ရည်မှန်းရာ ပန်းတိုင် လျှောက်လှမ်း ကြရာဝယ်

ရည်မှန်းရာ ပန်းတိုင် လျှောက်လှမ်း ကြရာဝယ်
by -
ရွှေဟင်္သာ

ဒီမိုကရေစီ အရေးအတွက် သော်လည်းကောင်း ၊အမျိုးသားရေး အတွက် သော်လည်းကောင်း မွေးရာပါ ကိုယ်ပိုင် အခွင့်အရေး ရှိနှင့်နေပြီးသား တိုင်းရင်းသား များအား စည်းရုံး ရာတွင် အဓိက အခန်း ကဏ္ဍနေရာ၌ တက်ကြွစွာ ဦးဆောင် လှုပ်ရှားနေသော မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသော တိုင်းရင်းဖွား မြန်မာပြည်သူ ပြည်သားများသည်် ဦးစွာ စေတနာ အရင်းခံ ရိုးသားဖို့ အထူး လိုအပ် လှပါသည်။ အထူးသဖြင့် အပြုသဘော အပြောအဆိုပါပဲ။

ဤဆောင်းပါးအား ရေးခဲ့သူ ကျနော်သည် ဒီမိုကရေစီ အရေး၌ သော်လည်းကောင်း၊ အမျိုးသား အရေး၌ သော်လည်းကောင်း စိတ်ဝင်စားမှု အပြည့် ရှိသော်လည်း နိုင်ငံရေး၌ တက်တက်ကြွကြွ လှုပ်ရှားနေသော နိုင်ငံရေး သမား တစ်ယောက်လည်း မဟုတ်ပါ၊ နက်နဲ ရှုပ်ထွေး လှသော နိုင်ငံရေး အကြောင်းကိုလည်း နားမလည်ပါ။ နားမလည်တာထက် မလုပ်တတ်တာက ပို၍ မှန်လိမ့်မည်။ ကောက်ကျစ် ပွေလီလှသော နိုင်ငံရေး သမားများကိုလည်း စိတ်မဝင်စားပါ။ ဒါပေမဲ့ မြင့်မြတ်လှတဲ့ မွန်အမျိုးနွယ် တွင်းမှ ပေါက်ဖွား ဆင်းသက် လာခဲ့သူ ပီပီ မိမိ၏ဘဝ မိမိ၏ လူမျိုး ဘယ်အခြေအနေ ရောက်စေကာမူ မိမိ၏ လူမျိုး သူတပါးထက် ရှေ့တန်း ရောက်အောင် တိုးတက် လာအောင် ကြိုးစားချင်သည့်စိတ်၊ ကြိုးစားနေသည့် စိတ်ကတော့ ရှိနေဆဲပါပဲ။ သို့သော် အစွန်းရောက် အမျိုးသား ၀ါဒီ တယောက်တော့ မဟုတ်ပါ။

phophtaw2471

ဒီမိုကရေစီ ဆိုတာဘာလဲလို့ အစွန်းရောက် တဦးတယောက်က ကျနော့်အား ခနဲ့ခဲ့ဖူးပါတယ်။ ဒီ့အတွက် ဒီမိုကရေစီ ဟူသည်မှာ “နိုင်ငံတိုင်းမှာ ရှိနိုင်ကြမဲ့ အကြမ်းဖက် ပဋိပက္ခဖြစ်လာမဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးခွင့် ၊စေ့စပ် ညှိနှိုင်းမှုဖြင့် ဖြေရှင်းနိုင်အောင် ဒီမိုကရေစီက ဖန်တီး ပေးလိုက်တာပါပဲ။ နှစ်ပေါင်း များစွာ တည်ရှိနေခဲ့ကြတဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေ ပပျောက်အောင် ဒီမိုကရေစီက မလုပ်ဆောင်နိုင်ပါဘူး၊ ဒါပေမဲ့ ဒီမိုကရေစီဟာ ယဉ်ကျေးတဲ့ နိုင်ငံသား၊ ယဉ်ကျေးတဲ့ အဖွဲ့အစည်းတွေကို ပေါ်ပေါက် စေပါတယ်။ ပြိုင်ဆိုင်သူ အချင်းချင်း ယဉ်ကျေးစွာ သည်းခံတဲ့ ဆက်ဆံရေးမျိုးကို ဒီမိုကရေစီက ဖြစ်ပေါ်စေပါတယ်။”  မိမိနဲ့ သဘော ထားချင်း မသက်ဆိုင် သူတွေကို ဘေးဖယ်ထားမယ် ၊ဆွေးနွေးစားပွဲ ၀ိုင်းထဲကနေ စွန့်ပစ်ထားခဲ့မည် ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီ သဘော သဘာဝနဲ့ လုံးဝ ဆန့်ကျင် သွားသလို ၊မြင့်မြတ်လှတဲ့ မိမိ၏ အမျိုးအနွယ် သဘာဝနဲ့လည်း စော်ကားရာ ကျရောက်သွားနိုင်ပါတယ်။

ထိုကြောင့် အခြေခံ ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်သောသူ၊ မြင့်မြတ်လှသော မိမိ၏ အမျိုးအနွယ် သဘာဝကို မထီမဲ့မြင်ပြု၍ မိမိကိုယ်ကျိုး အတွက် သော်လည်းကောင်း၊ မိမိ၏ မိသားစု အကျိုးစီးပွါးရေးနှင့် သော်လည်းကောင်း မိမိ၏ အလိုကို ဖြည့်ဆည်း ပေးတတ်တဲ့ ထပ်ဆင့် ကိုယ်ကျိုးရှာ အချောင်သမား အတွက် သော်လည်းကောင်း. .ရည်ရွယ် ထားခဲ့ပြီးကာ၊ မိမိအမျိုးနွယ်၏ အနာဂတ် မနက်ခင်း အလင်းရောင်ကို မှေးမှိန်အောင် လုပ်ဆောင် တတ်သောသူ၊ ထိုလူပုဂ္ဂိုလ်တို့၏ စိတ်နေ သဘောထားကို ကျနော့်အနေနဲ့ အာဏာရှင် စနစ်ကို မသိစိတ်က လက်ခံ အကောင်အထည်ဖော် ထောက်ခံနေသူ၊ သို့တည်းမဟုတ် အာဏာရှင်စနစ်ကို မသိစိတ်က သွယ်ဝိုက်သော နည်းဖြင့် အားပေး အားမြောက်ပြုနေသောသူ၊ ဒီအပြင် မပြည့်တဲ့ အိုးထဲမှာ ဘောင်ဘင်ခတ်နေသော “ရေမပြည့်တဲ့ အိုးထဲက ဘောင်ဘင်ခတ် နိုင်ငံရေး သမား၊”... အထူးသဖြင့် အစွန်းရောက် အမျိုးသား ၀ါဒီဟု. .ထင်ထင်သာသာ မြင်မိပါတယ်။

အဘယ်ကြောင့် ဆိုသော် အာဏာရှင် စနစ် ဆိုသည်မှာ “မူရင်း လက်တင် ဘာသာစကား Dictator မှ ဆင်းသက်လာသည်။ ပြောသည့် အတိုင်း လိုက်လုပ်စေခြင်းဟု အဓိပ္ပါယ် ထွက်သည်။ လူပုဂ္ဂိုလ် တဦးတယောက်တည်း၌ လုံးဝ ပြီးပြည့်စုံသော နိုင်ငံရေး အာဏာရှိသည့် အစိုးရ ပုံစံကို ဆိုလိုသည်။ နိုင်ငံရေး အဓိပ္ပါယ်မှာကား အုပ်ချုပ်ခံ ရသော လူတန်းစား များ၏ သဘော တူညီမှု ရယူရန် မလိုဘဲ လူတဦးက သို့မဟုတ် လူတစုက မိမိတို့ စိတ်ကြိုက် ဆောင်ရွက်ရန် အုပ်ချုပ်သွားခြင်းကို ခေါ်သည်။

ဥပမာ..ဒုတိယ ကမ္ဘာစစ်ကို ဖန်တီးခဲ့သော ဖက်ဆစ် ၀င်ရိုးစွန်းတန်း သုံးနိုင်ငံများမှ နာဇီဟစ်တလာသည် ဂျာမဏီ ပြည်တွင်း၌ စီးပွားရေးအရ အစစအရာရာ တိုးတက် ကြီးပွားနေသော တိုင်းရင်းဖွား ဂျုးလူမျိုးတွေကို မနာလို သဝန်တို နာကျည်း လာသည်နဲ့အမျှ သူသည် လူမျိုးရေး၊ အမျိုးသားရေး အကြောင်းပြချက်ဖြင့် ဂျာမန်ပြည်သူတွေကို စ ည်းရုံးပြီး မိမိအာဏာ ရရှိရေး၊ မိမိမိသားစု၊ ခေါင်းညိတ် အပေါင်းအဖော် လူနည်းစု ကောင်းစားရေး အတွက် မိမိဆန္ဒနဲ့ လုံးဝဆန့်ကျင်နေတဲ့ ဂျုးလူမျိုးတွေကို စတင် သုတ်သင်ပြီး အိမ်နီးချင်း တိုင်းပြည်ပိုလန်ကို (၁၉၃၉) ခုနှစ်တွင်စတင် ကျုးကျော် ၀င်ရောက် တိုက်ခိုက်ရာက ဒုတိယ ကမ္ဘာစစ် မီးတောက်လောင် ခဲ့ရပါတယ်။

အမျိုးသား အစွန်းရောက်ဝါဒီ အာဏာရှင် နာဇီဟစ်တလာကြောင့် ဒုတိယ ကမ္ဘာစစ် အတွင်းမှ ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံး ခဲ့ကြရပါတယ်။. ဟစ်တလာ၏ အာဏာရှင် ဆန်ဆန် နှိပ်ကွပ်မှုအောက်မှာ ဂျုးလူမျိုုးသန်းချီ မျိုးပြုတ်လုနီးပါး အသက် ရှုံးဆုံး ခဲ့ရပါတယ်။ သို့သော် နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နှစ်ပေါင်းများစွာ နေလာခဲ့ရသော စစ်နဲ့ကင်းကင်းရှင်းရှင်း နေလိုသော အမေရိကန်သည် ဖက်ဆစ် ၀င်ရိုးစွန်းတန်း အဖွဲ့ဝင် ဂျပန်က (၁၉၄၁)ခုနှစ်တွင် အမေရိကန်ပိုင် ပုလဲ ဆိပ်ကမ်းကို စတင် ကျူးကျော်ရာက ဒုတိယ ကမ္ဘာစစ်ထဲ အမေရိကန် ပါ၀င် လာရာကနေ အာဏာရှင် ဟစ်တလာ ရည်မှန်း ထားခဲ့သော ဂျုးလူမျိုး “မျိုးဖြုတ် သုတ်သင် ရှင်းလင်းရေးနဲ့အတူ” ဖက်ဆစ် အာဏာရှင် စနစ် တည်ဆောက်ရေး စစ်ပွဲသည် ဆုံးရှုံးမှုတွေနဲ့အဆုံးသတ်ပြီး ဆုံးခဲ့ရပါတယ်။

ဟစ်တလာသည်လည်း မိမိ၏ မိသားစုနဲ့ အတူ ရခဲလှသော လူ့ဘဝကို ဘယ်သူမပြု မိမိမှုဆိုသလို မိမိကိုယ်ကိုယ် အဆုံး စီရင်ခဲ့ပါတယ်။. သို့သော် ဟစ်တလာ ထားခဲ့သော မကောင်းဆိုးဝါး အမွေတွေကို ခါးသီးစွာ ယနေ့တိုင် ဂျာမန်ပြည်သူတွေ ပေးဆပ်နေရဆဲပဲ မဟုတ်ပါလား။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နောက် ဂျာမဏီနိုင်ငံသည် အရှေ့နဲ့ အနောက် ဂျာမဏီ အဖြစ် အရှေ့ဘာလင်၊ အနောက် ဘာလင်ဟူ၍ ဟစ်တလာ၏ မကောာင်းဆိုးဝါး အမွေကို လက်တွေ့ ခံစားရကာ၊ ဒုတိယ ကမ္ဘာစစ် အတွင်း၌ တရုတ်ပြည်ကြီးကို ကျုးကျော် တိုက်ခိုက်စဉ် တရုတ်ပြည်သူအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ အစုလိုက် အပြုံလိုက် မုဒိမ်းမှုတွေကြောင့် ယနေ့တိုင် ခေတ်အဆက်ဆက် ဂျပန် အစိုးရသည် တရုတ် ပြည်သူအား တောင်းပန်နေရဆဲပါပဲ။

ဤသို့ ဒုတိယ ကမ္ဘာစစ်ကို မီးမွှေခဲ့သော ဖက်စစ် ၀င်ရိုတန်း သုံးနိုင်ငံ ဂျပန်၊ ဂျာမဏီ၊ အီတလီတို့သည် စစ်ကြီး ပြီးဆုံး သွားသောအခါ စစ်ရှုံးနိုင်ငံများ အနေဖြင့် စစ်လက်နက် အသစ် တီထွင် ထုပ်လုပ်မှု၊ စစ်ရေးနယ်ပယ်၌ အမေရိကန် ဦးဆောင်သော စစ်နိုင် အုပ်စု၏ ကန့်သတ်မှုအောက်မှာ ဒီမိုကရေစီနိုင်ငံများ အဖြစ် ပြောင်းလဲလာကြကာ အကြီးစား စက်မှုလက်မှု နိုင်ငံကြီးများ အဖြစ် မွဲပြာကျတိုင်း ပြည်ကို ပြန်လည် ထူထောင်လာကြရပါတယ်။

ယခုအခါ ဒီမိုကရေစီ နိုင်ငံများ ဖြစ်ကြသော ဂျပန်၊ ဂျာမဏီ၊ အီတလီတို့သည် ကမ္ဘာထိပ်သီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများ ဖြစ်လာကြပြီး နေတိုး အဖွဲ့ဝင်များ ဖြစ်သော ဂျာမဏီ၊ အီတလီနှင့် နေတိုး အဖွဲ့ဝင် မဟုတ်သော ဂျပန်နိုင်ငံတို့သည် ယနေ့ ခေတ်သစ် ကမ္ဘာပေါ်ရှိ ခေတ်သစ် စစ်အာဏာရှင် များကြောင့် သော်လည်းကောင်း၊ အကြမ်းဖက်ဝါဒကို အာပေး အားမြောက်သော အမျိုးသား အစွန်းရောက် အုပ်ချုပ်သူ လက်နက်အားကိုး အစိုးရတွေကြောင့် ကမ္ဘာပေါ်က သန်းချီဒုက္ခသည် အပြစ်မဲ့ ပြည်သူတွေကို ကမ္ဘာ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေနဲ့ လက်တွဲကာ အာကာအကွယ် ပေးနေကြတဲ့ ဒီမိုကရေစီ နိုင်ငံကြီးများ ဖြစ်နေကြပါပြီ မဟုတ်ပါလား။ ပြည်သူတွေရဲ့လိုအင်ဆန္ဒ အဝဝကို ဖြည့်ဆည်း ပေးတတ်တဲ့ ဒီမိုကရေစီ စနစ်ကျင့်သုံးသော အစိုးရ များကြောင့်လည်း သွားလေရာနေရာ ရောက်လေရာ အရပ်မှာ ဂျာမဏီ ပြည်သူတွေ၊ ဂျပန် ပြည်သူတွေနဲ့ ယနေ့ အီတလီ ပြည်သူ ပြည်သားတွေဟာ ရေပြည့်အိုး ပမာ တည်တည်တဲ့တဲ့ ၀င့်ကြွား နေနိုင်ကြပြီ မဟုတ်ပါလား။

ထိုကြောင့်် နိုင်ငံတော်၏ အာဏာကို လက်ရှိ ရယူထားသော အစိုးရသည် သော််လည်းကောင်း၊ လာမည့် (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ် အနေဖြင့် သော်လည်းကောင်း၊  မြန်မာပြည် တွင်း၌ မှီတင်း နေထိုင်နေကြသော ဗမာ အပါအဝင် ဘိုးဘွား အစဉ်အဆက် ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေ၊ ယုံကြည် ကိုးကွယ်ရာ ဘာသာ တရားတို့နဲ့ ပြီးပြည့်စုံ နေကြတဲ့ အားလုံးသော တိုင်းရင်းသားတို့ လိုလား တောင့်တနေကြတဲ့ ခေတ်နဲ့အညီ အားလျှော်စွာ  ဖက်ဒရယ် ပြည်ထောင်စု စံနစ် စစ်စစ်ကို ရိုးသား ပွင့်လင်းစွာ အကောင်အထည် ဖော်နိုင်မှ သာလျှင် လက်ရှိ အစိုးရ လိုလားတောင့်တနေတဲ့     ထာဝရ ငြိမ်းချမ်းရေးနှင့် အတူ ကမ္ဘာ့ အလယ်၌ ငြိမ်းချမ်း သာယာ ၀ပြောသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို မြင်တွေ့နိုင်ပါမည်။ ။