တိုင်းရင်းသား နိုင်ငံရေးဟု ဆိုသော ထို “Ethno-Politic” ဝေါဟာ ရအား အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်ရေး အင်စတီကျု့စ် (USIP) မှ ပြီးခဲ့သည့် ၂၀၁၄ မတ်လ ဆန်း၌ ထုတ်ဝေခဲ့သော “Media and conflict in Myanmar” ဟူသည့် အစီရင်ခံစာ၌ “Ethno-Politic” ဟု စတင်သုံးနှုန်းခဲ့သည်ကို ဖတ်ရှူခဲ့ရသည်။
မြန်မာနိုင်ငံတွင်းရှိ “တိုင်းရင်းသား အရေးသည်” နိုင်ငံရေး ပြဿနာ တစ်ရပ်ဖြစ်သည်ဟူသော တိုင်းရင်းသား ခေါင်းဆောင်အစဉ် အဆက်၏ထောက်ပြ ချက်ကိုကား ယနေ့အထိ အစိုးရမှ တိတိပပ လက်ခံသည် လက်မခံသည် ဟူသော ပြောကြား ချက်မျိုး မရှိသေးပေ။
သို့သော်လည်း ပွင့်လင်းလာသည့် ၂၀၁၀ နိုင်ငံရေး ပြုပြုင် ပြောင်းလဲရေး နောက်ပိုင်း၌မူ ယခင်အရိပ် တစ္ဆေမည်းကြီးကဲ့သို့ အစိုးရမှသမုတ်ခဲ့သော “ဖက်ဒရယ်” မူကို လက်ခံနိုင်ကြောင်း အစိုးရထိပ်တန်းခေါင်း ဆောင်များပြောကြားချက်ကိုကား သတင်း မီဒီယာများ၌ မကြာခဏ တွေ့မြင် ရပေသည်။
သမိုင်းကြောင်း ဖြစ်တည်ပုံ ကွဲပြားခြင်း၊ ကွဲပြားသော ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာများကြောင့် တိုင်းရင်းသားလူမျိုးများသည် ထူးခြားသောအသွင် သဏ္ဍာန်များနှင့် သီးခြားဆန်သည့် လူမျိုးစုများအသွင်အဖြစ် မြန်မာ့နိုင်ငံတွင်း၌ တည်ရှိ ခဲ့ပေသည်။
ထိုမတူ ကွဲပြားမှုသည် မြန်မာနိုင်ငံအား ကွဲပြားသောအလှတရားများစုဆည်းရာအဖြစ် ရှုမြင်ရန် မှသည် အကွဲကွဲ အပြားပြား ဖြစ်ရေး ဆီသို့ ဦးတည်သော တည်ရှိမှု အဖြစ် အစိုးရ အဆက်ဆက်က သဘောထားခဲ့ကြပေ သည်။
ခေတ်အဆက်ဆက် နိုင်ငံရေး တိုက်ပွဲများတွင် မြန်မာ့နိုင်ငံရေးသည် ဗမာ့ နိုင်ငံရေး အသွင် အဖြစ်သာ လှုပ်ရှား ခဲ့သည်။ အလားတူ မြန်မာနိုင်ငံတွင်း၌ တည်ရှိ နေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုများသည်လည်း ဗမာ့နိုင်ငံရေး နည်းတူ တိုင်းရင်းသား နိုင်ငံရေးအတွက် ပုံဖော်ခဲ့ကြပေသည်။
ဤပုံဖော်မှုသည် မြန်မာ့၌ သာမက ကမ္ဘာ၌ပါ ကျောကြားသွားခဲ့ရသည့် ကမ္ဘာ့ အရှည်ကြာဆုံးသော ပြည်တွင်း စစ် အနှစ် (၆၀) ကျော်ကြာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာအစိုးရ လက်နက်ကိုင်အဖွဲ့တို့ အကြား လက်နက်ကိုင် လမ်းစဉ်ဖြင့် နိုင်ငံရေး ပြသနာကို ဖြေရှင်းရန် နှစ်ဖက်စလုံး ကြိုးပမ်း ခဲ့ကြသည်။
ထိုသို့ ဖြေရှင်းခြင်းဖြင့် နှစ်ဦး နှစ်ဖက်ရရှိ ခဲ့သည့် အကျိုးအမြတ်ကား တိုင်းပြည်ချွှတ်ခြုံကျခြင်းနှင့် စစ်ပြေး ဒုက္ခသည် တိုးပွားလာခြင်း၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စားရင်းဝင်ခဲ့ခြင်း၊ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုခံ ခဲ့ရခြင်းတို့ဖြင့် မြန်မာ့ နိုင်ငံရေး သမိုင်းကြောင်းကို ပို၍ အကျည်းတန်စေခဲ့သည်။
ထိုကာလသည် မြန်မာနိုင်ငံ၏ နိုင်ငံ၊ စီးပွား၊ လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများအား အမှောင်ရှိူက်ခဲ့သည့် ကာလ ဖြစ်ခဲ့သည်။ ပြည်တွင်းစစ်ကြောင့် အခြား ယှဉ်ဘက်နိုင်ငံများထက် မြန်မာနိုင်ငံများစွာ အောက်ကျ နောက်ကျ ဖြစ်ခဲ့ရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်၏ သမိုင်းတစ်လျှောက် အနှစ် (၆၀) ကျော် ဖြစ်ပွား ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရတပ်များအကြား လက်နက်ကိုင်ပဋိပက္ခအပေါ် သုံးသပ်ချက်မှာမူ “တိုင်းပြည်မှာ နှစ်ပေါင်း (၆၀) ကျော် လွတ်လပ်ရေး ရခါက ကနေ စပြီး အခုထိ ပြည်တွင်းစစ် ဖြစ်နေတယ်၊ မရပ်နိုင်ဘူး ၊ အဲဒီလို မရပ်နိုင် တာနဲ့ ပတ်သက်ပြီး ကျွှန်တော်တို့ သဘော ထားက လူမျိုးချင်း တန်းတူ ညီမျှမှု မရှိတာ၊ လုပ်ပိုင် ခွင့်တွေ မရှိတာ၊ ပင်လုံမူ ပင်လုံ စိတ်ဓါတ် ၊ ပင်လုံ သဘောထား မပြည့်ဝ တာပဲ ဖြစ်တယ်” ဟု ဦးအောင်မြင့်က ဆိုပါသည်။
သို့သော် ထိုတိုင်းရင်းသား တို့၏ နိုင်ငံရေး အခွင့်အရေး အတွက် ကြိုးပမ်းမှုသည့် မြန်မာ အစိုးရ အတွက် ခွဲထွက်ရေး အသွင် သဏ္ဍာန် ဆောင်သော လက်နက်ကိုင် လမ်းစဉ် ဟုသာ ခံယူ၍ ပြတ်ပြတ် သားသားပင် ချေမှုန်း ခဲ့ပေသည်။
တိုင်းရင်းသားအဖွဲ့များမှလည်း ထိုအစိုးရ အဆက်ဆက်များ၏ ကိုင်တွယ်မှုသည် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဥပေက္ခာ ပြုသော ၊ တိုင်းရင်းသားများ အပါအဝင် မြန်မာ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပါဝင် သဘောတူလက်မှတ် ရေးထိုးခဲ့သော ပင်လုံ သဘော တူညီချက်ကို ဖောက်ဖျက်သော ကိုင်တွယ်မှုသာဖြစ်သည်ဟု မှတ်ယူကာ လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်း၍ ထိုကိုင်တွယ် မှုကို ခုခံ ခဲ့ကြသည်။
ထိုမြန်မာ အစိုးရနားလည်လေသော တိုင်းရင်းသားနိုင်ငံရေးနှင့် တိုင်းရင်းသားအဖွဲ့များ ခံယူ လေသော တိုင်းရင်းသား နိုင်ငံရေး တို့အကြား ကွဲပြားသော ဝိဝါဒ များနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သည်လည်း အစုံစုံ အဖုံဖုံ ရှိခဲ့ပေသည်။
ယခု ကာလသည် ထိုနှစ်ဖက် (အစိုးရနှင့် တိုင်းရင်းသား) တို့အကြား လက်ခံလေသော တိုင်းရင်းသား နိုင်ငံရေး အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပို၍ နီးစပ်သည်ဟု ဆိုနိုင်ပေသော်လည်း တိုင်းရင်းသား နိုင်ငံရေးအား မြန်မာ့အစိုးရမှ အပြည့်အဝ နားလည်ပါရဲ့လားဟု ဆိုရန်မှာလည်း အခြေအနေ မရှိသေးပေ။
USIP အစီရင် ခံစာ၌ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ ရေးသားထား သည်မှာ “ဗမာ လူမျိုး တွေဟာ တိုင်းရင်းသား လူမျိုးတွေကို နားလည်ဖို့ မကြိုးစားဘူး၊ တိုင်းရင်းသား လူမျိုးတွေ ကွဲပြားစွာ တည်ရှိနေမှုကို သိရှိသလို၊ အကွဲကွဲ အပြားပြား ဖြစ်မှာကို မလိုလားဘူး၊ ဒါပေမယ့် အဖြေရှာဖို့ကိုလည်း မကြိုးစားဘူး” ဟူ၍ သုံးသပ် ရေးထား ထားပါသည်။
ထိုတိုင်းရင်းသား များအပေါ်လွဲမှားလျက် ရှိနေသောအမြင်များနှင့် သဘောထားသည် ဗမာလူမျိုး အများစုအကြား ကျယ်ပြန့်စွာ တည်ရှိလျက် ရှိဆဲ ဖြစ်ကြောင်း အစီရင်ခံစာ၌ ဆက်လက် ရေးသားထားခဲ့ လေသည်။
ထိုကြောင့်လည်း ကာလ ရှည်ကြာစွာ နှစ်ဖက်အကြား လက်နက်ကိုင် ပဋိပက္ခဖြင့် ထိုအခြင်းအရာအား နားလည်ရန် ကြိုးစားခဲ့ကြပေသည်။ တိုက်ခိုက်မှု ဖြင့်သာ ကြာမြင့် ခဲ့ရပြီး ဆယ်စုနှစ် (၆) ခု ကြာလာသည့်တိုင် ထိုပြသနာ မဖြေရှင်း နိုင်ခဲ့ပေ။
ထို့သို့ နှစ်ဖက် အကြား ရှည်ကြာစွာဖြင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လာခဲ့သဖြင့် နှစ်ဖက် အကြား ရှိခဲ့သော ယုံကြည်မှု တံတိုင်းမှာလည်း အပိုင်းပိုင်းပင် ကျိုးခဲ့လေသည်။
လက်ရှိ ၌လည်း ဦးသိန်းစိန် အစိုးရမှ အမျိုးသားရင်ကြားစေ့ရေးအား ပြန်လည်တည်ဆောက်ကာ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားခဲ့သော်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခတို့မှာ ထိုနှစ်ဖက် ယုံကြည်မှုများ၏ မှတ်ကျောက် တင်စရာ အခြေအနေများအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
အစိုးရ လက်နက်ကိုင်များမှ တိုင်းရင်းသားဒေသများတွင် အခြေစိုက်ထားသည့် တပ်ရင်းတပ်ဖွဲ့များ ရုပ်သိမ်း ပေးရန် သဘောမတူနိုင်သေးပဲ ဖြစ်နေ၍ အချို့ဒေသများတွင်မူ ရှိရင်းစွဲ တပ်အင်အားထက် ပိုမိုတိုးချဲ့ ချထားသည့် တပ်အင်အားများလည်း ရှိနေကြောင်းလည်း USIP အစီရင်ခံစာ၌ ထောက်ပြ ထားခဲ့သည်။
အစိုးရမှ အကောင်အထည်ဖော်လျက်ရှိနေသည့် အပစ်အခတ် ရပ်စဲရေးမှာ တိုင်းရင်းသား နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခြင်း၏ ပထမခြေလှမ်းသာ ဖြစ်၍ ရှေ့ဆက်၍လည်း ကာလအတန်ကြာလုပ်ဆောင်သွား ရမည့် လုပ်ငန်းစဉ်အဖြစ် ဆက်လက်တည်ရှိသွားဦးမည် ဖြစ်သည်။
Ethno-Politic ဟု မည်သော တိုင်းရင်းသား နိုင်ငံရေး သည်ကား ထိုထက် ကျယ်ပြန့်သည့် သဘော ဆောင်ကြောင်း တင်ပြ လိုပါသည်။
တိုင်းရင်းသား နိုင်ငံရေးဟု ဆိုရာ၌ အဓိက အားဖြင့်မူ “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်” ကို အာမခံသော နိုင်ငံရေး စနစ် တစ်ရပ် ပေါ်ပေါက် စေရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆို နိုင်ပေသည်။
ထိုနိုင်ငံရေး စနစ်သည် ဒီမိုကရေစီ အုပ်ချုပ်မှုဖြင့် လည်ပတ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးဟု တိုင်းရင်းသား များမှ ကာလ ရှည်ကြာ ကတည်းကပင် အုပ်ချုပ်သူ အစိုးရ အဆက်ဆက်အား အဆိုပြု ခဲ့လေသည်။ သို့သော် ထိုအဆို ပြုမှုသည် လွဲမှားသော အဓိပ္ပါယ် ဖွင့်ဆိုမှုဖြင့်သာ မြန်မာ့ နိုင်ငံရေး၏ အတိတ်ကာလ များ၌ “ဖက်ဒရယ်မည်သည် ခွဲထွက်ရေးမူ” ဖြစ်သည် ဟူ၍ လွဲမှားစွာပင် ကင်ပွန်း တပ်ခဲ့ကြသည်။
ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် ရာ၌ စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်း ခြင်းသည် အဖြေ ထွက်လာ နိုင်မည့် နည်းလမ်း တစ်ခု မဟုတ်ကြောင်း သုံးသပ်သည် ဟုလည်း KNU ကာကွယ်ရေး ဌာန တာဝန်ခံ ဗိုလ်မှူးကြီး ရော်ဂျာခင်က သုံးသပ် ပြောကြားသွားခဲ့သည်။
“ကျွှန်တော်တို့က ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ တစိုက် မတ်မတ် သွားမယ်၊ စစ်တိုက်လာတာ အနှစ်ပေါင်း (၆၀) ကျော်ပြီ ၊ ဘယ်သူမှ အကျိုး မရှိဘူး၊ ဘာအဖြေမှ မထွက်ဘူး၊ အခု အစိုးရက ဖွင့်ပေး လာတဲ့ နိုင်ငံရေး အခွင့် အရေးကို ကျွှန်တော်တို့ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဲဒီ လမ်းကြောင်းကို ကျွှန်တော်တို့ ယူတယ်၊ သဘောက ကျွှန်တော်တို့ တောင်းဆိုချက် မပေးပဲ စစ်ရေး ကိုပဲ တစ်ဖက်သတ် တွန်းပို့မယ့် အနေအထား ရောက်ရင်တော့ ကျွှန်တော်တို့ မတတ်နိုင်ဘူး” ဟု ဗဒို ရောဂျာခင်က ဆိုပါသည်။
တိုင်းရင်းသား နိုင်ငံရေး အခန်း ကဏ္ဍသည် မြန်မာ့ နိုင်ငံရေး၏ အခန်းကဏ္ဍ တစ်ထောင့် တစ်နေရာ ၌သာ သမိုင်း တစ်လျှောက် နေရာရခဲ့ပြီး မြန်မာ့ နိုင်ငံရေး၌ အသေးအဖွဲ ပြဿနာဟုသာ မြန်မာအစိုးရအပါအဝင် အနောက်နိုင်ငံများက သဘောထားခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖွဲ့စည်းထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) မူကြမ်း ရေးဆွဲရေး ကိုယ်စားလှယ်များနှင့် အစိုးရဖွဲ့စည်းထားသည့် မူကြမ်းရေးဆွဲရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (Single Draft) ရရှိစေရန် ညှိနှိုင်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီးဖြစ်သော်ငြား “တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်” ထွက်ရှိလာနိုင်မည့် အနေအထားမှာ မည်သည့်အခြေအနေတွင်ရှိနေကြောင်းကို ခန့်မှန်းရ ခက်နေဆဲ ဖြစ်သည်။
ထို့ပြင် အပစ်ရပ် မူကြမ်း (Single Draft) အပေါ် အစိုးရ၏ သဘောထားမှာ တင်းမာနေဆဲ ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်ရေးမှူး နိုင်ဟံသာက ပြောသည်။
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ရပ်တည်ချက်မူ (၆) ချက် အရ ကျွှန်တော်တို့ လက်နက် စွန့်ရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာပဲ နိုင်ငံရေး ဆွေးနွေး ရမယ်၊ ဒါတွေဟာ ကျွှန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်က လက်ခံဖို့ ခက်ခဲတဲ့ အချက်တွေပါ နိုင်ဟံသာက ပြောသည်။
တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီရေး၊ နိုင်ငံရေးတို့ မည်သည်မှာ ဒင်္ဂါး တစ်ချပ်၏ ခေါင်းနှင့် ပန်း ဖြစ်၍ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းမှ ရမည် ဖြစ်ကြောင်း နိုင်ဟံသာက သုံးသပ် ပြောဆိုပါသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန် ကမူ ရှေ့ဆက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်နက်ကိုင် ပဋိပက္ခ များကို တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို ပြီးနောက် မိမိ ကတိ ပြုထားသည့် အတိုင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်း ဖြင့်သာ အဖြေရှာ နိုင်ရန် မျှော်မှန်းကြောင်း ယခုလဆန်း၌ ထုတ်လွှင့် ခဲ့သည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
သို့သော်လည်း တိုင်းရင်းသား နိုင်ငံရေး ပြဿနာကို အစိုးရမှ နားလည်မှု လွဲနေသမျှ၊ ကိုင်တွယ်ပုံ လွဲနေသမျှ ကာလ ပတ်လုံး မြန်မာ့ နိုင်ငံ၏ တိုင်းရင်းသား နိုင်ငံရေး ပြဿနာ ချုပ်ငြိမ်းဖို့ရာ လမ်းမမြင် သေးပေ။
အထူးသဖြင့် နှစ်ဖက် အပစ်အခတ် ရပ်စဲရေးရရှိထားပြီးသော်ငြားလည်း ပတ်ခတ်မှု ပြည်လည် ဖြစ်ပွားနေသည့် သာဓကအား အခြေခံ၍ အစိုးရ၏ ပိုမို ထိရောက်သော၊ ချဉ်းကပ်မှု မှန်သော လမ်းကြောင်းမှ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းပါက ပိုမိုထိရောက်နိုင်မည် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။