ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလို ပုံသဏ္ဍန်မျိုးဖောက်လုပ်ထားတဲ့ မြစ်ကြီးနား-မြစ်ဆုံ ကွန်ကရစ် လမ်းမကြီး ပေါ်မှာ ကျနော်တို့ရဲ့ ကားလေးဟာ မြစ်ကြီးနားမြို့ကို ကျောခိုင်းပြီး မြစ်ဆုံဘက်ကို ဦးတည်ခဲ့ပါ တယ်။ မိုင်တိုင်တွေ တခုပြီး တခု တရိပ်ရိပ်နဲ့ ကျော်ဖြတ်လာခဲ့ ပါတယ်။
နှစ်လမ်းသွားပုံစံ ခင်းထားတဲ့ ဒီကွန်ကရစ်လမ်းမကြီးဟာ မြစ်ဆုံ ရေကာတာ စီမံကိန်း လုပ်ငန်းစတင်တုန်းက တရုတ်နိုင်ငံ China Power Investment (CPI) ကုမ္ပဏီက သူတို့ကားတွေ အလွယ်တကူ သွားလာလို့ အဆင်ပြေအောင် ရည်ရွယ်ချက်ဖြင့် လကမ္ဘာလို ချိုင့်တွေ၊ ခွက်တွေ ဖြစ်နေတဲ့ လမ်းဟောင်းကို အရင်တစ်လမ်း လုံး ပြင်ပြီး ဖောက်လုပ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။
ညီညီညာညာ ခင်းထားတဲ့ဒီလမ်းမကြီးပေါ်မှာ ကားစီးရတာ ငြိမ့်လှပေမယ့် လမ်းစည်းကမ်းကို သိပ်မသိကြတဲ့ မြစ်ကြီးနားမြို့သားတွေက လမ်းပေါ်မှာဆိုင်ကယ်တွေကို ဦးထုပ်မဆောင်းဘဲ ယာဉ်လမ်း ကြောင်းတွေကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၊ ပိတ်မောင်းလိုက် ဝူးကနဲ ဗြဲကနဲ ခပ်ကြမ်းကြမ်းမောင်းလိုက်နဲ့လုပ်နေတဲ့ ဒေသခံတွေ၊ ရံဖန်ရံခါ ကားလမ်းကို ဖြတ်တက်နေတဲ့ ကျွဲ၊ နွားတွေကြောင့် ရင်တထိတ်ထိတ်တော့ဖြစ် မိပါတယ်။
ဒါပေမယ့် အသက် ၂၀ ကျော်သာ ရှိသေးတဲ့ ကျနော်တို့ ယာဉ်မောင်းက အရွယ်နဲ့မမျှအောင် သီးခံနိုင်စွမ်းရှိ သူလို့ ပြောရပါမယ်။ လမ်းပေါ်မှာ တွေ့ရတဲ့ဒီအခက်အခဲတွေကို စိတ်ရှည်သီးခံပြီးတော့ ကားကို ညှင်ညှင် သာသာပဲ ဂရုတစိုက်ရှောင်ကွင်းမောင်းနှင် ခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ အစိုးရ စစ်တပ်တွေ အကြား တိုက်ပွဲတွေဖြစ်နေတုန်းကာလက အစစ်အဆေးများတဲ့ ဒီလမ်းမကြီးဟာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တွေ မြစ်ကြီးနားမြို့ပေါ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် စစ်ဆေးမှုတွေ မရှိတော့ဘဲ စစ်ဆေးရေး ဂိတ်တွေကိုပါရုတ်သိမ်းလိုက်တာတွေ့မြင်ခဲ့ရပါတယ်။
လမ်းတစ်လျှောက်မှာ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေ၊ တောင်တန်းတွေကို ကိုဖြတ်သန်းရင်း လတ်ဆတ်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်ခွင့်ရခဲ့သလိုစာသင်ကျောင်းတွေနားရောက်ပြန်ရင်လည်း ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ စာအံသံ သဲ့သဲ့လေးတွေကိုလည်း ကြားရတော့ ရင်ထဲမှာအလိုလိုကြည်နူး ပီတိဖြစ်မိခဲ့ပါတယ်။
အဖြူ၊အစိမ်းဝတ်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ ကျောင်းဝန်းထဲမှာ ပြေးကစားနေတာလေးတွေ တွေ့ရပြန်တော့လည်း KIO နဲ့ အစိုးရတို့အကြားမှာထာဝရငြိမ်းချမ်းရေးရရှိပြီးသွားရင် ဒေသဖွံ့ဖြိုးလာတာနဲ့အမျှ ကျောင်းမတက်နိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေပါ ကျောင်းဝန်းထဲကိုရောက်လာလိမ့်မယ်လို့လည်း တွေးမိပြန်ပါတယ်။
ဒီလိုတွေးနေရင်းမှာပဲ မြစ်ကြီးနားမြို့ပေါ်ကထွက်လာခဲ့ကတည်းက ကျနော်တို့ကားကလေးမောင်းနှင်လာတဲ့ လမ်းမကြီးက ဆုံးသွားတဲ့အတွက် လမ်းမကြီးရဲ့ဘယ်ဘက်ခြမ်းက လမ်းသွယ်လေးထဲကို ချိုးဝင်လိုက်တယ် ဆိုရင်ပဲ တလမ်းလုံး သက်တောင့်သက်သာ စီးလာခဲ့တဲ့ ကျနော်တို့ကားလေးဟာ ဘယ်ညာ ယိမ်းထိုးနေပြီးလူ တွေလည်း တစ်ယောက်နဲ့ တယောက် ခေါင်းချင်းတောင် ရိုက်မိတော့မတတ်ပါဘဲ။
မြစ်ဆုံရေကာတာ စီမံကိန်း ဆိုတဲ့ ဆိုင်းပုုဒ် တည့်တည့်မှာ ကွန်ကရစ်ခင်ထားတဲ့ အမြန်လမ်းမ ကြီးက ပြီးဆုံုးသွားပြီး မြစ်ဆုံသွားတဲ့ ဘက်လမ်းကိုတော့ မွန်းမံပြင်ဆင်တာတွေ လုံးဝ လုပ်ပေးထားတာမရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံဘက်ကို သွားရောက်လေ့လာတာ၊ အပန်းဖြေသွားတာတွေကို ကန့်သတ်ထားလိုတဲ့အတွက် လမ်းကို မပြုပြင်ဘဲ ထားတာလို့ ကားသမားက ရှင်းပြလို့ သိရပါတယ်။
လမ်းမကြီးဆုံးလို့ မြစ်ဆုံဘက်ကို ချိုးတဲ့ လမ်းထဲဝင်ပြီးတာနဲ့ လမ်းတလျှောက် ဘယ်၊ ညာမှာ ခဏခဏ တွေ့မြင်ရတဲ့ ဆိုင်းဘုတ်တွေ ကတော့ “ကျူးကျော်ခြင်းလုံးဝမပြုရ စစ်တပ်နယ်မြေ” ဆိုတာတွေပါ။ ဒီဆိုင်းဘုတ်တွေ ထောင်ထားတဲ့ မြေတွေဟာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ခြံမြေတွေဖြစ်ပြီး မြစ်ဆုံစီမံကိန်း စတင်ဖို့လုပ်တဲ့အချိန် ၂၀၀၉ ခုနှစ်လောက်မှာ အစိုးရ စစ်တပ်က သိမ်းလိုက်တာလို့ သိရပါတယ်။
ဘိုးဘွားလက်ထက်ကတည်းက ဒီမြေတွေပေါ်မှာပဲ ဓားမဦးချ လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေမှာ သူတို့ပိုင်ဆိုင်တဲ့ မြေတွေကို စစ်တပ်ကသိမ်းလိုက်ပြီးတဲ့နောက် အစားထိုးနေရာလည်းပြန်မရတဲ့အတွက် ဝမ်းရေးအတွက် ဒီကနေ့ အချိန်ထိ ချူချူချာချာနဲ့ပဲ လည်ပတ်နေကြရပါတယ်။
ခရီးဆက်လာရင်း မြစ်ဆုံနားက တန်ဖဲရွာကိုရောက်တော့ ရွာအနေအထား တော်တော်ပြောင်းလဲသွားတာကို တွေ့ရပြီး အံ့သြရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ၁၉၉၈ ခုနှစ်တုန်းက ကျနော့်မွေးစား အဖေ က ကျနော်တို့ မိသားစုကို အပန်းဖြေ အဖြစ် မြစ်ဆုံကို ခေါ်လည်ခဲ့ဘူးပါတယ်။
အဲဒီတုန်းက ဒီပုံစံ လုံးဝ မဟုတ်ပါဘူး။ တန်ဖဲရွာ အဝင်လမ်းမ ဘယ်ညာ ဘက်မှာ မိသားစုု စျေးဆိုင်တန်းတွေ စားသောက်ဆိုင်တန်းတွေ ရှိပြီး လူတွေနဲ့စည်းကားနေတာမြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက အခြေအနေနဲ့ မြင်ကွင်းဟာ ဒီဒေသခံတွေရဲ့ စားဝတ်နေရေး အဆင် ပြေနေတဲ့ မြင်ကွင်းပါ။ ဒါတင်မကသေးဘူးရွာအပြင်မှာ ဆိုရင်လည်း ဒညင်းခြံတွေ၊ လိမ္မော်ခြံတွေ ဆိုရင် ရှုမျှော်မဆုံး မြင်ခဲ့ရတာလေ။
အခု ၁၅ နှစ်အကြာ ပြန်ရောက်တဲ့ အခါမှာတော့ အရင်ကထက် အများကြီး တိုးတက်လာရမယ့် နေရာမှာ သရဲ တစေ ္ဆတွေ ခိုေအောင်း နေတဲ့ ရွာပျက်ကြီးတစ်ခုလိုဖြစ်နေပြီး အရင် လူစည်းကားတဲ့ စျေးဆိုင်တန်းတွေ၊ စားသောက်ဆိုင်တန်းတွေဟာ ခြံုပင်၊ နွယ်ပင်တွေနဲ့ အိမ်ပျက်ကြီး တွေကအစားထိုးနေရာယူထားသလို ဖြစ်နေပါတယ်။
အရင်က မြင်ခဲ့ရတဲ့ ဝင်းဝင်း မှည့်မှည့် လိမ္မော်ခြံတွေနဲ့ မျှော်မဆုံး မြင်ခဲ့ရတဲ့ ဒညင်းခြံတွေရဲ့ နေရာတွေမှာ အခုတော့ ပြောင်းပြန်လှန်လိုက်သလိုကျောက်ခဲပုံတွေကိုပဲ တွေ့မြင်ရတာကတော့ ရင်နင့်စရာပါ။
ဒီတန်ဖဲကျေးရွာကို မြစ်ဆုံုရေကာတာ စီမံကိန်း ပြုလုုပ်စဉ်က ရေဝပ် ဧရိယာ အဖြစ်သတ်မှတ်ပြီး ရွာသားတွေကို အောင်မြင်သာ စံပြကျေးရွာကိုအတင်းအဓမ္မပြောင်းရွှေ့စေခဲ့တာ ဖြစ်တယ်လို့ အတူ ပါလာတဲ့မြစ်ကြီးနား သား တဦး က ရှင်းပြပါတယ်။
အောင်မြင်သာ စံပြကျေးရွာကို မပြောင်းချင်တဲ့ ရွာသားတချို့ရဲ့ အိမ် တစ်လုံး နှစ်လုံး ရှိပါသေးတယ်။ ဒီလူတွေဟာ ရေဝပ်ရင်လည်း အသေခံသွားကြမယ့်သူတွေဖြစ်တယ်လို့ မြစ်နားကြီးနားမြို့သားက ပြောပြပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် CPI ကအစားထိုးပေးတဲ့ အိမ်တွေဟာ ခိုင်ခန့်မှုမရှိတဲ့ အပြင် အဲ့ဒီဒေသမှာသီးနှံစိုက်ပျိုးလို့မရတဲ့အတွက် ရွာသားတွေဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေရတာကြောင့် မပြောင်းချင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
မြစ်ဆုံရေကာတာ စီမံကိန်း ရေဝပ်ဧရိယာအတွင်း ကျရောက်တဲ့ တန်ဖဲရွာကို ပြောင်းရွေ့စေပြီး တဲ့နောက် ဒီနေရာတွေမှာ ရွှေတူးဖော်ရေးတွေလုပ်တာလည်းရှိတယ်လို့ သိရပါတယ်။ ရွှေတူးဖော်ရေး လုပ်ငန်းတွေ လုပ်ထားတဲ့အတွက် တန်ဖဲရွာဟာ ဧရာမ ချိုင့်ခွက်တွေနဲ့ မြေဇာပုံတွေ ကျောက်ခဲပုံတွေ ဖြစ်နေပြီး သဘာဝပတ်ဝန်းကျင် အများကြီးပျက်စီးနေတာကို မြင်တွေ့ရပါတယ်။
သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းကို သူရဲ့ သမ္မတသက်တမ်းမှာ ရပ်ထားမှာဖြစ်တယ်လို့ ပြောထားတဲ့အတွက် အောင်မြင်သာစံပြကျေးရွာကိုပြောင်းရွေ့ခံထားရတဲ့ တန်ဖဲရွာသားတွေက နဂိုမူလ နေရာကို ပြန်ပြီး အခြေချ နေထိုင်ချင်ကြပေမယ့် ပြောင်းရွေ့ခွင့်မရကြဘူးလို့ သိရပါတယ်။
ဒီရွာက အဖြစ်အပျက်လေးတွေကို တွေးနေရင်းနဲ့ပဲ တန်ဖဲရွာကိုကျော်လာပြီး မြစ်ဆုံကို ရောက်ခဲ့ပါတော့တယ်။ ပတ်ဝန်းကျင် တခုလုံးက တိတ်ဆိတ်နေပြီးလာရောက်လည်ပတ်တဲ့ သူတွေ၊ စားသောက် အပန်းဖြေနိုင်ဖို့ အဖြစ်သဘောလောက်ရှိတဲ့ စားသောက်ဆိုင် နှစ်ဆိုင်နဲ့ မြစ်ဆုံ တဖက်ကမ်းကို ကူးမယ့် လူတွေနဲ့ရွှေမှော်ကိုသွားမယ့် လူတွေလောက်ပဲ တွေ့ရပါတယ်။
မြစ်ဆုံ အဝင်ဝမှာ တည်ထားကိုးကွယ်တဲ့ ရွှေရောင် စေတီရင်ပြင်ပေါ်မှာလည်း ဖူးမျှော်သူ တစ်ဦးတယောက်မှ မတွေ့ရဘဲ ရင်ပြင်တော်ပေါ်မှာ နွယ်ပင်၊ မြက်ပင်တွေနဲ့ နှောက်ချေးတွေသာ တွေ့ရပါတယ်။
လမ်းကြမ်းကို ဖြတ်လာရတာမို့ ဗိုက်ဆာနေတာနဲ့ ကျနော်တို့ အဖွဲ့ စားသောက်ဆိုင်ထဲကို ဝင်သွားတော့ ဆိုင်ထဲက ရှိတဲ့ စားပွဲဝိုင်း အချို့မှာ ထိုင်နေတဲ့ ဧည့်သည်တွေက လူစိမ်းမို့လို့ထင်ပါတယ် အကဲခပ်သလိုလိုကြည့်ကြတယ်။
ကျနော််တို့ စားပွဲကို အသက် ၃၀ ကျော်အရွယ်လောက်ရှိတဲ့ အသားဖြူဖြူ စားဖိုမှူး အမျိုးသမီးတစ်ယောက်က ရနိုင်တဲ့ အစားအစာတွေကို ဖော်ဖော်ရွေရွေ ရှင်းပြတယ်။ မစားရတာ ကြာပြီဖြစ်တဲ့ မြစ်ဆုံ ငါးကင်၊ ကြက်ကချင်ချက်၊ ပန်းဥထောင်းနဲ့ ပိန်းဥဟင်းရည် ကို အားတက်သရောမှာလိုက်ပါတယ်။
ဆိုင်ရှင်ဖြစ်ဟန်ရှိတဲ့ အသက် ၄၀ အရွယ် အသားဖြူဖြူ ခပ်ဝဝ အစ်မကြီးက ကျနော်တို့ကို ဘယ်ကနေ လာကြတာလဲဆိုပြီး စိတ်ဝင်တစား လာမေးပါတယ်။ ကျနော်တို့လည်း တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးပြီး ကျနော်တို့နဲ့ အတူ ပါလာတဲ့ နိုင်ငံခြားသား ကိုတော့ ဆိုင်ရှင်အစ်မက “Welcome to Myitsone” ဆိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။
ကျနော်က ကချင်ရိုးရာ အိမ်ချက် အရက်တမျိုးဖြစ်တဲ့ စပီ တစ်ဗူး (ရေတကောင်းဗူး) ကို ထပ်မှာလိုက်တော့ အတူပါလာတဲ့ နိုင်ငံခြားသား သူငယ်ချင်းက စပီဆိုတာ ဘာလဲဆိုပြီး မေးလာတော့ ကျွန်တော့်မှာ “စပီကို ကောက်ညှင်းဆန်၊ ငချိတ်ဆန် တို့ကို ပေါင်းပြီး သဘာဝ ဆေးမှုန့် ကချင်အခေါ် (မစီ) ထည့်ပြီး လုပ်ထားတာ ချိုချိုခါးခါး အရသာ ရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကြောင်း” ရှင်းပြလိုက်ရပါသေးတယ်။
စပီကိစ္စက မဆုံးသေးပါဘူး။ စပီကို အရွယ်ရောက်တဲ့ ကချင် အမျိုးသမီး၊ အမျိုးသားတိုင်း သောက်သုံးလေ့ ရှိသလို နေ့စဉ်ပုံမှန် သောက်သုံးခြင်းအာဖြင့်လည်း ခန္ဒာကိုယ် အသားအရေ စိုပြေစေပြီး အားလည်းဖြစ် စေကြောင်း အရင်က ကချင်အိမ်တိုင်းမှာ စပီရှိပြီး ရိုးရာ အိမ်တက်မင်္ဂလာ၊ လက်ထပ်ထိမ်းမြားမင်္ဂလာတွေမှာ ဒီ စပီကို အသုံးပြုတဲ့အကြောင်း များများ သောက်ရင်တော့ မူးတတ်ကြောင်းကိုပါ စားရင်း သောက်ရင်းနဲ့ စပီ အကြောင်း စီကာပတ်ကုံး ရှင်းပြပေးလိုက်ပါတယ်။
မကြာခင်မှာပဲ ကျွန်တော်တို့မှာထားတဲ့ဟင်းတွေကို ဆိုင်ရှင်က သယ်ယူလာပြီး ‘ဒါက မြစ်ဆုံငါးကင်၊ ဒီဒေသမှာ နာမည်ကြီးတယ် ရေချို ငါးဖြစ်ပြီး အရသာလည်း ရှိတယ်’လို့ သူကကြော်ငြာကောင်းနေတုံး အတူပါလာတဲ့ နိုင်ငံခြားသားကတော့ ‘မြစ်ဆုံ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရွှေတူးနေတဲ့အတွက် ရွှေတူးတဲ့ အချိန် အသုံးပြုတဲ့ ပြဒါးတွေဟာ ဒီငါးတွေကို အဆိပ်သင့်စေနိုင်တဲ့အတွက် မစားရဲဘူး’ လို့ ငြင်းလိုက်လေသတည်း။
ဆိုင်ရှင် အမျိုးသမီးက စိတ်မကောင်းဖြစ်သွားဟန်ရှိပြီး ‘ဒါတွေသူမသိကြောင်း၊ ဒီဒေသတစ်ဝိုက်မှာတော့ ရွှေတူတဲ့သူတွေ အများ အပြားရှိကြောင်း ဒါပေမယ့် အခုလိုအဆိပ်သင့်နိုင်တယ်ဆိုုတာ သူမသိကြောင်း ပြောပြပြီး ဒီမြစ်ဆုံကို နိုင်ငံခြားသားတွေ မလာတာ ကြာပြီဖြစ်ကြောင်း၊ ကေအိုင်အေနဲ့ အစိုးရတို့ စစ်ဖြစ်နေတဲ့အတွက် နိုင်ငံခြားသားတွေလည်း မြစ်ဆုံမလာနိုင်တာဖြစ်ကြောင်း အခုလို နုုိင်ငံခြားသားတွေ မြစ်ဆုံကို လာရောက် လည်ပတ်နိုင်တာ သိပ်မကြာသေးကြောင်း’ သူက အခြေအနေအားလုံးရှင်းပြတော့တယ်။
သူတို့ ဒီမြစ်ဆုံမှာ စားသောက်ဆိုင်ဖွင့်လာခဲ့တာ ကြာခဲ့ပြီဖြစ်တဲ့ အကြောင်းနဲ့ အရင်က ဒီနေရာမှာ စားသောက်ဆိုင် အမြောက်အများရှိခဲ့ချိန် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လူတွေနဲ့ အမြဲစည်ကားကြောင်း မြစ်ကြီးနား သားတွေလည်း အမြဲလာရောက် လည်ပတ်ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုုတ်ပြည်ဘက်က တရုုတ်လူမျိုးတွေလည်း မိုးကုန်ကာလတွေမှာ အမြဲလာရောက်လည် ပတ်လေ့ ရှိပြီး နိုင်ငံခြားသား တွေကိုလည်း အရင်က မကြာ ခဏ လာကြောင်း၊ နိုင်ငံအတွင်းက တက္ကသုုိလ် ကျောင်းသူ ကျောင်းသားတွေလည်း မကြာခဏ ဆိုသလို မေခ၊ မလိခဆုံတဲ့ မြစ်ဆုံရဲ့ အလှကို လူတိုင်းမျှဝေခံစားပြီး ကြည်နူးခဲ့ရကြောင်း အရင်က မြစ်ဆုံမှာ စည်ကားခဲ့တဲ့အကြောင်းတွေကို အားပါးတရ ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် မျှော်လင့်မထားတဲ့ ရေကာတာ တည်ဆောက်မယ့် စီမံကိန်းကြီး မြစ်ဆုံပေါ်မှာရောက်ချလာတော့ မြစ်ဆုံကို အလည်လာတဲ့သူတွေလည်း နည်းပါးသွားပြီး စားသောက်ဆိုင် တော်တော်များများလည်း ရောင်းမကောင်းတော့ ပိတ်လိုက်ကြရသလို မြစ်ဆုံ ပတ်ဝန်းကျင်တခုလုံးမှာလည်း တိတ်ဆိတ်ပြီး ရွှေတူးဖော်မှုတွေကာသာ များလာတဲ့ဒဏ်ကြောင့် သဘာဝ အလှတရားတွေ ဖြည်းဖြည်းချင်းပျောက်ကွယ် လာတယ်လို့ ဆိုပါတယ်။
မြစ်ဆုံရဲ့အလှတရားတွေ မျက်စိရှေ့က ကွယ်ပျောက်လာတဲ့ကြောင်းကို ရှင်းပြနေတဲ့ ဆိုင်ရှင် အမျိုးသမီးက ‘ မြစ်ဆုံကို အရင်လို သဘာဝအတိုင်း အမြဲထာဝရ တည်မြဲစေချင်ပြီး အရင်အတိုင်း စည်ကားတဲ့ နေရာတစ်ခု ပြန်ဖြစ်စေချင်ပေမယ့် တကယ်တမ်းမှာ တမ်းတနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး’ လို့ စိတ်မသက်မသာ ညည်းတွားပြောဆိုခဲ့ပါတယ်။
မြစ်ဆုံအလှကို အလွမ်းပုံရိပ်တွေနဲ့ ရှင်းပြနေတဲ့ ဆိုင်ရှင် အမျိုးသမီးရဲ့ မျက်နှာ အမူအရာကို ကြည့်ပြီး အတူပါလာတဲ့ နိုင်ငံခြားသားကလည်း စိတ်မသက်မသာဖြစ်ဟန်ရှိသလို ကျန်တဲ့ ကျန်နော်တို့တွေ လေးယောက်လည်း ရှင်းပြနေတဲ့ ဒေသခံ ဆိုင်ရှင်အမျိုးသမီးနဲ့ ထပ်တူ မြစ်ဆုံအတွက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်ဆိုတာ ငြင်းလို့ မရတာ အမှန်ပါ။
ဆိုင်ရဲ့ အပြင်ဘက်မှာတော့ ဧရာဝတီမြစ်လေးကတော့ နာခံခြင်းအပြည့်နဲ့ တသွင်သွင်စီးဆင်းနေဆဲပါပဲ။ တဖက်မှာတော့ ရေစီးသန်တဲ့ ဧရာဝတီမြစ်ကို အံတုရင်း မလိခ မြစ်တစ်ဘက်ကမ်းက ရွှေမော်ကို သွားဖို့ စားသောက်ကုန် ပစ္စည်းတွေနဲ့ စက်ပစ္စည်းတချို့ကို အပြည့်သယ်ပြီး တရွေ ့ရွေ့ ဖြတ်ကူးနေတဲ့ စက်လှေတစ်စီးကို ငေးမောနေရင်း ဆိုင်ရှင်အမျိုးသမီး တမ်းတတဲ့အတိုင်း တစ်နေ့ကျရင် မြစ်ဆုံဒေသကို အရင်လို သဘာဝအတိုင်း ပြန်လည်စည်ကားလာပါစေလို့ပဲ ရင်ထဲမှာ ကြိတ်ဆုတောင်းရင်း မြစ်ဆုံကို ကျောခိုင်းခဲ့ပါတယ်။