ရေစုန်မှာ လှေကြံုစီးမလား

ရေစုန်မှာ လှေကြံုစီးမလား
by -
ဆယ်တေးလု
တိုင်းပြည်က ဆင်းရဲတော့ လူထုလည်း မွဲတယ်။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်မယ်ဆိုတဲ့ ဆောင်ပုဒ်တွေဟာ ဗမာပြည်သူများအတွက် အတော်ကို အသိခေါက်ခက်၊ အဝင်နက်ဆိုသလို ရယ်စရာကောင်းတယ် ပြောရအောင်လည်း ပကတိအဖြစ်မှာ လူထုတစ်ရပ်လုံးဟာ ...

တိုင်းပြည်က ဆင်းရဲတော့ လူထုလည်း မွဲတယ်။ အများအကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်မယ်ဆိုတဲ့ ဆောင်ပုဒ်တွေဟာ ဗမာပြည်သူများအတွက် အတော်ကို အသိခေါက်ခက်၊ အဝင်နက်ဆိုသလို ရယ်စရာကောင်းတယ် ပြောရအောင်လည်း ပကတိအဖြစ်မှာ လူထုတစ်ရပ်လုံးဟာ ကုန်းကောက်စရာ ငတ်ပြတ်မွဲတေ နေတာတော့ အမှန်ပါဘဲ။

ဒါပေမဲ့ ချောက်ထဲကျလုဆဲဆဲ တိုင်းပြည်ကို တပ်မတော်က ကယ်တင်လိုက်ရတာပါ။ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုံးပမ်းနေတာကြောင့် တပ်မတော်က မလွဲမရှောင်သာ အာဏာသိမ်းရတာပါဆိုတဲ့ လက်နက်ကိုင်အာဏာရှင် တစ်စုရဲ့ ကြွေးကြော်သံတွေဟာ ထိပ်ပိုင်းက စစ်ဗိုလ်တွေနဲ့ ကပ်ဖားအပေါင်းအဖက်တစ်စုတို့ကို ကမ္ဘာပေါ်မှာ တိုးတက်ပါတယ်ဆိုတဲ့၊ သူဌေးသူကြွယ်တွေ နေထိုင်သုံးစွဲတဲ့ စည်းစိမ်တွေနဲ့ စိုးစဉ်းမျှ အပူအပင်မရှိ ဘဝလှပနေကြတာဟာ တိုင်းပြည်က တကယ်ဘဲ ဆင်းရဲနေသလား။

ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖလို့ တချိန်က ကြွေးကြော်ခဲ့ကြတဲ့ အညတြစစ်သားတွေဟာ ကနေ့မှာတော့ စစ်ဗိုလ်ရာထူးရလာတဲ့အခါ တပ်မတော်သည်သာလျှင်အမိ၊ တပ်မတော်သည်သာလျှင် အဖဆိုပြီး သွေးနားထင်ရောက်နေကြပါပြီ။

အမှန်တကယ်တော့ ဗမာပြည်ဟာ ဆင်းရဲမနေပါ။ ဘယ်အခါကမှလည်း ချောက်ထဲကျမည့် အခြေအနေကိုလည်း မရောက်ခဲ့ပါ။ တိုင်းရင်းသားတွေကလည်း ခွဲထွက်ဖို့ လုံးပမ်းတယ်ဆိုတဲ့ သမိုင်းလည်းမရှိခဲ့ပါ။

တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို စစ်ဗိုလ်တမတ်သားတို့က လက်လွတ်စပယ် အပေါင်းပါအချို့နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဘိတ်ခေါ်ကာ ထုတ်ယူသုံးစွဲပြီး တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိတယ်ဆိုကာ ပြည်သူတွေကို မက်လုံးပေးနေပါသည်။

တကယ်တော့ ဗမာ့တပ်မတော်ဟာ အရေအတွက်သာများလာပြီး အင်အားရှိမလာပါ။ ဒီတပ်မတော် အရေအတွက်ကဘဲ စစ်ဗိုလ်တွေနဲ့ အပေါင်းပါတွေကို အာဏာခွင်မှာ မြဲနေအောင်၊ လိုတရ စည်းစိမ်ချမ်းသာတွေ ပြည့်ဝလာအောင် အကာအကွယ် ပေးနေသူတွေအဖြစ် သက်သက်မျှ ဖြစ်နေပါတယ်။

တိုင်းပြည်မှာရှိတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ဒီလိုထုတ်ယူရောင်းချနေတော့ ကုန်ခမ်းပြီး တိုင်းပြည်က မဆင်းရဲဘဲ ဘယ်နေမလဲ။ ဒါပေမဲ့ စစ်ဗိုလ်တွေနဲ့ အပေါင်းပါတို့ကတော့ အဲဒီက ထုတ်ယူရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေနဲ့ ပြည်တွင်းမှာရော ပြည်ပတွေမှာပါ ရွေငွေရတနာတွေကို ပုံအောပြီး စုဆောင်းနေကြပါတယ်။ ကမ္ဘာ့သူဌေးသူကြွယ်တွေ စာရင်းထဲဝင်ဖို့ ကြိုးပမ်းနေကြပါတယ်။ သားသမီးတွေကို ကောင်းပေ့ဆိုတဲ့ အတတ်ပညာသင်ကျောင်းတွေမှာ ပို့ပြီး အာဏာဆက်ခံမည့် မျိုးဆက်သစ်တွေဖြစ်အောင် ပညာသင်စေပါတယ်။

လူထုတွေကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး အစရှိတဲ့ ဖွ့ံဖြိုးရေးလုပ်ငန်းတိုင်းတွေမှာ အနားမရအောင် စစ်ဗိုလ်တွေနဲ့ နောက်လိုက်တစ်စုက အတင်းအကြပ်အခမဲ့ လုပ်အားပေးခိုင်းနေလေတော့ လူထုတွေ မမွဲရင် ဘယ်သွားနေမလဲ။ ဒီကြားထဲက လူထုတွေရဲ့ ရှိရင်းစီးပွားလုပ်ငန်းတွေကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်တာ၊ လယ်ယာမြေတွေကို လုယူသိမ်းဆည်းတာတွေ ထပ်လုပ်ပြန်တော့ မငတ်ဘဲဘယ်နေမလဲ။

တကယ်မှာတော့ တိုင်းပြည်ဟာ မဆင်းရဲဘဲ ပြည်သူတွေက မွဲတေနေရတာဟာ ဘာကြောင့်လဲ။ စစ်ဗိုလ်များနဲ့ အပေါင်းပါတစ်ခုတို့ဟာ အများအကျိုးမဆောင်ဘဲနဲ့ ကိုယ့်အကျိုးအောင်နေကြတာများ အဘယ်အကြောင်းများပါလဲ။

၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူခဲ့တာဟာ အဲဒီအချိန်က စစ်တပ်အကြီးအကဲဖြစ်ခဲ့တဲ့ ဗိုလ်နေဝင်းကို ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနုကနေ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခိုင်းတာဖြစ်တယ်လို့ ဗမာ့အရေးကို လေ့လာနေတဲ့ ပါမောက္ခ ဂျိုးဇက်ဆီးလ်ဗာစတိုင်းက ပြောဖူးတာကို အမှတ်ရခဲ့ပါတယ်။

ဒါဟာ တိုင်းပြည်ကို ဆင်းရဲတွင်းနက်ထဲ တွန်းပို့ပြီး ပြည်သူတွေကို အငတ်ဘေးဆိုက်စေခဲတဲ့ ကနေဦးအစဘဲလို့ ပြောရလေမလားဘဲ။ ကိုယ်ထူကိုယ်ထ၊ ပြည်တွင်းဖြစ်နဲ့ ဖူလုံရေးကို အကြောင်းပြုပြီး လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ်ဆီ ဦးတည်ဖို့ ရေတို၊ ရေရှည်စီမံကိန်းအလီလီ ချမှတ်အကောင်အထည် ဖော်လာလိုက်တာ အဆုံးမှာ နိုင်ငံတကာက ချေးယူငွေတွေ ပြန်မဆပ်နိုင်တာတွေနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်ကို ရောက်ရှိသွားခဲ့တာ တိုင်းပြည်က ဆင်းရဲမွဲတေလို့တော့ မဟုတ်တန်ပါဘူး။

ဒါပေမဲ့ ဗိုလ်နေဝင်းနဲ့ အပေါင်းပါတွေကတော့ စီးတဲ့ရေ၊ ကာတဲ့ကန်သင်း ဆိုသလိုပါဘဲ။ အပြန်အလှန် ဖေးဖေးမမနဲ့ ကိုယ်ကျိုးဖယ်ပြီး ဥစ္စာစည်းစိမ်တွေနဲ့ ယစ်မူးနေနိုင်ခဲ့ကြတာ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ လုံးပမ်းနေတယ် ဆိုတဲ့ ရိုးစွပ်ချက်ကြောင့်ဘဲ မဟုတ်ပါလား။ အဲဒီအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ၊ အကြီးအကဲတွေဟာ ရှိရင်းစွဲအာဏာတွေကို အတင်းအကြပ် စွန့်လွတ်ကြရယုံ မဟုတ်ပါဘူး၊ အတော်များများဟာ အကျယ်ချုပ်ဘဝနဲ့၊ အချို့ဆိုရင် ဖမ်းဆီးခံရတဲ့အပြင် သေဆုံးတာ၊ အစအနမသိရတဲ့ ယနေ့တိုင် ပျောက်ဆုံးကြရတာတွေဟာ ဘယ်သူလုပ်ခဲ့သလဲ။

နောက်ဆုံး တိုင်းပြည်ချောက်ထဲ ကျလုဆဲဆဲမှာ တပ်မတော်ကနေ လက်မတင်ကလေးအလိုမှာ ကယ်တင်လိုက်ရပါတယ်ဆိုတဲ့ အခြေအနေကို ဆိုက်ရောက်စေတာ ၁၉၇၄ ခုနှစ်က လုပ်သားပြည်သူတစ်ရပ်လုံးကို စုရုံးစေပြီး တခဲနက်အတည်ပြုကြောင်း ကျေညာလိုက်တဲ့ မဆလ တစ်ပါတီရဲ့ အခြေခံဥပဒေက ထွက်လာတဲ့ ရလာဒ်မဟုတ်ဘူးလို့ ဘယ်သူက ငြင်းမလဲ။ မချစ်သော်လည်း အော့ခါနမ်းရတဲ့ ပြည်သူတို့ရဲ့ ထောက်ခံချက်နဲ့ အတည်ပြုခဲ့တာပါ။

တိုင်းပြည်ကို လက်နက်အားကိုးနဲ့ ဒါးမိုးအုပ်ချုပ်ပြီး ထင်တိုင်းကြဲခဲ့တဲ့ စစ်အလုပ်စုရဲ့ ခိုင်းတဲ့ကကျွန်၊ ထွန်တဲ့နွားပမာ လိုတစ်မျိုး၊ မလိုတစ်မျိုးနဲ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ စနစ်တွေအောက်မှာ ပြည်သူတစ်ရပ်လုံးဟာ တံလျှပ်ကို ရေထင်ပြီး မစို့မပို့ပေးထားတဲ့ အာဏာကို ရယူခွင့်ရှိကြတဲ့သူတွေဟာ ဆွေမျိုးသားချင်းကြားမက သာမန်ပြည်သူတွေကို မောက်မာခွဲခြားဆက်ဆံခဲ့ကြတာ မဆလ ကာလတစ်လျှောက် စစ်ဗိုလ်တစ်စုက မျိုးစေ့ချပေးလိုက်တဲ့ စိတ်ဝမ်းကွဲ အခြေခံနည်းနာတွေဘဲ ဖြစ်ပါတယ်။

အလွှာအသီးသီးက ကျောင်းသား၊ ရဟန်းပြည်သူတစ်ရပ်လုံးက မခံမရပ်နိုင်တော့တဲ့အဆုံး ၁၉၈၈ ခုနှစ်မှာ တပြည်လုံးအနှံ့ အုံကြွမှုဖြစ်ပြန်တော့ ချောက်ထဲကျလုဆဲဆဲ တပ်မတော်ကဘဲ ကယ်တင်ရှင်လုပ်ရပါတယ်ဆိုတဲ့ ယူနီဖောင်းဝတ်စစ်တစ်စုက အာဏာသိမ်းပြန်တာပါဘဲ မဟုတ်လား။

အမှန်ကတော့ တိုင်းပြည်ကြီးက စုန်းစုန်းနစ်မြုပ်တော့မဲ့၊ ချောက်ထဲကျတော့မဲ့ အခြေအနေကို မမြင်ရက်လို့ ရဟန်းရှင်လူတစ်ရပ်လုံးကနေ တောင်းဆိုခဲ့ကြတာပါ၊ စစ်ဗိုလ်ချုပ်တွေ ပြောခဲ့သလို ဆူပူအုံကြွမှုလုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ စင်စစ် တိုင်းပြည်ကြီး ချောက်ထဲကျလုဖြစ်ရတာ၊ လုထုတစ်ရပ်လုံးက မွဲတွေပြာကျနေတာဟာ ထာဝစဉ် အာဏာလက်ဝယ်ကိုင်ထားပြီး အမြဲတမ်းစည်းစိမ် ယစ်ပလ္လင်ပေါ်ကနေ အောက်ကျမသွားရလေအောင် မင်းမူအုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တစ်ခုရဲ့ သူတို့အပြောနဲ့ ပြောရရင် “ကိုယ်ကျိုးစွန့် အနစ်နာခံ” ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပါ။

အခုတခါတည်း လာပြန်ပါပြီ။ စစ်ဗိုလ်ချုပ်တွေ့ရဲ့ အလိုတော်ရိတွေနဲ့ တဖက်သတ်ကျိတ်ပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေကို လူထုကိုယ်စားလှယ်တွေနဲ့ ရေးဆွဲသယောင်ဖြစ်အောင် ၁၉၉ဝ ခုနှစ်က ရွေးကောက်ခံ လူထုကိုယ်စားလှယ် အချို့ကို ဖိတ်ကြားပြီး ပြည်သူတွေနဲ့ ကမ္ဘာကို ပြလို့ရအောင် အမျိုးသားညီလာခံ ဆိုတာကြီးကို ၁၃ နှစ်ကျော်ကြာအေင် ပြုလုပ်ခဲ့တာပါ။ စစ်ဗို်လ်ချုပ်က လုပ်ခဲ့တဲ့ ဒီအမျိုးသားညီလာခံဟာ ကမ္ဘာမှာ ကျင်းပခဲ့သမျှသော ညီလာခံတွေထဲမှာ မာရသွန်ညီလာခံကြီး ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ခံအမတ်အချို့နဲ့ အပစ်ရပ်လက်နက်ကိုင် အဖွဲ့အချို့က ကိုယ်စားလှယ်တွေကနေ အခြေခံမူအပိုဒ်အချို့ကို ပြင်ဆင်ဖို့၊ ပြန်လည်သုံးသပ်ဖို့ အကြံပြုတာတောင် လက်မခံပယ်ချပြီး ဒီကိုယ်စားလှယ်တွေရဲ့ ညီလာခံကို တက်ရတဲ့အလုပ်ဟာ ဥပဒေတွေကို ထောက်ခံဖို့သက်သက်သာ ဖြစ်ခဲ့ပါတယ်၊

တခါကြည့်ပါဦး၊ ၂ဝဝ၈ ခုနှစ်၊ မေလ (၁ဝ) ရက်မှာ ဒီဥပဒေကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ နာဂစ်မုန်တိုင်းကျခဲ့တာကြောင့် လူတွေ သိန်းနဲ့ချီပြီး သေတဲ့၊ ပျောက်ဆုံးတဲ့၊ ငတ်ပြတ်တဲ့ကြားထဲကဘဲ လူထူတွေကို မကူညီတဲ့အပြင် ကျေညာထားတဲ့ ဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲကြီးကို အတင်းအကြပ် ပြုလုပ်ခဲ့တာဟာဖြင့် သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ။ လူသေတာပျောက်ဆုံးတာ၊ ငတ်ပြတ်တာထက် အရေးကြီးတဲ့ ဒီဆန္ဒခံယူပွဲရဲ့ ရလာဒ်ကိုလည်း ကြည့်ပါဦး။

မြို့ပြတွေမှာတော့ မလာမနေရ၊ ကျေးလက်ဒေသတွေမှာတော့ အိမ်ထောင်စုစာရင်းကို ရွာသူကြီးဆီက ရယူယုံနဲ့တင် အတည်ပြုထောက်ခံမဲအဖြစ် ထည့်သွင်းခဲ့တာပါ။ ကန့်ကွက်မဲတွေအားလုံးဟာလည်း ထောက်ခံမဲပုံးထဲ ရောက်သွားတာ။ ကန့်ကွက်မဲထည့်သူတွေကို တခါထောက်ခံမဲထည့်ဖို့ နှစ်ခါပြန်မဲထည့်ခိုင်းတာတွေ၊ ပေါင်းလိုက်တော့အဆုံးမှာ ၉၄ ရာခိုင်နှုန်း မဲပေးသူတွေအနက် ၉၂ ရာခိုင်နှုန်းကျော်သော လူထုထောက်ခံမဲနဲ့ အတည်ပြုကြောင်း ကမ္ဘာကို အရှက်ကင်းမဲ့စွာနဲ့ ကျေညာခဲ့တာဟာ အသက်ကို အရှက်နဲ့ လဲပြီး ကာကွယ်နေတာမဟုတ်ပါလား။

ဒီအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ဘဲ ၂ဝ၁ဝ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပမည်လို့ ပြောပြန်ပါတယ်။ ဒီဥပဒေတွေထဲမှာ အဆင့်တိုင်းသော အုပ်ချုပ်ရေးယန္တယားတွေမှာ စစ်တပ်က အရာရှိတွေက နေရာယူထားပါတယ်။ အထက်လွတ်တော်နဲ့ အောက်လွတ်တော်တွေမှာတင် မဟုတ်ပါဘူး။ တိုင်းဒေသကြီးတွေမှာ၊ ပြည်နယ်တွေမှာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာမက အုပ်ချုပ်ရေးစီရင်စုတွေအဆုံး စစ်တပ်က စစ်ဦးစီးချုပ်ကနေ ရွေးချယ်စေလွတ်လိုက်တဲ့ စစ်တပ်အရာရှိတွေက ပါဝင်စီမံအုပ်ချုပ်သွားဖို့ ဒီအခြေခံဥပဒေထဲမှာ အတိအလင်း ဖော်ပြထားပါတယ်။

ဒီစစ်တပ်က အရာရှိတွေကိုလည်း စစ်ဦးစီးချုပ်က သဘောမတူတဲ့ တာဝန်ကနေ ရွေ့ပြောင်းတာ၊ အဆင့်လျော့ချတာ၊ ဖြုတ်ပစ်တာမျိုးတွေကို ဘယ်အာဏာပိုင်ကမှ လုပ်ခွင့်မပြုထားပါဘူး။ ဒီတော့ လက်ရှိစစ်တပ်က အုပ်ချုပ်နေတာနဲ့ ၂ဝ၁ဝ ခု၊ ရွေးကောက်ပွဲပြီးလို့ ဖွဲ့စည်းမဲ့ အစိုးရသစ်က အုပ်ချုပ်မှာနဲ့ ဘယ်လိုကွာခြားမှု ရှိပါလဲလို့ မေးစရာရှိပါတယ်။ ကွာခြားတာ တစ်ခုရှိပါတယ်။ လက်ရှိစစ်တပ်က အုပ်ချုပ်နေတာ တရားလက်လွတ်၊ ဥပဒေမဲ့ လူထုတွေကို ဖိနှိပ်ကျွန်ပြုအုပ်ချုပ်နေပြီးတော့ ရွေးကောက်ပွဲပြီးယင် ဥပဒေနဲ့အညီ လူထုတွေကို ထာဝရစနစ်တကျ ဖိနှိပ်ကျွန်ပြုအုပ်ချုပ်ဖို့ဆိုတာ ကွာခြားသွားမှာ ဖြစ်ပါတယ်။

အပေါ်ယံအားဖြင့် လူတွေသိနေ၊ ကြားနေကြတာကတော့ လွတ်တော်အဆင့်တွေမှာ စစ်ဦးစီးချုပ်က ရွေးချယ်စေလွတ်မဲ့ စစ်တပ်က အရာရှိတွေ ၂၅ ရာခိုင်နှုန်းသာ ပါဝင်မယ်လို့ နားလည်ထားကြတာပါ။

ဒါပေမဲ့ အချို့ကတော့ နအဖရဲ့ အစီအစဉ်အတိုင်း မျောပြီး ရွေးကောက်ပွဲဝင်မယ်၊ ရတဲ့အာဏာလေးကိုယူပြီး လူထုတွေကို ဦးဆောင်မယ်။ အနီးကပ်တိုက်ပွဲဝင်မယ်။ တဖြေးဖြေးနဲ့ လမ်းမှန်ပေါ်ရောက်အောင် လုပ်ယူမယ်ဆိုတဲ့စဉ်းစားချက်တွေ ရှိကြပါတယ်။ အချို့ကလည်း ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတမှုမရှိနိုင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲမဖြစ်အောင် တိုက်ဖျက်ရမယ်ဆိုပြီး ပြင်ဆင်နေသူတွေလည်း ရှိပါတယ်။ နအဖ ကတော့ သူခင်းတဲ့ လမ်းပေါ်မှာ တသွေမတိမ်း ဆက်လျှောက်မှာပါဘဲ။ မပိုင်ဘဲနဲ့လည်း လုပ်မှာတော့ မဟုတ်ဘူးဆိုတာ မမေ့ဖို့ လိုပါတယ်။

ဒီနေရာမှာ အဓိကကျတာ လူထုတွေဘဲဖြစ်ပါတယ်။ တသက်လုံး မတရား ဖိနှိပ်အုပ်ချုပ်လာသူတွေကို တရားဝင်အာဏာရရှိအောင် ဥပဒေနဲ့အညီ စိတ်ထင်တိုင်း ကျွန်ပြုအုပ်ချုပ်သွားဖို့ အကြောက်တရားနဲ့ ဆက်လက် ထောက်ခံသွားကြမလား၊ သို့မဟုတ် ရှိတဲ့အားနဲ့ စည်းလုံးညီညွတ်စွာ ဆန့်ကျင်တိုက်ဖျက်သွားကြမလားဆိုတာ နေ့စဉ်နဲ့အမျှ စဉ်းစားပြင်ဆင်ထားကြဖို့ လိုအပ်နေပါပြီ။ ဒီအချိန်ဟာ အားလုံးရဲ့  အနာဂါတ်အတွက် အဆုံးအဖြတ်ပေးဖို့ အရေးကြီးနေတာပါ။

မကြာမီကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ပြောလိုက်တာကို ကြည်ပါဦး။ အခြေခံဥပဒေကို ပျက်လိုဖျက်ဆီးလုပ်သူတွေကို အပြင်းအထန်အရေးယူမည်လို့ ရာဇသံပေးလိုက်သလိုဘဲ ဗမာပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲကို မြင်ချင်ရင် သူတို့အပေါ် အနောက်နိုင်ငံတွေက ချထားတဲ့ ဗီဇာပိတ်ပင်မှုတွေ၊ စီးပွားရေးဒါဏ်ခတ်မှုတွေကို ရုပ်သိမ်းဖိုး တောင်းဆိုနေပါတယ်။ နအဖ ဟာအမြဲတမ်းဒီလိုနည်းတွေနဲ့ လက်ဦးမှု တွေယူဖို့ လုပ်လေ့ရှိပါတယ်။ တရုတ်၊  အိန္ဒိယနဲ့ ရုရှားတို့ နောက်ကွယ်မှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ ခရုစိုက်နေစရာ မလိုဘူးလို့လည်း ဆိုနေပါတယ်။

နောက်ဆုံးလာရောက်သွားတဲ့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ကလည်း ဗမာပြည်ကအပြန် မှတ်ချက်ပြုသွားတာကတော့ ဗမာပြည်ရဲ့ လူ့အခွင့်အရေးဟာ စိန်ခေါ်မှုတွေ ရှိနေတုန်းပါဘဲတဲ့။ ဘာစိန်ခေါ်မှုတွေလည်း မေးနေစရာ မလိုဘူးထင်ပါတယ်။

အနှစ် ၅ဝ နီးပါးလောက်ကို စစ်တပ်ကနေ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ထုတ်ယူရောင်းချလို့ ရတဲ့ ငွေတွေဟာ စစ်တပ်ကို တိုးချဲ့နေတာနဲ့ စစ်ဗိုလ်အချို့နဲ့ အပေါင်းပါစီးပွားရေးသမား တစ်စုတို့ကြောင့် လုံးပါးပါးတော့မဲ့ အခြေအနေကို ရောက်နေပါပြီ။ နောင်ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရပေါ်လာခဲ့ရင်တောင် ဘက်စုံထူထောင်ရေးလုပ်ငန်းတွေကို ကုန်းရုန်းလုပ်ဆောင်ရင်းနဲ့ ကြွေးမြီတွေ တင်ဖို့ရှိနိုင်ပါတယ်။

အကြောက်တရားကို မချေဖျောက်နိုင်ကြဘူးဆိုရင်ဖြင့် ထာဝရစစ်တပ်ရဲ့ ကျွန်ဖြစ်ယုံသာ ရှိပါတော့တယ်။ ဒါကြောင့် ရေစုန်မှာ လှေကြံုစီးရင်း ဘဝကို နစ်မျောဖို့ ဆုံးဖြတ်ကြမလား၊ သို့မဟုတ် ရေအဆန်မှာအားမာန် အပြည့်နဲ့ အန်တု ရင်ဆိုင်ကျော်ဖြတ်ရင်း ဆန်းသစ်တဲ့ အနာဂါတ်ဆီကို ဦးတည်ပြီး ကြမ္မာသစ်ကို ဖန်တီးကြမလား ဆိုတာ အသိပေးနိုးဆော်လိုပါတယ်။