ပူပြင်းသည့် နေအပူရှိုန်ကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက တောင်သူအများစု စိုက်ပျိုးထားသည့် ကွမ်းသီးပင်များ သေဆုံးကာ ပျက်စီး၊ ဆုံးရှံုးမှုများနှင့် ရင်ဆိုင်နေကြရသည်။
ရေးမြို့နယ်နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ရေး ချောင်းဖျားဒေသတဝိုက်က ပသာရွာအပါအဝင် ကျောင်းရွာ၊ ဂနီ၊ ဖလာန် နှင့် အနန်းပုန်းရွာတို့ရှိ ကွမ်းသီးခြံများ နေပူပြင်းမှုဒဏ်ကြောင့် ညိုးနွမ်း၊ ခြောက်သွေ့ကာ ယခုလို ဆုံးရှံုးမှုများနှင့် ရင်ဆိုင် တွေ့ကြံုနေရခြင်း ဖြစ်သည်။
ကွမ်းသီးပင် စုစုပေါင်း ၅၀၀၀ ခန့် စိုက်ပျိုးထားသည့် ရေးမြို့နယ်၊ ပသာရွာ ဒေသခံတဦးဖြစ်သူ ဦးဝေက “အပင် (၂ဝဝဝ) လောက် အကွက်လိုက် နီပြီး သေတဲ့အပြင် ကျန်တဲ့ အပင်တွေကလည်း ဖူးငုံတံခိုင်တွေ ခြောက်ကုန်တယ်” ဟု ထိုင်းအခြေစိုက် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ကို ပြောသည်။
အလားတူ ကွမ်းသီးပင်၊ အပင် ၂ ထောင်ခန့် စိုက်ပျိုးထားသည့် ရေးမြို့နယ် ဒေသခံလည်းဖြစ်၊ ကွမ်းသီးခြံ လုပ်ကိုင်သူ ဒေါ်စီကလည်း သူမ၏ ကွမ်းခြံများ ပျက်စီးပုံကို ယခုလို ပြောပြသည်။
“ကွမ်းသီးပင် သေဆုံးများတာက နေပူများလို ့အပင်တွေခြောက်၊ အရွက်တွေနီ၊ အပင်တွေလည်းနီ အဲဒါကြောင့်သေတယ်။ သီးတဲ့ အပင်က နည်းတယ်။ မသီးတဲ့ အပင်က များတယ်။ သေလည်း သေများတယ် ရေကလည်းဝေးဆိုတော့” ဟု ပြောသည်။
ရေးမြို့နယ် နေထိုင်သူအများစုသည် ကွမ်းသီးခြံစိုက်ပျိုးရေးနှင့် ရာဘာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိက စီးပွားဖြစ် လုပ်ကိုင်သူများ ဖြစ်သည်။
ယခုလို ပူပြင်းသည့် နေပူရှိုန်ကြောင့် ကွမ်းသီးပင်များ သေကြေ ပျက်စီးသွားသည့်အပြင် ကွမ်းသီးပင်များအကြား စိုက်ပျိုးထားသည့် သစ်သီး ပင်များလည်း သေကျေ၊ ပျက်စီးကုန်ကြောင်း ကျောင်းရွာသူ မိပန်းသီက ယခုလို ပြောသည်။
“သမီးတို့ဘက်မှာ အခုထိ မိုးမရွာသေဘူး။ မေမေစိုက် ထားတဲ့ ကွမ်းသီးပင်တွေလည်း သေကုန်ပြီ။ ကွမ်းသီးပင်ကြားမှာ စိုက်ပျိုးထားတဲ့ ကြက်မောက် ၊ ဒူရင်း၊ မင်းကွတ်သီး အပင်တွေလည်း သေကုန်တယ်။ သရက်သီးဆိုရင် သီးတောင် မသီးဘူး။ သံပုရာသီးဆိုရင် အကင်းကတည်းက ကြွေကျသွားတယ်။ ပြောရရင် ငှက်ပျောပင်ပါ ခြောက်ကုန်တယ်” ဟု ဆိုသည်။
ကွမ်းသီးခြံ စိုက်ပျိုးခြင်းဖြင့် မိသားစု တနိုင်တပိုင် စီးပွားလုပ်ကိုင်သူများ ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်းလည်း သိသိသာသာ ကျဆင်း နိုင်ကြောင်း ကွမ်းသီးခြံ စိုက်ပျိုးသူ တချို့က ယခုလို သုံးသပ် ပြောဆိုနေကြသည်။
“မနှစ်က ကွမ်းသီး အလုံးရေ နှစ်သိန်းကျော်ရတယ်။ အခြောက်လုန်းပြီးတော့ ရောင်းရင် ပိဿ အလေးချိန် တထောင်ကျော်ရတယ်။ တပိသာကို (၁၁ဝဝ) ကျပ် ရတယ်။ မနှစ်ကတော့ အဝတ် အစားတွေ ပြေလည်ပါတယ်။ ဒီနှစ်ကတော့ အပင်သေများလို့ ကွမ်းသီး အလုံး ၅ သောင်း ရပါ့မလားလို့ အခု စိတ်ပူပါတယ်” ဟု ဦးဝေ က ဆိုသည်။
ယခုလို ပျက်စီးဆုံးရှံုးမှုများ တွေ့ကြံုနေရသူ မိသားစုဝင်များအနေဖြင့် ၀င်ငွေထိခိုက်မည့်အပြင်၊ ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ကြားရေးတွင် တစုံတရာ ထိခိုက်မည်ကို မိဘများက ပူပင် သောက ခံစားနေကြသည်။
သား၊ သမီး ၃ ယောက် မိခင် ဒေါ်စီက “နောက်နှစ်ဆိုရင် ကွမ်းသီး ပိုပြီးလျော့မယ်။ ပိုက်ဆံက သုံးမလောက်ဘူး။ ကျောင်းစရိတ်လည်း အခက်အခဲဖြစ်တယ်။ ဆင်းရဲတယ်ဆိုတော့ ကလေးတွေကို ကျောင်းဆက်ထားနိုင်မလား၊ မထားနိုင်ဘူးလား မသိသေးဘူး” ဟု ဆိုသည်။
ထို့အပြင် လက်ရှိ စားဝတ်နေရေးအဆင်ပြေရေးအတွက် ငွေကြေးတချို့ကို အတိုးနှုန်း ကျပ် ၁၀၀ တွင် ၁၀ ကျပ်နှုန်းဖြင့် ချေးယူ သုံးစွဲနေရ ကြောင်းလည်း ဒေါ်စီက ဆိုသည်။
အလားတူ ၈ တန်းကျောင်းသူ မိပန်းသီကလည်း “သမီးကတော့ မေမေအဆင်မပြေတာတွေ့တော့ ကျောင်းမနေတော့ဘူး။ မောင်လေးကိုပဲ ထားမယ်။ သမီးကတော့ ထိုင်းနိုင်ငံဘက်ကို အလုပ်လုပ်ဖို့ စိတ်ကူးထားတယ်” ဟု ပြောလာသည်။
ကွမ်းသီးပင်သည် တန်ခူးလ (ဧပြီလ) တွင် ကွမ်းသီး ဖူးငုံတံများ ထွက်လာပြီး၊ ၀ါဆို၊ ၀ါခေါင် (ဇူလိုင်၊ သြဂုတ်) လများတွင် ရင့်မှည့်ကြသည်။ သတင်းကျွတ် (အောက်တိုဘာ) တွင်မူ ကွမ်းသီးမှည့်များကို ဆွတ်ခူးကာ မီးစင်ပြုလုပ်၊ အခြောက်ခံကြသည်။
ယခုလို တခူး၊ ကဆုန်လ ကွမ်းသီး အဖူးအငုံ ပေါ်ချိန်တွင် ကွမ်းသီးခြောက်များ စျေးကောင်းရသည့်အတွက် ကွမ်းသီးစိုက် တောင်သူများ တနိုင်တပိုင် သိုလှောင်ထားလေ့ ရှိကာ ကြိုက်စျေးဖြင့် ရောင်းချလေ့ရှိကြသည်။
လွန်ခဲ့သည့် ၂ လခန့်က မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားတွင် နေ့အပူချိန် ၄၂ မှ ၄၇ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်လာသည့်အတွက် အထင်ကရ ဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ အင်းလေးအိုင်၊ ကချင်ပြည်နယ် အင်းတော်ကြီးအိုင် တို့ရှိရေများ သိသိသာသာ ခမ်းခြောက် သွားသည့် အပြင်၊ နိုင်ငံတဝှမ်း လူထုအများအပြား သောက်သုံးရေ ပြတ်လပ်မှုများနှင့် ရင်ဆိုင် ကြံုတွေ့နေရသည်။
အလားတူ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့နယ်၊ မုဒွန်းရွာတွင် သောက်သုံးကန် အများအပြား ရေခန်းခြောက်သွားသည့်အတွက် ကျန်ရှိနေသည့် သောက်သုံးကန်တချို့တွင် ဒေသခံများ အပြိုင်အဆိုင် တိုးဝှေ့ ခပ်နေရကြောင်း ဒေသခံလည်းဖြစ် ပန်းခြံလုပ်ကိုင်နေသူ နိုင်စိုင်းမွန်က ယခုလို ပြောသည်။
“ရေရဖို့ မနက်စောစောထပြီးတော့ လူတွေပွဲသဘင်ကို သွားသလိုမျိုး စည်ကားပြီး ရေလုခပ်နေရပါတယ်။ ရလာတဲ့ရေကို ကြည်အောင် နေ့တဝက် နီးပါး စစ်ထားရပါတယ်” ဟု ဆိုသည်။
သောက်သုံးရေ ရှားပါးမှုနောက်ဆက်တွဲအရ လူအများ ၀မ်းပျက်၊ ၀မ်းလျော ဝေဒနာများ ခံစားရကာ ဒေသတချို့တွင် သေဆုံးမှုများလည်း ရှိနေသည်။
၂၀၁၀ ခုနှစ်အတွင်း၊ နာဂစ်မုန်တိုင်း အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း သောက်သုံးရေ လုံလောက်စွာမရရှိသူ ဒေသခံ စုစုပေါင်း ၁ သိန်းခွဲ ကျော်ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့တချို့က ခန့်မှန်း ပြောဆိုသည်။
ယခုနှစ် အပူချိန်သည် လွန်ခဲ့သည့်နှစ်များက အပူချိန်ထက် ၆ ဒီဂရီစင်တီဂရိတ် ပိုနေသည်ဟုလည်း မိုးလေဝသ တိုင်းထွာချက်များအရ သိရသည်။
အပူချိန်မြင့်တက်လာခြင်းနှင့် နိုင်ငံတဝန်း ရေရှားပါးမှု တွေ့ကြံုနေရခြင်းသည် မြေတွင်း အရင်းအမြစ်များ ဆုတ်ယုတ်သွားခြင်းနှင့် သဘာဝ သစ်တောများ ပျက်သုဉ်းခြင်းနှင့် ဆက်စပ်နေကြောင်း မွန်ပြည်နယ်က အငြိမ်းစား သစ်တောအရာရှိ ဦးထွန်းရီက ယခုလို သုံးသပ် ပြောဆိုသည်။
“ရေရှားပါးတဲ့ အကြောင်းရင်းကတော့ မြေတွင်းက ရေအရင်းအမြစ်တွေ ဆုတ်ယုတ်သွားတာရယ်၊ သဘာဝ တောတွေ ပျက်ပြုန်းသွားတာရယ်၊ ကလိုရိုဖီးဆိုတဲ ့နေရောင်အောက်မှာ ရေကိုအားပြုပြီးတော့ မလုပ်နိုင်တဲ့ အတွက်ကြောင့် အရွက်တွေ ဝါသွားရခြင်း ဖြစ်တယ်။ ရေသည် သစ်ပင်ရဲ့ စိမ်းလန်းစိုပြေမှုကို လုပ်ပေးနိုင်သလို သာမန်ထွားကြိုင်းမှု၊ ဖွံဖြိုး တိုတက်မှုကိုပါ လုပ်ပေးနိုင်ပါတယ်” ဟု ပြောသည်။
လတ်တလောက မြန်မာနိုင်ငံ ဒေသတချို့တွင် မိုးရွာသွန်းခဲ့သည့်အတွက် အပူချိန် သိသိသာသာ ကျဆင်းသွားသည်။