အနေနီး၊ စုစည်းစေတဲ့ ဖားစည်

အနေနီး၊ စုစည်းစေတဲ့ ဖားစည်
by -
နော်ဘွေဝါး
မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသား လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက အတူတကွ နေထိုင်ခဲ့ကြ ပေသည်။ ထိုသို့ နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု အသီးသီးတို့တွင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း....

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသော တိုင်းရင်းသား လူမျိုးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းက အတူတကွ နေထိုင်ခဲ့ကြ ပေသည်။ ထိုသို့ နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု အသီးသီးတို့တွင် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ယူဆောင်လာခြဲ့ကသည့် ဆိုင်ရာ ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းစဉ်လာများလည်း ရှိနေသည်။

ကရင်အမျိုးသားများ အမြတ်တနိုးထားရာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ‘ဖားစည်’ သည် ထိပ်ဆုံးက ပါဝင်နေသည်။ ဘိုးဘွားအစဉ်အဆက် လေးစား၊ တန်ဘိုးထား လာကြသည့် ထိုဖားစည်၏ အစဉ်အလာကြီးမှုကို ကရင်လူမျိုးနှင့် ဖားစည် ခွဲခြားမရကြောင်း သမိုင်းအစဉ်အလာက သက်သေထူနေသည်။

ဖားစည်က နေထိုင်ရာဒေသတခုထဲတွင်ပင် အလှမ်းဝေးကွာ နေသည့် ကရင်လူမျိုးများကို အနေနီးစေရန် စုစည်းပေးခဲ့သည်။ ရန်သူဘေးကြံုသည့်အခါဖြစ်စေ၊ ဒေသ အတွင်း အရေးပေါ်ကိစ္စများ ပေါ်ပေါ်လာသည့်အခါ ဖြစ်စေ ဖားစည်သံဖြင့် အချက်ပေးကာ သတိအနေအထား ဖြစ်စေခဲ့ကြောင်း အသက် (၇၀) ကျော်အရွယ်ရှိ၊ ကရင်ယဉ်ကျေးမှုအဖွဲ့၏ အဖွဲ့ဝင်တဦးက ယခုလို အလေးအနက်ထား ပြောဆိုလာသည်။

“ရှေးတုန်းကဆိုရင် တောတောင်အတွင်းမှာ ရွာတည်ပြီး နေကြတဲ့ ကရင်လူမျိူးတွေဟာ  တအိမ်နဲ့တအိမ် တရွာနဲ့တရွာ၊ ရွာသူရွာသားတွေ စုဝေးစေချင်တဲ့အခါ ဖားစည်ကို ရိုးရိုးတီးခတ် အသံပေးပြီး စုရုံးစေကြတယ်။ အရေးကြီး ကိစ္စပေါ်လာလို့ပဲ ဖြစ်ဖြစ်၊ ရန်သူ့ဘေးနဲ့ကြံုရလို့ပဲ ဖြစ်ဖြစ် ဖားစည်ကို အမှတ်အသားအနေနဲ့ တီးခတ်ကြပြီး လူစုကြတယ်” ဟု ဆိုသည်။

သူက “ရွာသူရွာသားတွေဟာ အချက်ပေး အမှတ်အသားနဲ့ တီးခတ်တဲ့ ဖားစည်သံကို နားထောင်ပြီး၊ ကိစ္စအကြောင်းအရင်းကို နားလည်သဘောပေါက်ကြပါတယ်။ ဖားစည်ရဲ့ စူးစူးရှရှမြည်ဟီးတဲ့ အသံဟာ ရွာမှာရှိတဲ့ ရောဂါဘယတွေကို ပျောက်ကင်းစေနိုင်ပြီး၊ မကောင်းဆိုးဝါးတွေ ကြောက်လန့် ရှောင်ပြေးကြရတယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ ဖားစည်ဟာ အထွဋ်အမြတ်ထားတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် အတိတ်နိမိတ်များလည်း ပြတတ်ပါတယ်” ဟု ပြောသည်။

ဖားစည်မြည်ဟီးသံကို တစ်ယူဇနာ (၁၂.၇၂ မိုင်) အကွာအဝေး  အထိ ကြားနိုင်ကြောင်းလည်း ရှေးလူကြီးများ ပြောစကားကို မှတ်သားဖူးသည်။

ကရင်ဖားစည်တွင် မင်္ဂလာဖားစည် နှင့် အမင်္ဂလာ ဖားစည် ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ မင်္ဂလာဖားစည်တွင် ရေးဆွဲထားသည့် ဖားရုပ်များမှာ တကောင်နှင့် တကောင် ရှေ့နောက် ထပ်ကြပ်မကွာ နောက်လိုက်နေသည့် အနေအထားရှိသည့်အတွက် ထိုဖားစည်ကို မင်္ဂလာရှိသော နေ့ထူးနေ့မြတ်များဖြစ်သည့် ကောက်ဦးစားပွဲ၊ အိမ်သစ်တက် မင်္ဂလာ၊ ကရင်နှစ်သစ်ကူးပွဲတော်၊ ထိမ်းမြှားလက်ထပ် မင်္ဂလာပွဲ၊ ဧည့်ခံပွဲများအပြင်၊ စစ်ချီတိုက်ပွဲနှင့် စစ်အောင်နိုင်ပွဲနေ့များတွင် အထိမ်းအမှတ်အဖြစ်လည် တီးခတ်လေ့ရှိသည်။

အမင်္ဂလာ ဖားစည်တွင်မူ ဖားရုပ်များ တကောင်နှင့် တကောင် မျက်နှာချင်းဆိုင် ရန်ထောင်နေပြီး သွေးကွဲနေသည့် အသွင်ဆောင်နေသည့်အတွက် အသုဘကိစ္စများ အပြင် ထိုအချိန်က အကျင့်သီလဖေါက်ပြန်သူများကို ရွာပြင်ပ နှင်ထုတ်ဒဏ်ပေးသည့် အခါများတွင် တီးခတ်ကြလေ့ရှိသည်။

မင်္ဂလာဖားစည်ကို “ဖားစည်အအေး” ဟုခေါ်ဆိုပြီး၊ အမင်္ဂလာ ဖားစည်ကိုမူ “ဖားစည်အပူ” ဟု ခေါ်ဝေါ်သမုတ်ကြသည်။

ထို့အပြင် ဖားစည်ကို ကရင့်အမျိုးသားအလံတွင်လည်း နေခြည်ဖြာ အနီရောင် (၉) သွယ်၏ အလယ်တွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ ထို့ကြောင့် ဖားစည်သည် ကရင်တမျိုးသားလုံးအတွက် ထင်ရှား သော အမျိုးသားလက္ခဏာ အမှတ်အသား တခုပင် ဖြစ်သည်။

ယခုခေတ်ကာလတွင် ကယားပြည်နယ်တွင် ဖားစည်သွန်းလုပ်သည့် လုပ်ငန်းမှာ အများဆုံးဖြစ်သည်။

သို့သော် ဖားစည်ကို နေရာတိုင်း အချိန်တိုင်းတွင် သွန်းလောင်းလေ့မရှိပေ။ ပျော်ပွဲရွှင်ပွဲ၊ မင်္ဂလာဆောင် အခန်းအနား၊ အိမ်ဦးတက်မင်္ဂလာယူချိန်၊ နှစ်ကူးနေ့ နေမွန်း တည့်ချိန် တို့တွင်သာ သွန်းလောင်းသည့် အလေ့အထ ရှိသည်။

ဖားစည်ပုံစံ မျက်နှာပြင်မှာ အပိတ်ဖြစ်နေပြီး၊ အောက်ပိုင်းအခြမ်းကိုမူ ဖွင့်ထားသည်။ ၎င်း၏ ကိုယ်ထည်မှာ ခပ်သွယ်သွယ် အနေအထားရှိပြီး၊ သိမ်သည့်သဏ္ဍာန်ရှိကာ အောက်ပိုင်းတွင် အနည်းငယ်စွင့်ကားသည်။

ဖားစည်တီးခတ်မည်ဆိုပါက လက်နှစ်ဖက်ကို အသုံးပြုကာ တီးခတ်ရသည်။ ညာလက်ဖြင့် ဖားစည်၏မျက်နှာပြင်ကိုထုကာ တီးရပြီး၊ ဘယ်လက်က ဒုတ်ပါးပါးလေး တချောင်း(သို့မဟုတ်) နှီးစည်းဖြင့်ဖြစ်စေ ဖားစည်ထဲသို့လျှိုသွင်း၍ တီးခတ်ရသည်။

ထူးခြားသည်မှာ ဖားစည်၏ မျက်နှာပြင်အလယ်တွင် နေမင်းအလင်းရောင်သဏ္ဍာန် ဖျာထွက်နေသော အသံလှိုင်းတို့အား တုန်ခါစေနိုင်သော အမှတ်အသားများ ပါရှိသည်။ ရောင်ခြည်မှာ (၆) သွယ်မှ (၁၂) သွယ်အထိရှိပြီး၊ အချို့တွင်မူ (၁၈) သွယ်အထိ ရှိသည်။ ရောင်ခြည်ဖြာသန်းနေသည့် အပေါ်ဖက်တွင် စက်ဝိုင်း အရစ်များ ပါရှိပါသည်။ စက်ဝိုင်းအရစ်များမှာ (၆) ခုမှ (၉) ခု အထိ ရှိသည်။

စက်ဝိုင်းတခုနှင့် တခုအကြားတွင် ဖားပြုပ်ရုပ်၊ ငါးရုပ်၊ ငှက်ရုပ် အပြင် ပန်းပွင့်အရုပ်များနှင့် ပုံဖော်အလှဆင်ထားသည်။ ဖားပြုပ်အရုပ်တို့သည် တကောင်နောက် တကောင် နီးကပ်စွာ ရှိနေသည်။ ထို့အပြင်၊ ဖားတကောင်ထပ်၊ နှစ်ကောင်ထပ်၊ သုံးကောင်ထပ်လိုက်နေသော ဖားစည် များလည်း ရှိသည်။

ဖားပြုပ်ရုပ်ကို ထူးဆန်းနက်နဲသော အဓိပ္ပါယ်ရှိသည်ဟု ယူဆကြသည်။ ဖားပြုပ်သည် ဖားဘုရင်လည်းဖြစ်သကဲ့သို့ သူတပါးကိုရန်မူလေ့မရှိ၊ ရန်ငြိမ်းစေသည့် သတ္တဝါ ဖြစ်ပြီး၊ အန္တာရယ်ပြုလာသော သတ္တဝါများကိုမူ ၎င်း၏အရေခွံထဲမှ အဆိပ်တမျိုးကို ထုတ်လွှတ်ခြင်းဖြင့် တဖက်ရန်သူကို သေစေနိုင်သည့် အစွမ်းအာနိသင် ရှိသည်။

ဖားပြုပ်တို့သည်ရန်မူခြင်းကို လက်ဦးပြုလေ့မရှိပေ။ သဘာဝအရ တည်ငြိမ်အေးဆေးမှု ရှိသော်လည်း အန္တာရယ် တစုံတရာနှင့် ကြံုတွေ့လာပါကလည်း ပြန်လည် ခုခံနိုင်သည့် သဘာဝကို ကရင်လူမျိုးတို့၏ ရိုးသားဖြူစင်ပြီး၊ အေးချမ်းစွာနေထိုင်လိုသော စရိုက်လက္ခဏာနှင့် နှိုင်းယှဉ်ထားသည်။

ဒဏ္ဍါရီဆန်သည့် ကရင်ရိုးရာပုံပြင် တခုအဆိုအရ၊...တနေ့တွင် တောင်ယာလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူ ဖူးမော်တော် ဟု ခေါ်သည့် ကရင်အဘိုးအိုတဦး ရှိသည်။ တနေ့တွင် သူသည် တောင်ယာသွားကြည့်သောအခါ လူရိုင်းတစုက သူ၏ တောင်ယာထွက် စပါးအသီးအနှံများကို ၀င်ရောက်ဖျက်ဆီးနေသည်ကို အဝေးက လှမ်းမြင်နေရသည်။

ထိုသို့ ၀င်ရောက်ဖျက်ဆီးမှုမျိုး နောက်ထပ်မဖြစ်ရန် ဖူးမော်တော်က အကြံတခု ထုတ်လိုက်သည်။ ထိုအကြံမှာ တောင်ယာခင်းထဲတွင် လူသေကဲ့သို့ ဟန်ဆောင် လှဲလျောင်းကာ ထိုလူရိုင်းတစုကို စောင့်နေရန်ပင် ဖြစ်သည်။ ထိုအချိန်တွင် လူရိုင်းများက ဖူးမော်တော် သေပြီဟု မှတ်ယူကာ အသုဘအခမ်းအနားအတွက် အုပ်စုထဲမှ လူရိုင်းများကို အိမ်ပြန်စေကာ စည်ယူခိုင်းစေသည်။

လူရိုင်းများက ဖားစည် ၃ မျိုးဖြစ်သည့် ရွှေရောင်၊ ငွေရောင်နှင့် အဖြူရောင် ဖားစည်များကို ယူဆောင်လာကြကာ စတင်တီးခတ်ကြသည်။ ထိုစဉ်ခဏ သေလူဟန်ဆောင်ထားသူ ဖူးမော်တော်မှာ ရုတ်တရက် ထထိုင်လိုက်သည့်အတွက် ဖားစည်တီးခတ်သူ လူရိုင်းများ လန့်ဖြန့် ထွက်ပြေးကုန်တော့သည်။ ထိုအချိန်တွင် အဖြူရောင်ဖားစည်မှာ ရေထဲသို့ပြုတ်ကျသွားသည်။ ကျန်ရှိနေသေးသည့် ဖားစည်များကို ဖူးမော်တော်က ကရင်လူမျိုးများထံ ယူဆောင်လာပြီး၊ ထိုအချိန်မှစတင်ကာ ၎င်းတို့သည် ကရင်လူမျိုးတို့ အမြတ်နိုးဆုံး အရာများ ဖြစ်သွားကြသည်။

လူရိုင်းတစုမှာ လူသူပေါက်ရောက်နည်းသော တောတောင်တို့တွင် နေထိုင်ကြသည့် အရိုင်းကရင်မျိုးနွယ်စုများသာ ဖြစ်သည်။

ခေတ်ကာလပြောင်းလာသည်နှင့်အမျှ ဖားစည်ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများလည်း ရှားပါးလာနေသည့်အတွက် ဖားစည်မြည်ဟီးသံ အရည်အသွေးမှာလည်း တဖြည်းဖြည်း ကျဆင်းလာနေကြောင်း ကရင်ရိုးရာ ကျွမ်းကျင်သူ ဖထွေးဖူးဂယ်က ယခုလို ပြောဆိုလိုက်သည်။

“အရင်ခေတ်ဖားစည်က အသံတော်တော်ကောင်းပါတယ်။  ယခုဖားစည်အသံကသိပ်မကောင်းတော့ဘူး။ သွန်းလုပ်တာလည်း ပစ္စည်းတွေရှားပါးလာတယ်။  အရင်က ဖားစည်တလုံးဟာ တန်ဖိုးမြင့်မားစွာရောင်း လို့ရတယ်။ ယခုဖားစည်က ပစ္စည်းတွေမစုံတော့ တလုံးကို ကျပ် (၅) သိန်းလောက်ပဲ ရောင်းလို့ရပါတယ်” ဟု ဆိုသည်။

လက်ရှိ မြင်တွေ့နေရသည့် ဖားစည်အမျိုးအစားကို ပိုးကရင်တို့နေထိုင်ရာ ဒေသများတွင် အများဆုံးတွေ့မြင်နိုင်သော်လည်း စကောကရင်ရွာတို့တွင် အနည်းအကျဉ်းသာ တွေ့မြင်ရတော့သည်။ ထို့အတူ ယခုခေတ်လူငယ်များက ဖားစည် အမည်ကိုသာ ရင်းနှီးကြပြီး ဖားစည်အကြောင်း တစေ့တစောင်း သိသူမှာ နည်းပါးလာနေကြောင်း ရှေ့မီနောက်မီ လူကြီးများက မှတ်ချက်ပေး သုံးသပ်ပြောဆိုနေကြသည်။

ကရင်ရိုးရာ တူရိယာတမျိုးလည်းဖြစ်၊ အမျိုးသား အထိမ်းအမှတ်လည်းဖြစ်သည့် ဖားစည်သည် ယခုအခါ တဖြည်းဖြည်း ပျောက်ကွက်လုနီးပါး အန္တာရယ်နှင့် တွေ့ကြံုနေရ သည်ဟုလည်း ပြောဆိုနေကြသည်။

ဖားစည်ကို ဘိုးဘွားများလက်ထက်က မင်္ဂလာကြေးတင်တောင်းခြင်း၊ တရားစီရင်ခြင်းတို့တွင် လျှော်ကြေး အဖြစ် တန်ဘိုးထား သတ်မှတ် အသုံးပြုလာခဲ့သော်လည်း ယခုအခါတွင် ကရင်လူမျိုးများ နေထိုင်ရာ ဒေသများတွင် ဖားစည်ကို ရှာတွေ့ရန်ပင် ခက်ခဲနေသည်။

ထို့ကြောင့် ယခုခေတ် ကရင်လူငယ်များအပါအဝင် အမျိုးသားတရပ်လုံးက မိမိတို့၏လူမျိုး၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များထဲက အမျိုးသားရေး အမှတ်လက္ခဏာ တခုလည်း ဖြစ်သည့် ဖားစည်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အတူ ဖားစည်သွန်းလုပ်ခြင်း အတတ်ပညာများကို လက်ဆင့်ကမ်း သင်ကြားကာ ရှေးအမွေအနှစ်ကို မပျောက်မပျက် ဆက်လက် ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ကရင်ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

Most read this week