တရားရုံးများကို မထီမဲ့မြင် ပြုမှု ဥပဒေအား သုံးသပ်ခြင်း

တရားရုံးများကို မထီမဲ့မြင် ပြုမှု ဥပဒေအား သုံးသပ်ခြင်း
by -
ရွှေဟင်္သာ

၂၀၁၃ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ ့တွင် ပြဌာန်း လိုက်သည့် တရားရုံးများကိုမထီမဲ့မြင်ပြုမှု ဥပဒေ အား  လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် နှင့်သတင်းမီဒီယာ လွတ်လပ်ခွင့် ရှုဒေါင့်မှ သုံးသပ်ချက်

၁။နိုင်ငံတခုခု၌ဥပဒေပြုလွှတ်တော် ဟူသည်မှာ သက်ဆိုင်ရာ အကြောင်းရပ်နှင့်စပ်လျှဉ်း၍အခြားနိုင်ငံ တခုခု က ပြဌာန်း ထားသော ဥပဒေများကို လေ့လာနိုင်သည်။နှစ်သက်သော ပြဌာန်းချက်တစုံတရာရှိပါက ယင်း၏ အနှစ်သာရကို ယူသုံးနိုင်သည်။သို ့ရာတွင် တိုက်ရိုက် ပုံတူ ခိုးချခြင်း မပြုသင့်ပါ။ ယခုမူ မြန်မာနိုင်ငံ၏ပြည်ထောင်စု လွှတ်တော်က  ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ ့တွင်ပြဌာန်းလိုက် သည့် တရားရုံး များကို   မထီမဲ့မြင်ပြုမှု ဥပဒေ သည်အိန္ဒိယနိုင်ငံတွင် ၁၉၇၁ခုနှစ်က ပြဌာန်းထားသည့် တရားရုံးများကိုမထီမဲ့မြင်ပြုမှု ဥပဒေမှ ၄င်းတို ့အသုံးပြုလိုသော အပိုင်းများကို တိုက်ရိုက်ပုံတူခိုးချထား ကြောင်းတွေ ့ရ သည်။ ဤသည်မှာ မဖြစ်သင့်ပါ။မြန်မာနို်င်ငံတွင် လက်ရှိတည်ရှိနေသော ဥပဒေပြု လွှတ်တော် ဟူသည်မှာဥပဒေပြဌာန်းသည့် လုပ်ငန်းကို မလုပ်တတ်ကြောင်းပြရာရောက်သည့်အပြင်တိုင်းပြည်တပြည်လုံး၏ ဥပဒေရေးရာ ဂုဏ်သိက္ခာကိုပါ ထိခိုက်ပါသည်။

 ၂။  သာဓကအားဖြင့် ပြရလျှင် မြန်မာနိုင်ငံ တရားရုံးများကို မထီမဲ့မြင် ပြုမှု ဥပဒေ  ပုဒ်မ ၂ (ဃ) တွင် အောက်ပါအတိုင်း ပြဌာန်း ထားသည်။  ပြစ်မှုဆိုင်ရာမထီမဲ့မြင်ပြုမှု ဆိုသည်မှာ အောက်ပါ အပြုအမှု တခုခုအတွက် အကြောင်းအရာ တရပ်ရပ်ကို နုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်သင်္ကေတဖြင့် ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊အခြားတနည်းနည်းဖြင့် ဖြစ်စေ၊ တမင် ထုတ်ဖေါ်ကြေညာခြင်း၊ သတင်းအဖြစ်ရေးသားဖေါ်ပြခြင်း၊   ပုံနှိပ်ထုတ် ဝေခြင်း၊ ဖြန် ့ချီခြင်းကို ဆိုလို သည်။

(၁) တရားရုံး၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း၊ သို ့မဟုတ် သေးသိမ်စေရန် ဖြစ်တန်စေခြင်း။

(၂) တရားစီရင်သော မှုခင်းကိစ္စတွင် ဖြောင့်မှန်စွာဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း၊ သို ့မဟုတ် နှောက်ယှက်ခြင်း။

(၃) မှန်ကန် လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းစေရန် တနည်းနည်းဖြင့် ပြုလုပ်ခြင်း။

(၄) တရားရုံးက ဆုံးဖြတ်ရန် ရှိသော အချက်များကို တစုံတရာ အဆုံးအဖြတ်မပေးရသေးမီ ကြိုတင်ဝေဖန် ပြောဆိုခြင်း၊ ရေးသားဖေါ်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန် ့ချီခြင်း။

အထက်ပါ မြန်မာနိုင်ငံဥပဒေ ၂ (ဃ) (၁)(၂)(၃) တို ့မှာ အိန္ဒိယနိုင်ငံဥပဒေ ၂ (ဂ) (၁)(၂)(၃) တို ့ဖြစ်သည်။

ထိုု ့အပြင် မြန်မာနိုင်ငံဥပဒေ ပုဒ်မ (၇) သည် အိန္ဒိယ ဥပဒေ ပုဒ်မ (၄)နှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဥပဒေပုဒ်မ (၈) သည် အိန္ဒိယ ဥပဒေပုဒ်မ (၅)နှင့်လည်းကောင်း၊ မြန်မာနိုင်ငံဥပဒေ ပုဒ်မ (၉) သည် အိန္ဒိယ ဥပဒေ ပုဒ်မ (၇)နှင့်လည်းကောင်း ထပ်တူမျှပင် ဖြစ်နေကြောင်း တွေ ့ရသည်။

အသေးစိပ်ကို ပူးတွဲပါ အိန္ဒိယ ဥပဒေ နှင့် နိုင်းယှဉ်လေ့လာနိုင်ပါသည်။

၂။  အိန္ဒိယ ဥပဒေတွင် မပါရှိဘဲလျှက် မြန်မာနိုင်ငံ ဥပဒေ ပုဒ်မ ၂ (ဃ) တွင် ဖေါ်ပြထားသောအောက်ပါပြဌာန်း ချက်သည်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်လို သောကြောင့် တမင် ရည်ရွယ်ချက်နှင့် ထည့်သွင်းပြဌာန်းထားရာ ရောက်သည်။

(၄) တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစုံတရာ အဆုံးအဖြတ်မပေးရသေးမီကြိုတင်ဝေ ဖန်ပြောဆိုခြင်း၊ ရေးသားဖေါ်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန် ့ချီခြင်း။

“ တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များ” ဟူသည်မှာ လွန်စွာကျယ်ဝန်းသည်။ပြစ်မှုဆိုင်ရာ မှုခင်းတရပ်တွင် တရားရုံးက မည်သည့်အချက်အပေါ်အဓိကထားဆုံးဖြတ်သွားမည် ဟူသည်ကို တရားရုံး ပြင်ပတွင် ရှိနသည့် သာမန်ပြည်သူတဦးသိရန် မလွယ်ကူပါ။ ထိုနည်းတူတရားရုံးသို ့ရောက်သွား သော သတင်းမီဒီယာသမားတဦး သည်ပင် မေးမြန်း၍သိရှိရန် မလွယ်ကူပါ။ အဘယ် ကြောင့်ဆိုသော်အမှုစစ် ဆေးစဉ် ရောက်ရှိနေသာ အဆင့်အပေါ်အခြေခံ၍ ဘယ်အချက်ကို မူတည်ဆုံးဖြတ်သွားမည် ဟူသည်ကို တရားသူကြီးကိုယ်တိုင်ပင် ပြောရန် မလွယ်သောကြောင့်ဖြစ်သည်။

 တရားမမှုတွင် ကောက်ချက် သို ့မဟုတ်ငြင်းချက် ထုတ်ပြီးသည့် အချိန်တွင် တရားရုံးသည် ယင်းတို ့ အပေါ် အခြေခံ၍ဆုံးဖြတ်ရသည်။ “ တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များ” ဟူသည်မှာ ယင်း တို့ကို ဆိုလို  သလား၊ အခြားအချက်များ ပါသေးသလား ဟူသည်မှာလည်း ဥပဒေအရမရှင်းပါ။တရားမမှုတွင် ကောက်ချက်   သို ့မဟုတ် ငြင်းချက်များမှာ “ တရားရုံးကဆုံးဖြတ်ရန်ရှိသော အချက်များ” ဖြစ်သည်ဆိုပါက ယင်းကောက်ချက် သို ့မဟုတ်ငြင်းချက်များ မထုတ်မီတွင် နိုင်ငံသားတဦးဦး သို ့မဟုတ် သတင်းမီဒီယာသမားတဦးဦးသည် မှုခင်းနှင့် စပ်လျှဉ်း၍ လွတ်လပ်စွာဝေဘန် ရေးသားခွင့်ရှိမည်ဖြစ်သည်။

ယင်းတို ့နှင့် စပ်လျှဉ်း၍ရှင်းလင်းခြင်းမရှိ။ ရှင်းအောင် ဥပဒေပြဌာန်းရန်လည်းမလွယ်လှပါ။ သို့ဖြစ်ပါလျှက် အဆိုပါ ပြဌာန်းချက်ကို ထည့်သွင်းခြင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် နှင့် သတင်း မီဒီယာလွတ်လပ် ခွင့်ကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

၃။ အိန္ဒိယနိုင်ငံ တရားရုံးများကို   မထီမဲ့မြင်ပြုမှု ဥပဒေတွင် ပြဌာန်းပါရှိသော နိုင်ငံသားများ၏လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ကို အထောက် အပံ ့ဖြစ်စေသည့် ပြဌာန်းချက်များအနက်အချို့ကိုမူ မြန်မာနိုင်ငံ ဥပဒေတွင် ချန်လှပ်ထားသည်များကို တွေ ့ရ သည်။ သာဓကအားဖြင့် အိန္ဒိယ ဥပဒေ ပုဒ်မ (၆) တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်။လက်အောက်ခံ တရားရုံး အရာရှိ တဦးဦး နှင့် စပ်လျှဉ်း၍အခြားလက်အောက်ခံတရားရုံးတခုခုသို ့မဟုတ်တရားရုံးချုပ်  သို့သဘောရိုးနှင့် တိုင်တန်းခြင်း၊ ထုတ်ဖေါ်ပြောဆိုခြင်း ဖြစ်လျှင် အဆိုပါတိုင်တန်းသူ ထုတ်ဖေါ်ပြောဆိုသူ အားတရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေ အရပြစ်ဒဏ်စီရင်ခြင်း မရှိစေရ။

၄။    ကမ္ဘာတွင်အဓိကအားဖြင့် Common Law နှင့် Civil Law ဟူ၍ ဥပဒေစနစ် နှစ်ခုသာရှိသည်။ Common Law မှာ ဗြိတိသျှက ဦးဆောင်ကျင့်သုံးသော ဥပဒေစနစ်ဖြစ်ပြီး Civil Law မှာ ပြင်သစ်က ဦးဆောင်ကျင့်သုံး သော ဥပဒေစနစ်ဖြစ်သည်။ တရားရုံး များကိုမထီမဲ့မြင်ပြုမှု ဥပဒေပြဌာန်းကျင့်သုံး ခြင်းမှာ ဗြိတိသျှ ဦးဆောင်သည့် Common Law စနစ်တွင်ဖြစ်သည်။ Common Law ဥပဒေစနစ်၏မိခင်ကြီးဖြစ် သောဗြိတိန်နိုင်ငံမှာပင် တရားရုံး များသည် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် သတင်း မီဒီယာ လွတ်လပ်ခွင့်များကို တန်ဘိုးထားကြရသည်။ 1979 ခုနှစ်တွင်ဥရောပလူ ့အခွင့်အရေး ဆိုင်ရာတရားရုံး (The European Human Rights Court) ကဗြိတိန်နိုင်ငံ၌ အတည်ပြုကျင့်သုံးနေသော တရားရုံးများကိုမထီ မဲ့မြင်ပြုမှုဥပဒေမှာ လူ ့အခွင့်အရေး အတွက် အရေးကြီးသာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့် ကို ချိုးဖေါက်ရာရောက်သည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်၍ ဗြိတိန်နိုင်ငံ သည်လူ ့အခွင့်အရေးဆိုင်ရာ ဥရောပ သဘောတူစာချုပ် (The European Convention on Human Rights) နှင့် ကိုက်ညီစေရန် မိမိနိုင်ငံ၏ တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ အား ပြန်လည်ပြင်ဆင်ခဲ့ရသည်။

၃။  ဒီမိုကရေစီ စနစ်ကို တည်ဆောက်မည်ဆိုလျှင် လွတ်လပ်သော သတင်းဌာနများ နှင့်သတင်းလုပ်ငန်း များ သည် အရေးပါ လှပါသည်။ တချိန်တည်းတွင် လွတ်လပ်၊အားကောင်း၊ ထက်မြက်သော တရား စီရင်ရေးက ၀င်ရိုးသဖွယ် ဥပဒေ စိုးမိုးမှုကိုပံ့ပိုး ထိမ်းကြောင်းနိုင်မှသာ ဒီမိုကရေစီမှာ အသက်ဝင်ပါ သည်။ ဤတွင်သတင်းမီဒီယာ များနှင့်တရားစီရင်ရေး တို ့သည် လှည်းတစီးအား သယ်ပိုး သွားကြသည့် နွားတယှဉ်းပမာ ပြိုင်တူထမ်းကြရန် လိုသည်။ တခုကို တခုအပြန်အလှန်ထိန်းကြောင်း ကြရပါမည်။ ယခု အတည်ပြုထုတ်ပြန်လိုက်သော တရားရုံးများအားမထီမဲ့မြင်ပြုမှု ဥပဒေသည် တရားရုံးများအား အခွင့် အာဏာ ပိုပေးလိုက်ပြီးလွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် နှင့် သတင်းမီဒီယာ ကို ပညာသားပါပါ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

၄။  တရားရုံးများ၏အခန်းကဏ္ဍကိုမြှင့်တင်လိုလျှင် တရားစီရင်ရေး လွတ်လပ်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အရင်ဦးစွာတည်ဆောက် ရန်လိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင် ရေးဟူ၍သာပြဌာန်းထားသည်။ တရားစီရင်ရေး၏ လွတ်လပ်မှုကို မပြဌာန်းပါ။ တရားစီရင်ရေး၏ လွတ်လပ်မှု (Independence of Judiciary) မှာ ) ဖွဲ ့စည်းတည်ဆောက်မှု အရ လွတ်လပ်မှု (Institutional Independence) ကို ရည်ညွှန်းသည်။

၅။ အိန္ဒိယနိုင်ငံ တရားရုံးများကို   မထီမဲ့မြင်ပြုမှု ဥပဒေမှကောင်းသည့်အပိုင်းများအား ပုံတူကူးချ ကာ တရားစီရင်ရေး ၏ အခန်းကဏ္ဍကိုမြှင့်တင် လိုလျှင်လည်း အိန္ဒိယ နိုင်ငံ တရားစီရင်ရေး၏လွတ်လပ်မှုကိုပါ ပုံတူကူးချသင့်သည်။ ယခုမူပြောင်းပြန်

ဖြစ်နေသည်။ အိန္ဒိယ နိုင်ငံတွင်ပါလီမန်စနစ်ကိုကျင့်သုံးပြီး အဓိက အုပ်ချုပ်ရေးအာဏာမှာ သမတ တွင် မရှိ။၀န်ကြီးချုပ်တွင်သာ ရှိသည်။ သို ့ဖြစ်၍ တိုင်းပြည်၏ ဦးသျှောင် နေရာတွင်ရှိနေသော သမတ က တရား လွှတ်တော် တရားသူကြီးချုပ်များအား ခန် ့ထားခြင်းမှာပြသနာ မရှိ။ယင်းသို ့ခန် ့ထားရာတွင်လည်း သမတ တဦး တည်းသဘောနှင့် ခန့်ခွင့်မရှိ။ တရားရေးရာ ကော်မရှင်၏ ထောက်ခံတင်ပြချက်ကိုရယူကာပြည် ထောင်စု တရားလွှတ်  တော်ချုပ် တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရုံးချုပ် တရားသူကြီးချုပ်များ နှင့် တိုင်ပင်ပြီးမှသာ ခန် ့ထားရခြင်းဖြစ် သည်။သို ့ဖြစ်၍ အိန္ဒိယနိုင်ငံ၏ တရား လွှတ်တော်ချုပ် ကို ဖွဲ ့စည်းရာတွင် ဖွဲ့စည်းတည်ဆောက်မှု အရ လွတ်လပ်မှု ရာနုန်းပြည့် နီးပါးရှိ သည်။ အိန္ဒိယနိုင်ငံ၏တရားစီရင်ရေးသည့် ကမ္ဘာကျော်ပြီး ဥပဒေစိုးမိုးရေး၏ ၀င်ရိုးအဖြစ် ပြည်တွင်းပြည်ပ ကပါ လေးစားအသိအမှတ်ပြုကြရသည်။

 ၆။ ၂၀၀၈ ဖွဲ ့ စည်းပုံအရ မြန်မာနိုင်ငံတရားစီရင်ရေးစနစ်မှာ လွတ်လပ်မှု ရာနုန်းပြည့် ဆုံးရှံုးလျှက်ရှိသည်။ တိုင်းပြည်၏ ဦးသျှောင်နေရာသာမက အုပ်ချုပ်ရေးအာဏာကိုပါ ရာနုန်းပြည့် ကျင့်သုံးသော သမတ က ၄င်းစိတ်ကြိုက် ခန် ့ခွင့်၊  ဖြုတ်ခွင့်ပြုထားသည်။သမတ၏ အထက်၌ အမျိုသားကာကွယ်ရေး နှင့် လုံခြံုရေး ကောင်စီ (ကာ၊ လုံ)ရှိနေပြန်သည်။ ၂၀၀၈ ဖွဲ ့စည်းပုံအရ (ကာ၊ လုံ) သည် အာဏာကြီးသုံးရပ်၏အထက်တွင် ရှိနေသည်။ သမတက (ကာ၊ လုံ) တွင်ပါ၀င် သော ကာကွယ်ရေး ဦးစီးချုပ်အား ဖြုတ်ခွင့်၊ ခန် ့ခွင့်မရှိ။ ပြောင်းပြန်ပင်။ ကာကွယ်ရေးဦးစီးချုပ်သည်၄င်းခန် ့အပ်စေ လွှတ်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များမှ တဆင့်သမတအားဖြုတ်ခွင့် ရှိနေပြန်သည်။ သို ့ ဖြစ်၍ ချုပ်၍ ဆိုရလျှင်တရားစီရင်ရေး ၏ အထက်တွင် သမတ ရှိသည်။ သမတ ၏ အထက်တွင် ကာကွယ်ရေးဦးစီး ချုပ်ရှိနေသည်။ ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ဘက်ဆိုင်ရာ တရားရုံးတွင်အယူခံစီရင်ပိုင်ခွင့်အာဏာယူထားပြန် သည်။ သို့ဖြစ်၍ ကာကွယ်ရေးဦးစီးချုပ်အားမည်သည့် တရားရုံးကမျှ အရေးယူ၍မရတော့။ ၂၀၀၈ ဖွဲ့စည်းပုံအရ တရားစီရင် ရေး လွတ်လပ်မှု ရာနုန်းပြည့် ဆုံးရှုံးနေသည်။ ဤကဲ့သို့သော တရားရုံးမျိုးအား အခွင့်အာဏာ တိုးပေးခြင်း သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာကို ပို၍ကြံ့ခိုင်အောင်လုပ်ခြင်း သာဖြစ်သည်။ စစ် အာဏာ ရှင်စနစ် ကြီးထွားစေမည်သာ ဖြစ်သည်။

 ၇။  အိန္ဒိယနိုင်ငံတွင် တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေအား ၁၉၇၁ ခုနှစ်တွင် ပြဌာန်းထားခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း လေးဆယ်ကျော်လာပါပြီ။ ယင်းကို တိုက်ရိုက်ပုံတူကူးချခြင်းထက် ယနေ ့ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော ခေတ်ကြီးတွင်နိုင်ငံတကာ၌ ပိုမိုအလေးထားကျင့်သုံးလာသော လူ ့အခွင့်အရေးအခြေခံမှနေ၍မိမိနိုင်ငံ၏ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကို ပိုမိုကောင်းမွန်အောင် ကျယ်ကျယ်ပြန် ့ပြန် ့လေ့လာရေးဆွဲသင့်သည်။ Common Law ဥပဒေစနစ် ၏မိခင်ကြီးဖြစ်သော ဗြိတိန်နိုင်ငံအနေဖြင့် လူ ့အခွင့်အရေးဆိုင်ရာ ဥရောပသဘောတူ စာချုပ် (The European Convention on Human Rights) ကိုတန်ဘိုးထားကာ ယင်းအခြေခံများအပေါ်တွင် ၄င်း၏နိုင်ငံအတွင်းမှ ဥပဒေများအားရေးဆွဲ သကဲ့သို ့ ပင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုထားသောအာဆီယံပဋိဉာဉ် (The ASEAN Charter) တွင် ပါရှိသည့် လူ ့အခွင့်အရေးအခြေခံများအပေါ်တွင် ပြည်တွင်း ဥပဒေများကို ချဉ်းကပ်ရေးဆွဲသင့်သည်။

 အသေးစိပ်သိလိုပါလျှင် ဆက်သွယ်ရန်၊
ဦးအောင်ထူး (ရှေ  ့နေ)
ဥပဒေ အထောက်အကူပြုကွန်ယက် တည်ထောင်သူ

Most read this week