အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ နအဖ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) အဆင့် (၇) ခုထဲက အဆင့် (၂) မှာ အမျိုးသားညီလာခံကြီးအောင်မြင်စွာ ကျင်းပ....
အသွင်ကူးပြောင်းရေး မအောင်မမြင်ဖြစ်ခဲ့ရတာဟာ နအဖ အစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လည်း ဆိုတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံ (Road Map) အဆင့် (၇) ခုထဲက အဆင့် (၂) မှာ အမျိုးသားညီလာခံကြီးအောင်မြင်စွာ ကျင်းပ ပြီးစီးတဲ့အခါ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်တွေကိုတဆင့်ပြီး တဆင့် ဆက်လက်ဆောင်ရွက်ခြင်း လို့ အတိအလင်း ရေးသားထားပေမဲ့ အဲဒီ ဒုတိယအဆင့်ကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်သွားခဲ့တယ် ဆိုတာကိုတော့ ပြည်သူလူထုကို ပိုမိုတိကျပြီး ရှင်းလင်း အသိပေးခြင်း မရှိခဲ့တဲ့အပြင် ၎င်းတို့နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာမျိုး မရှိခဲ့တဲ့အတွက် အဲဒီအဆင့် (၂) ရဲ့ ဖြစ်စဉ် (Process) ကို မသိနားမလည် ဖြစ်ခဲ့ရပါတယ်။
ဖြစ်စဉ် (၂) ကိုရှင်းရှင်းလင်းလင်း မသိရဘဲ Road Map အဆင့် ၃၊ ၄ ဖြစ်တဲ့ အခြေခံဥပဒေရေးဆွဲခြင်း၊ အတည်ပြုရေး လုပ်ဆောင် လာတဲ့ အပေါ် အပစ်ရပ်အဖွဲ့တွေအနေနဲ့ သံသယရှိခဲ့ကြပါတယ်။ ဒါ့အပြင် တဖက်သတ်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကိုလည်း နအဖ ကိုယ်၌က စိုးရိမ်စွာမကင်း ရေးဆွဲခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ ဒါက အခြေခံမူနဲ့ အသေးစိတ် အခြေခံရမယ့် မူတွေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲနဲ့ အတည်ပြုမယ်လို့ ဆိုထားခဲ့ပါတယ် (အခြေခံရမည့်မူများ- အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များပါ - ၁ ကိုကြည့်) လို့ ပြောဆိုညွန်းထားပေမယ့် တကယ့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ‘ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဌာန်းမည်’ လို့ မူလအခြေခံမူနှင့် ကွဲလွဲစွာ ရေးဆွဲထားတာကိုတွေ့ရပြန်ပါတယ် (အခြေခံဥပဒေ ပုဒ်မ - ၄၄၁ ကြည့်ပါ)။ ဆိုလိုတာက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဖို့ မလိုဘဲ မဲလာရောက်ထည့်သူ ထက်ဝက်ကျော်က ဆန္ဒမဲပေးရန်လိုပြီး၊ အဲဒီလို မဲလာပေးတဲ့ သူတွေရဲ့ မဲအရေအတွက် အများဆုံးနဲ့ပဲ အတည်ပြုရေးပဲ ဖြစ်နေပါတယ်။ အခုလို အခြေခံရမယ့် မူနဲ့ ကွဲလွဲတဲ့ ၎င်းတို့ရဲ့ Road Map အမှတ်စဉ် (၂) ကို ကျော်လွန်ပြီးတော့ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ခြင်းဟာ အပစ်ရပ်အဖွဲ့တွေကို အခြေခံဥပဒေနဲ့ အကြပ်ကိုင်ဖို့ သက်သက်ပဲ ဖြစ်တယ်လို့ အပစ်ရပ်အဖွဲ့ဝင်အများစုက ယုံကြည်နေကြပါတယ်။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲပါ KIO နဲ့ န၀တ အကြား အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူ စာချုပ်အမှတ်စဉ် ၄ (ဋ) မှာလည်း ပထမအဆင့် အောင်မြင် အထမြောက်ခဲ့ရင် ဒုတိယအဆင့်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်း လာရေးကို ဥပဒေဘောင်အတွင်းကနေ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက်၊ KIO တပ်ဖွဲ့ဝင်တွေကို ပြန်လည်နေရာချထားရေးအတွက် ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပေမဲ့ တဖက်မှာ အခြေခံဥပဒေကို ရေးဆွဲပြီးမှ KIO တပ်ပြန်လည်နေရာ ချထားရေး ပြောလာခြင်းဟာလည်း သဘောတူစာချုပ်နှင့် ကွဲလွဲနေတာကို လေ့လာတွေ့ရှိရပါတယ်။ ဆိုလိုတာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် မပေါ်ခင် KIO တပ် ပြန်လည်နေရာချထားရေးကို အရင်ဦးဆုံး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ရက်စွဲပါ အသွင်ကူးပြောင်းရေး ပြောဆိုတဲ့နေရာမှာလည်း ၂ ဖွဲ့အကြား ညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ နအဖ ဖက်က အမိန့် (Order) ကိုဖတ်ပြခြင်း သက်သက်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဒီအပေါ်မှာ KIO အပါအ၀င် အပစ်ရပ်အဖွဲ့အများစုက နအဖ အပေါ် များစွာ သံသယဖြစ်လာခဲ့ရပါတယ်။ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးထက် ငြိမ်းချမ်းရေးကို ဗန်းပြပြီး အပစ်ရပ် အဖွဲ့တွေကို လက်နက်ချရေးဖက်ကိုသာ ဦးတည်နေတာဖြစ်တယ်လို့ ယူဆလာကြပါတယ်။ အကယ်၍ နအဖ အနေနဲ့ ပင်လုံကတိ က၀တ်ကို လိုက်နာမယ်ဆိုရင် တဖက်မှာ KIO က လက်နက်အပြီးအပိုင် စွန့်လွှတ်မယ်လို့လည်း အတိအသင်း ပြောထားပြီးသား ဖြစ်ပါတယ်။
အထက်က KIO ရဲ့ယူဆချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ အထင်းသား ပေါ်လွင်လာခဲ့ပါသည်။ အဲဒီနေ့မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က KIO ထိပ်ပိုင်းခေါင်းဆောင်တွေကို ခေါ်ယူပြီး ‘အသွင်ကူးပြောင်းရေးလုပ်ရန် မလိုတော့ကြောင်း၊ လက်နက်ချရင်ချ၊ မချရင် ဒီနှစ် စက်တင်ဘာလ (၁) ရက်နေ့က စပြီး၊ ၁၉၉၄ ခုနှစ်မတိုင်မှီက အခြေအနေအတိုင်း ပြန်ပြီးဖြစ်မယ်လို့ မှတ်ယူမယ် ဖြစ်ကြောင်း’ နှုတ်နဲ့ပြောဆိုခဲ့တာရှိသလို စာနဲ့လည်း တရားဝင် အကြောင်းကြား အသိပေးခဲ့ကြောင်း အဲဒီစာမှာတော့ ‘အသွင် ကူးပြောင်းရေး အစီအစဉ်ကို ဆက်မလုပ်တော့ကြောင်း လက်နက်စွန့်လွှတ်ရေးကို (၁-၉-၂၀၁၀) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက် ရမည်ဖြစ်ပြီး၊ ထိုနေ့ထက် ကျော်လွန်လာပါက နဂိုမူလလက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်လိုက်မည်ဖြစ်ကြောင်း ပါရှိသည်’ ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်က ပြုလုပ်ထားခဲ့တဲ့ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်ကို မျက်ကွယ် ပြုရာရောက်နေပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၄၄၅) နဲ့လည်း ကွဲလွဲနေတာကို တွေ့ရှိရပါတယ်။ နအဖ ရဲ့ ဆောင်ရွက်ချက် တွေကို မျက်ကွယ်ပြုမယ်ဆိုရင်တော့ နအဖ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ချိုးဖောက်ရာ ရောက်တယ်လို့ ယူဆစရာ ဖြစ်နေ ပြန်ပါတယ်။
နအဖ စစ်အစိုးရအနေနဲ့ ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံပါ အချက်တွေနဲ့ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူ စာချုပ်ကို၎င်း၊ အခြေခံရမည့်မူများကို၎င်း မလိုက်နာတဲ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ အခြေခံဥပဒေနဲ့ ကွဲလွဲစွာ ပြောဆိုခြင်းတို့ဟာ အသွင်ကူးပြောင်းရေး မအောင်မမြင် ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းခံ ဖြစ်နေတယ်လို့ KIO က ယူဆနေကြောင်း သုံးသပ် တင်ပြ အပ်ပါတယ်။