ဖားဆောင်းဘက်ကို မီးသွယ်တာက ဖားဆောင်းတပ်မှာ သူတို့ ရေဒါ တခုဆောက်မယ်လို့ အဲလိုမျိုး သတင်းကြားထားတယ်” ဟု ပြောသည်။

အသေအချာပြောနိုင်တာ တခုကတော့ ကယားပြည်နယ်တွင်၊ နောက်ထပ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအသစ် တိုးချဲ့ဆောက်လုပ်ပါကလည်း ဒေသခံများ အတွက် အကျိုးအမြတ် မည်မျှ ခံစားခွင့်ရှိမည် ဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။