Generation သစ်များကြားမှ မှေးမှိန်လာသော “ကရင်” စာ

Generation သစ်များကြားမှ မှေးမှိန်လာသော “ကရင်” စာ
by -
ရွှေဟသာင်္
imagesw

လူမျိုးအသီးသီး ၊ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာပေရှိကြပါသည်။ စာပေမရှိသော လူမျိုး ငယ်ဟူ၍ ယခုအခါ ကမ္ဘာပေါ်၌ပြောပလောက် အောင် မရှိတော့ပါချေ။

လူမျိုးအသီးသီး ၊ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာပေရှိကြပါသည်။ စာပေမရှိသော လူမျိုး ငယ်ဟူ၍ ယခုအခါ ကမ္ဘာပေါ်၌ပြောပလောက် အောင် မရှိတော့ပါချေ။ စာပေဟူသည်ကား စကား၏သင်္ကတဖြစ်သော အင်္က္ခရာများ ကိုပေါင်းစုဖွဲ့စည်းထားပြီး စနစ်တကျနှင့် စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသားများဖြစ်ပါသည်။ ဤတွင်လူမျိုး စုတစ်စုလုံးရဲ့ စာပေကိုလူမျိုးစုရဲ့ အမှတ်အသားဖြစ်သည်ဟုပြောလျှင် မမှားချေ။ ဤသို့ကြောင့် လူမျိုးတစ်မျိုးအတွက်ကြီးပွားတိုးတက်ဖို့ ဆိုလျှင် ဝေါဟာရကြွယ်ဝသော ဘာသာစကားနှင့် စာပေရှိရပေမည်။ ယခုကျမ ရေးသားတင်ပြလိုသည့် အကြောင်းမှာ ကျမရင်ဆိုင်ဖြတ်သန်းလာခဲ့ရသော ပတ်ဝန်းကျင်အခြေအနေတွင်  မြန်မာနိုင်ငံရှိ လူမျိုးစုများထဲမှ ကရင် လူမျိုးစုတစ်စု၏ မျိုးဆက်သစ်တွေကြားမှာ မှေးမှိန်လာနေသော ကရင်စာပေ အကြောင်းပင် ဖြစ်ပါသည်။

ကျမသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို ့နယ်၊ တောင်စွန်းရွာနှင့် ကျောက်ဖလူးရွာကြားရှိ ရွာကလေးတွင် နေထိုင် သည့်ကရင်လူမျိုးတဦးဖြစ်ပါသည်။ ကျမသည် အထက်တန်း ကျောင်းကို အောင်မြင်ပြီး အလုပ်လုပ်ရန် ထိုင်းနိုင်ငံကို ထွက် လာခဲ့သူတဦးလည်းဖြစ်ပါသည်။ ငယ်ရွယ်စဉ်ဘဝမှာ ရွာကျောင်း၌ပညာသင်ကြားခဲ့ပြီး အစိုးရစစ်တပ်ကကျေးရွာ ကိုရွေ့ ပြောင်းခိုင်းခဲ့သဖြင့် ဒုတိယတန်းကိုပင် သုံးကြိမ်တက်ခဲ့ရပါသည်။ နောက်ပိုင်း၌ တောင်စွန်းရွာ၌လည်း ကေအန်ယူနှင့် စစ်အစိုးရ တပ်ဖွဲ ့တို့ တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်အတွက် ကျောင်းနေဖို့ အရေးကို တခြားရွာသို့ပြောင်းခဲ့ရပါသည်။ ဤ တိုက်ပွဲများကြားမှာပင် ကရင်စာကို သင်ကြားပေးနေသည့် မြစ်ဝကျွန်းပေါ်ဒေသက သာသနာပြု ဆရာမတဦးသည် တိုက်ပွဲ ကြောင့် ကျည်ထိမှန်ပြီး အသက်ဆုံးရှံူး ခဲ့ရပါသည်။ ဒီလိုနဲ့ နောက်တစ်နှစ်မှာ ကျမကို မြို့နဲ့အလှမ်းနီးတဲ့ ရွာတစ်ရွာကို ပြောင်းခိုင်းပြီး စတုတ္ထတန်း ကျောင်းသားဘဝကိုဖြတ်သန်းစေခဲ့ ရပါသည်။

ပဥ္စမတန်းကို သံဖြူဇရပ်မြို့မှာနေပြီး ဆဌမတန်းကိုမူ ပုသိမ်မြို့ကို ကျမပြောင်းရွှေ့ပြန်ပါသည်။ ပြောင်းရွှေ ့ရတဲ့ အခြေအ နေကတော့ ပုသိမ်မြို့မှာ ကရင်စာတွေ သင်ပေးတဲ့ အစီအစဉ်ရှိတယ်ဆိုပြီး ကြားသိရတော့ ကျမမေမေလည်း ကျမကို ပုသိမ်မြို့သို့ ပြောင်းရွှေ့ခိုင်းလိုက်သည်။ ပုသိမ်မှာကျောင်းတက်ပြီး ကျမကရင်စာအချို့ သင်ယူရပါသည်။  သို့ပေမယ့်လည်း အနည်းအကျဉ်းသာဖြစ်သည်။ နွေရာသီကျောင်း ပိတ်တိုင်း ကျမရွာကို အလည်ပြန်လာပါသည်။ လမ်းခရီးမှာတော့ အစစ်အ ဆေးပေါင်းများစွာ လည်း ကြံုခဲ့ရဖူးပါသည်။ တခါကိုးတန်းနှစ် ကျောင်းပြန်သွားချိန်မှာ ကျမတခါ အစစ်ဆေး ခံခဲ့ရပါသည်။ ကျမမှတ်ပုံတင်မှာ ဘုရားသုံးဆူ မြို့နယ်ဆိုတာ တွေ့သွားပြီး ကရင်လူမျိုး တစ်ယောက်လည်း ဖြစ်တာမို့ အကြာကြီး အစစ် ခံခဲ့ရပါသည်။ ကျမကိုမေးမြန်းပုံကတော့ ကျမဘယ်ကိုသွားမယ် ၊ ဘယ်မှာတည်းမယ် ၊ ဘာကိစ္စကြောင့်သွားမယ်၊ တည်း မယ့်လမ်းနေရာ အိမ်နံပါတ် အတိအကျကိုပါ မေးပါသည်။နောက်ဆုံး တော့  ကျမခရီးဆက်နိုင်ခဲ့ပါသည်။ ဒါပေမယ့် ကျမရဲ့ အဆောင်ကို ရောက်သော် ကျမတို့ အဆောင်ရှေ ့မှာ ရဲတစ်ယောက်က လက်ပိုက် မတ်တတ်ရပ်ပြီး  ကြည့်နေသည်ကို တွေ့ရပါသည်။ ကျမလွန်စွာ အံ့သြမိသည်။ ဒီတင် မဟုတ်သေးဘဲ ကျမနေတဲ့ အဆောင်ကိုပါ သန်းခေါင်အချိန်တွေမှာ သူ များအိမ်တွေထက် ပိုပြီး ဧည့်စာရင်း လာစစ်လေ့ရှိပါသည်။ နောက်ဆုံးတော့လည်း ကျမ ဆယ်တန်းပြီးဆုံးပြီး ရွာကိုပြန် လာသည်။

ကျမအိမ်မှာ သုံးပတ်နားပြီး ကျမဦးလေး အဆက်အသွယ်ဖြင့် ထိုင်းမြန်မာနယ်စပ် စံခလဘူရီမြို့ကို ရောက်ရှိလာပါသည်။ လအနည်းငယ်ကြာလာသောအခါ ကျမလာရောက်နေထိုင်တဲ့ စံခလဘူရီမြို့မှာ ကရင်လူဦးရေ အများအပြားရှိသည်ကို တွေ့ ရသည်။ သို့သော် ကရင်လူမျိုးဟုတောင် ကျမမခွဲခြားနိုင်ပါ။ ဘာဖြစ်လဲဆိုတော့ ကရင်စကားကို မသုံးကြလို့ဖြစ်ပါ သည်။ ဒီလိုနဲ့ကျမ အတွေးထဲကို အတွေးတစ်ခုဝင်လာပြီး ကျမဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ ကျမသိ လာရ တဲ့အတွေးတွေကို စုဆောင်းပြီး စိတ်မကောင်းစွာပင် ဤဆောင်းပါးကို ရေးရန်ဆုံးဖြတ်ခဲ့ပါသည်။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စံလခဘူရီမြို့မှာ လူဦးရေ (၆) သောင်းခွဲနီးပါး ရှိပါသည်။ ဤအထဲ၌တဝက်ခန့်ဟာ ထိုင်းနိုင်ငံဖွား ကရင်လူမျိုးများ ဖြစ်ကြပါသည်။ သို့သော် ကရင်စကားကို ၂၀ ရာနှုန်းလောက်သာ ပြောဆိုနိုင်ကြတော့ သည်ဟု အသက် (၇၀) ရှိသည့် ကရင်အဖွားအို တစ်ဦးက ခန့်မှန်းထားပါသည်။ အထူးသဖြင့် အသက် (၅၀) နှင့် အထက် သာလျှင် ကရင်စကားကို ရကြတော့သည်ဟု ဆိုပါသည်။ စံခလဘူရီမြို့တွင်  နောင်လာနောက်သား များဟာ ကရင်စာများ ကို မဖတ်တတ်ရုံသာမက မပြောတတ်တော့တဲ့ အဆင့်ထိ ဖြစ်လာနေပါသည်။ တချို ့လူငယ်တွေဆိုလည်း သူတို့ကို သူတို့ ကရင်လူမျိူးဖြစ်မှန်း မပြောကြတော့ချေ။ တချို ့ကလေးတွေဆိုလည်း သူတို့ဟာကရင်သားသမီးတွေဖြစ် မှန်း လုံးဝမသိ တော့တာလည်းရှိပါသည်။ ထိုင်းအစိုးရကျောင်းထဲက မူတခုမှာ သောကြာနေ့တိုင်း ရိုးရာဝတ်စုံကို ၀တ်ဆင်ရမည်ဆိုသည့် စနစ်ကြောင့် ကျောင်းသူကျောင်းသား လေးတွေဟာကရင်ရိုးရာ ၀တ်စုံ တွေကို ၀တ်ဆင်ကြပေမယ့် အများစုက ကလေး တွေကတော့ကရင်စကားမပြော တတ်ကြတော့ပဲရှိနေပါသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း ရွှေ ့ပြောင်း အလုပ်သမား(၂)သန်းခန့်ရှိသည်ဟု NGO များက ခန် ့မှန်းထားပါသည် ။ ဒီအထဲ မှာ ကရင်လူမျိုးစုသည်လည်း ငါးသိန်းခန့် ရှိနိုင်သည်ဟု ကရင်အလုပ်သမား အဖွဲ ့ အစည်းများက ခန့်မှန်းထားပါသည်။  ဤရွှေ ့ပြောင်းအလုပ်သမားများသည်လည်းသူတို့ဝမ်းရေးအတွက် သာ ရုန်းကန်နေရပြီး မိမိဘာသာစကားနှင့် စာပေများကို လေ့လာရန် အချိန်မပေးနိုင် ဖြစ်နေကြပါသည်။ ကရင်စာပေ သင်ကြားပို့ချပေးတဲ့ အထူးအစီအစဉ်ဆိုလည်း မရှိပါ။ ယခုလို တိုင်းတပါးမှာ အလုပ်လုပ်ကိုင် ရခြင်းကြောင့် တိုင်းရင်းသား လူမျိုးစုတွေက တိုင်းတပါးဘာသာစကား ပြောတတ်ရန် လေ့ကျင့်ပြောဆို နေကြရပြီး အလုပ်ခွင်တွေမှာ ကိုယ့်ဘာသာ စကားထက် တိုင်းတပါး ဘာသာစကားကိုသာ အလေးထား၍ ပြောဆိုနေကြရပါတော့သည်။ ဤအပြုမူလုပ်ရပ် လေးတွေက တဖြည်းဖြည်း ကျယ်ပြန့်လာပြီးကိုယ့် ဘာသာ စကားတွေ တဖြည်းဖြည်း တိမ်ကောလာနေသည်ကို သတိမထားမိနိုင်ကြချေ။သတိထားမိ သော်လည်း မတတ်သာသဖြင့် လျစ်လျူရှု ပြီးဖြစ်သလိုနေထိုင်လာကြရာ နောင်လာနောင်သား များသည်လည်း နောက်ဆုံးတော့ တိုင်းတပါး ဘာသာစကားက ကြီး စိုးသွားမည်ဖြစ်ပါသည်။

မြန်မာပြည်၏ အစိုးရကျောင်းတွေတိုင်းမှာလည်း ဘယ်တိုင်းရင်းသား စာပေဆိုလို့မှ သင်ကြားပို့ချခွင့်မရှိပါ။ တောင်ပေါ် ကရင်ကျေးရွာဒေသ ကျောင်းတစ်ချို ့မှာ အစိုးရကျောင်းခွဲ ဖြစ်မယ်ဆိုရင်လည်း ကရင်စာပေသင်ကြားခွင့် မရရှိပဲဖြစ်နေပါ သည်။ အဲဒီလိုပဲ မြို့ပေါ်နေ ကရင်လူမျိုး အများစုသည်လည်း ကရင်စကား အသုံးပြုတာ လျော့နည်းလာပြီး ဗမာစကား ပြောဆိုမှုမှာ ပိုများလာပါသည်။ ကရင်ပြည်နယ် ဒေသတော်တော်များများမှာ ဆိုလျှင် စစ်ဘေးစစ်ဒါဏ်ကြောင့် ရွာသူရွာ သားတွေ တောနက်တွေထဲမှာ ဖြစ်သလိုရွှေ ့ပြောင်းနေထိုင်ရင်း ကလေးတွေကိုစာသင်ပေးတဲ့ စေတနာရှင်ဆရာ ၊ ဆရာမ တစ်ချို့သာလျှင် ကလေးတွေကို ကရင်စာသင်ပေးကြပါသည်။ ယခုလို သင်ကြားရာမှာ လွန်စွာချိနဲ့ပြီး စာသင် ကျောင်းမရှိ ရုံသာမကစာသင်ရန် ကျောက်သင်ပုန်းအစား ကျောက်ပြားတွေကို အသုံးပြုနေရပြီး မြေဖြူခဲအစား မီးသွေးခဲတွေကို အစား ထိုးအသုံးပြုနေရပါသည်။ သို့သော်ကလေးများသည် မြေပြင်ပေါ်မှာ ထိုင်ပြီး စိတ်အားထက်သန်စွာသင် ယူနေကြတာတွေ့ ရပါသည်။

မှေးမှိန်လာနေသော ကရင်စာပေအတွက် ၀ိုင်းဝန်းမြှင့်တင်ပေးရန် ကြိုးစားရာမှာ ကရင်ပြည်နယ် တောင်ပေါ်ဒေသ ရွာတစ် ချို့မှာ ဖေဖော်ဝါရီလကနေ မေလ လပိုင်းအတွင်း ကျမ်းစာကျောင်း တစ်ချို ့ကနေ နွေရာသီ ကရင်စာပေများကို လိုက်လံ သင်ကြားပေးတဲ့ သာသနာပြုအဖွဲ့ ဆရာ၊ ဆရာမများရှိပါသည်။ တက်ရောက် သင်ယူနေသော ကလေးငယ်အများစုသည် လည်း ခရစ်ယာန် ဘာသာဝင်များ ဖြစ်ပါသည်။ ယခုလို လိုက်လံပို့ချရာမှာ ရက်တိုအတောအတွင်းသာဖြစ်ပြီး အကြာဆုံးမှ နှစ်ပတ်သာဖြစ်ပါသည်။ ဒီရက်ပိုင်းအနည်းငယ်လောက်ဘဲ ကရင်စာကို အခြေခံအဆင့်သာ သင်ကြားပေးနိုင်ပြန်သော် လည်း ထောက်ပံ့မှု ပစ္စည်းဆိုင်ရာ အခြေခံစာအုပ် ကလေးတွေအတွက် စိတ်ဝင်စားစရာ စာအုပ်လေးတွေ မရှိသလို။ က ရင်စာသင်ပေးတဲ့ ဆရာ၊ဆရာမများအတွက်လဲ ထောက်ပံ့မှုမရှိပေ။

ဤအတွက် ရွာသူရွာသားတွေရဲ့ ၀ိုင်းဝန်းထောက်ပံ့မှုလေးနဲ့သာ မလုံမလောက် သင်ကြားပို့ချပေးနေကြရပါသည်။ ဒီလို လိုက်လံပို့ချရာမှာ လမ်းပမ်းခရီး အခက်အခဲ ၊ စားသုံးမှုစရိတ်အပြင်  လူမှုရေးအခက်အခဲတွေ အနည်းနဲ့အများ ရှိနေတတ် ပြန်ပါသည်။ တစ်ချို့တောရွာ ဒေသတွေမှာဆိုရင် ကရင်လူမျိုးများဟာ အလွန်အယူသီးတတ်ကြပါသည်။ မိရိုးဖလာဓလေ့ကို ကိုင်စွဲထားသည့် အတွက်ကြောင့် သူတို့ကလေးတွေကို နားလည်မှု လွှဲမသွားအောင် ယုံကြည်မှု ယိုင်မသွားအောင် လွန်စွာကာကွယ်တတ်ကြသည်။ ယခုလို လူမှုရေး အခက်အခဲတွေကြောင့်လည်း ကရင်စာပေတွေ ပို့ချပေးတဲ့နေရာမှာ လွန်စွာထိခိုက်ခဲ့ပါသည်။ 

ထိုင်းမြန်မာနယ်စပ် ကရင်ဒုက္ခသည် စခန်းတွေမှာ ကရင်လူမျိုးအများစု နေထိုင်ကြသော်လည်း ကျောင်းတွေမှာ ကရင် ဆရာ ၊ ဆရာမဟူ၍ အနည်းငယ်သာရှိပါသည်။ ကရင်စာပေကို နေ့တိုင်းသင်ယူရသော်လည်း ထိရောက်မှုမရှိဟု ဒုက္ခသည် ကရင်ကျောင်းသား တစ်ဦးကပြောပါသည်။ အကြောင်းမှာ ကရင်စာသိပ်မတတ်တဲ့ ကျောင်းဆရာက ကရင်ကလေးတွေကို သင်ကြားနေရလို့ ဖြစ်ပါသည်။

ယနေ့အချိန်၌ ကရင်လူမျိုးများသည် နိုင်ငံတကာ နေရာအတော်များများမှာလည်း အခြေချနေထိုင်နေကြပြီးဖြစ်ပါသည်။ သို့ပေမယ့် ကရင်စာပေကို အဓိကသင်ကြားပို့ချပေးသော အစီစဉ်နှင့် နေရာမရှိသလောက် ရှားပါးပါသည်။ ရှိသောနေရာ များ၌လည်း တနင်္ဂနွေနေ့မှာ သင်ကြားပေးသော ဆန်းဒေးစကူးလောက်သာရှိပါသည်။ ဤသည် ကလေးတွေရဲ ့ တစ်ပတ် တကြိမ် အစီအစဉ် အဆင့်လောက်သာရှိပါသည်။ ဤသို့ကြောင့် တိုင်းတပါး ဘာသာစကားက လွှမ်းမိုးလာပြီး အနည်ထိုင် လာကာ ကရင်စာပေတွေ တဖြည်းဖြည်းတိမ်ကောလာမှာ ဖြစ်ပါသည်။ 

အလားတူဗုဒ္ဓဘာသာ ကရင်စာပေသည်လည်း စာပေသင်ကြားမှုနှင့် စိတ်ဝင်စားမှုအပိုင်းမှာ အားနည်းလာနေသည်ဟု ခန် ့ မှန်းရပါသည်။ သို့သော် အသေးစိတ် အခြေအနေမှန်ကို မသိရသေးသဖြင့် အခြေအနေမှန်ကို မတင်ပြနိုင်တာကို နားလည် ခွင့်လွှတ်စေချင်ပါသည်။

ထို့ကြောင့် ဤအဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်နေရသည့် ကရင်စာပေသည်၊ ရှေ ့ဆက် အနာဂတ်မှာရင်လေးစရာ အဖြစ်ဆိုးကြီး တစ်ခုဖြစ်မှာကို ကျမလွန်စွာစိုးရိမ်မိသဖြင့် ကရင်လူမျိုးများ ဤပြသနာကို မည်သို ့ဝိုင်းဝန်းဆောင်ရွက်နိုင်သည်ကို စုပေါင်း စဉ်းစားနိုင်ရန် ရည်ရွယ်ပြီး ရေးသားတင်ပြ လိုက်ရ ခြင်းဖြစ်ပါသည်။

Most read this week