အသက်ရှူ ခြင်းဟာ အသက် အန္တရာယ် မဖြစ်သင့်ဘူး၊ ကလေး တယောက်ဟာ ကစား နေရင်းက သူအသက်ရှူ လိုက်တဲ့ လေကြောင့် ပန်းနာ ရင်ကြပ် မဖြစ်သင့်ဘူး။ ကြီးထွား ဖွံ့ဖြိုးမှု ဆိုင်ရာ ပြဿနာ တခုခု မဖြစ်စေ သင့်ဘူး။ ဒီကမ္ဘာ ကြီးရဲ့ အခြေခံ အခွင့်အရေး တွေထဲမှာ သန့်ရှင်းတဲ့ လေကို ရှူခွင့်လည်း ပါတယ်။
သန့်ရှင်း လတ်ဆတ်တဲ့ လေဟာ အရေး အကြီးဆုံးတွေ ထဲက တခုဘဲ။ ကျနော် တို့ဟာ မွေးရာကစ သေသည် အထိ အသက်ရှူ နေကြ ရတာပါ။ ကျနော်တို့ မြန်မာ စကားလုံး အသုံး အနှုန်းကို ကြည့်ပါ။ အသက်ရှူတယ် တဲ့။ တကယ်တော့ လေကို ရှူတာပါ။ ကျနော်တို့ မြန်မာ တွေက လေကို အသက်ရဲ့ အရင်းအမြစ် အဖြစ် တင်စားပြီး အသက်ရှူ တာပါတဲ့။
သူ့မရှူ ရလည်း သေမှာကိုး။ အဲသလို လူသားတွေ၊ သက်ရှိတွေ မရှိမဖြစ် လိုအပ်တဲ့ လေထု ထဲကို အဆိပ်ခတ် နေသူတွေ ထဲမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တွေလည်း ပါတယ်။
ကျနော်တို့ ရေးမြို့နယ် အင်ဒင် ကျေးရွာနဲ့ အနီးအနား ဝန်းကျင် ဒေသ တွေဟာ လေထုထဲမှာ အဆိပ်ငွေ့ သင့်ဖို့ တဖြည်းဖြည်း နီးလာ လေပြီ လားပေါ့။ ဘာလို့လဲ ဆိုတော့ အင်ဒင် ကျေးရွာမှာ ထိုင်းနိုင်ငံ အခြေစိုက် ဂျပန် ကုမ္ပဏီ ဖြစ်သော Toyo Thai ကုမ္ပဏီက ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်ဖို့ ပြင်ဆင် နေပါတယ်။
တစ်ကယ်တော့ ဒီကျောက်မီးသွေး ဓါတ်အားပေး စက်ရုံဟာ စကားရိုင်းရိုင်း ပြောရရင် မြို့တော် မဟာ ရန်ကုန်မှာ မိမနိုင် ဖမနိုင် ဆိုသွမ်း ပေတေမယ့် အကြီးစား စက်မှု စီမံကိန်းကြီး ဖြစ်တယ်။ ဒါကြောင့် ဖြစ်ချင်သလိုဖြစ် ဆိုပြီး ကျနော်တို့ နေတဲ့ ဇနပုဒ် မြို့တော် “ရေး” နဲ့ အနီးအနားကို ပို့လာခဲ့တယ်။ သူရဲ့ မူရင်း အဖေ ကတော့ သီလဝါ ဆိပ်ကမ်းက ဆိုပဲ။
မိမနိုင် မဖနိုင်တဲ့ ဒီလို အဆိပ်ငွေ့တွေ ထုတ်လွှင့်မယ့် စီမံကိန်းကြီး မျိုးမှ ကျနော်တို့ ဆီများ ပို့ပေး ရသလား အစိုးရ မင်းတို့ရယ်။
Toyo Thai ကုမ္ပဏီက မန်နေဂျာ ဒေါ်နီနီစံ ရှင်းပြချက် အရ ဆိုရင်တော့ အဲဒီ လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံကိန်းမှာ အသုံးပြုမယ့် နည်းပညာ ကတော့ ဂျပန်နည်းပညာ Ultra Super Critical ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂,၇၀၀ ရင်းနှီး မြှုပ်နှံမှာ ဖြစ်တယ်၊ ပြီးတော့ လျှပ်စစ်ဓာတ်အား ၁,၂၈၀ မဂ္ဂါ၀ပ် ထုတ်မည်ဖြစ် တယ်လို့ ရှင်းလင်း ပြောကြား ထားတယ်။
ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဆိုတာ သူတို့ရဲ့ ခေါင်းတိုင် တွေကနေ လေထု ထဲကို အဆိပ် အတောက်တွေ နှစ်စဉ် တန်ချိန် သန်းနဲ့ချီ မှုတ်ထုတ်နေကြတယ်။ စက္ကန့် မလပ်လေထုထဲကို အဆိပ်တွေ ဖြည့်ဆည်းပေးနေတယ်။ ဒီအဆိပ် တွေထဲမှာ ပြဒါး ပါတယ်။ ခဲပါတယ်။ စိန်လို့ ခေါ်တဲ့ အာဆင်းနစ် ပါတယ်။ ကဒ်မီယမ် ပါတယ်။ ဆာလဖိတ်နဲ့ နိုက်ထရိတ် အမှုန့် တွေပါတယ်။
ဒီအမှုန် တွေက သိပ်သေး လွန်းသမို့ အသက်ရှူ လိုက်တဲ့ အခါ အဆုတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံး နေရာကို ရောက်သွား ခိုအောင်း နေကြတယ်။ အဆုတ်က တဆင့် သွေးကြောတွေကို ဖြတ်ပြီး နှလုံးတို့လို နေရာကို ရောက်သွားပြီး အချိန်ကိုက် ဗုံးလို နေနေ ကြတယ်။ ဒါကြောင့် ဒီစက်ရုံတွေက လွှတ်ထုတ်တဲ့ အဆိပ်မှုန့်တွေကို အသံတိတ်လူသတ်သမား Silent Killer လို့ ခေါ်လို့ ရတယ်။
ဒီအဆိပ် မှုန့်တွေ ပါတဲ့ လေကို ရှူသူတိုင်း အန္တရာယ် ရှိတယ်။ မွေးကင်းစကလေး၊ ကလေး သူငယ်၊ အရွယ်ရောက်သူ အထူး သဖြင့် သက်ကြီး ရွယ်အို တွေပေါ့။၂၀၁၀ တနှစ်ထဲ ဥရောပမှာ ဒီအဆိပ်ခိုး တွေကြောင့် အချိန်မတိုင်မှီ သေဆုံးသူ ၂၂၀၀၀ ရှိတယ်လို့ ခန့်မှန်းတယ်။
ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့အရာထဲမှာ ကာဘွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့က အဓိက အခန်းကပါ တယ်။ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကလည်း ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တဲ့ အဓိက အရင်း အမြစ်တွေ ထဲက တခု ဖြစ်နေတယ်။
သူတို့ဟာ ပြောင်းလဲ နေပြီးသား ဖြစ်တဲ့ ရာသီ ဥတုကို ပိုဆိုးရွား သွားအောင် ကပ်ကြီးတွေ ဖြစ်အောင် ကာဘွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ တွေကို စဉ်ဆက် မပြတ် ထုတ်လွှတ် နေကြတယ်။ ပံ့ပိုးပေး နေတယ်။ ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် ဖြစ်တဲ့ ကပ်တွေကြောင့် ၁၀ စုနှစ် တခု အတွင်းမှာ လူတွေ သိန်းချီ သေနေကြ ရာကနေ သန်းချီ သေကြဖို့ ဖြစ်လာနိုင် တော့မယ်။
ဒီစက်ရုံမျိုး အသစ် တည်ဆောက်ခွင့် ပြုခြင်း အားဖြင့် သေစာရင်း တိုးလာဘို့သာ ရှိပါတယ်။ ဒါကြောင့် ဒီကျောက်မီးသွေး စက်ရုံမျိုး အသစ် တည်ဘို့ကို အားမပေးသင့်ဘူး။ တည်ဆောက်ခွင့် ပြုခြင်းဖြင့် သူတို့ကို လူသတ်လိုင်စင် Licence to Kill ထုတ်မပေးသင့်ဘူး။
ယခု လက်ရှိလည်ပတ်နေသော လူသေစေနိုင်မှု အများဆုံး ဖြစ်တဲ့ ကျောက်မီးသွေးစက်ရုံ များကိုလည်း ရပ်တန့် စေသင့် ပါသည်။ အမေရိကန် တနိုင်ငံ တည်းတွင်ပင် တက်ကြွ လှုပ်ရှားသူ များကြောင့် ပိတ်ပင် ခဲ့ရသော စက်ရုံ ပေါင်းမှာ ၁၀၀ ကျော်သွားပြီ။
ဆက်ပြီး ပိတ်ပစ်ဘို့ အစီအစဉ်တွေလည်း ရှိနေသည်။ ဤသို့ဆိုလျှင် မိမိတို့ မည်သည့် စွမ်းအင်မျိုးဖြင့် အစားထိုး လျှပ်စစ် ထုတ်ကြ မည်နည်း။ မိမိ တို့၏ ရှေ့မှောက် ၌ပင် ရှိနေ ပါသည်။ Clean, Renewable Energy, သို့မဟုတ် Green Energy ဟု ခေါ်ကြသော ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သော သက်ရှိများ၏ ကျန်းမာရေး မထိခိုက်သော မကုန်ခမ်း နိုင်သော စွမ်းအင်များ ရှိပါသည်။ နေ၊ လေ၊ ရေ၊ ဘူမိအပူ စသည်ဖြင့် အများအပြား ရှိကြသည်။ ၎င်းတို့ကို မောင်းနှင်နိုင်သော နည်းပညာ များလည်း ရှိနေပြီ ဖြစ်ပါသည်။
Silent Killers - Why Europe must replace coal power with green energy, Greenpeace International မှ အမှုဆောင် ဒါရိုက်တာ ကုမိနိုင်ဒူး ရေးတဲ့ preface ကိုဖတ်ပြီး ရေးပါသည်။