ပညာတတ်ကြီး ဖြစ်ချင်တယ်

ပညာတတ်ကြီး ဖြစ်ချင်တယ်
by -
မင်းပွန်းဟန်
“ဒီတစ်သက်တော့ ပညာမသင်ရတော့ဘူးလို့  စဉ်းစားရင်း၊ အားငယ်တဲ့စိတ် ပေါ်ခဲ့ဘူးတယ်” ဟု ဆရာမ မိကျလွန်းထောက အတိတ်က သူမ၏ ပညာ ဆက်လက် သင်ယူရေးအတွက် စိုးရိမ်စိတ်ကို၊ ပြန်လည် ရင်ဖွင့် ...

“ဒီတစ်သက်တော့ ပညာမသင်ရတော့ဘူးလို့  စဉ်းစားရင်း၊ အားငယ်တဲ့စိတ် ပေါ်ခဲ့ဘူးတယ်” ဟု ဆရာမ မိကျလွန်းထောက အတိတ်က သူမ၏ ပညာ ဆက်လက် သင်ယူရေးအတွက် စိုးရိမ်စိတ်ကို၊ ပြန်လည် ရင်ဖွင့် ပြောဆိုသည်။

သူမက “ပညာတတ်ကြီး ဖြစ်ချင်တယ်။ ပညာမတတ်ရင် ဘဝရှေ့ရေး ဘယ်လိုသွားရမလည်းလို့၊ မိဘတွေကို အတင်းပူဆာပြီးတော့ အဲဒီနေရာ (ကျိုက္ကဗင် ရွာ) ကို သွားခဲ့တာပါ” ဟု သူမက အားတက်သရော ပြောဆိုလိုက်သည်။

မွန်ပြည်နယ်၊ ကျိုကျွရောမြို့နယ်၊ တရနာရွာတွင် မွေးဖွားကြီးပြင်းခဲ့သူ သူမသည် ဆဋ္ဌမတန်း အတန်းပညာကို အစိုးရ အလယ်တန်းကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားနေချိန်ဖြစ်သည်။

ထိုအချိန်က ၈၈-ကျောင်းသားအရေးအခင်း ဂယက်ကြောင့် ၎င်းတို့ဒေသရှိ အစိုးရကျောင်းများ အချိန် အကန့်အသန့်မရှိ ပိတ်ထား ချိန်လည်း ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက္ကဗင်ရွာ၏ ဘုန်းကြီးကျောင်းတွင် မွန်ပြည်သစ်ပါတီလက်အောက်ခံ၊ ပညာရေးဋ္ဌာနခွဲ တခုဖွင့်ထားသည်။

ထိုရွာတွင် အိမ်ထောင်စုဦးရေ ၄၀ ကျော် ရှိပြီး၊ မြန်မာစစ်တပ်နှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်တို့ အကြား ရင်ဆိုင် တိုက်ပွဲများ မကြခဏ ဖြစ်ပွားလေ့ရှိသည်။

သွားရေး၊ လာရေး ခက်ခဲ့သည့် ထိုရွာကို ရေကြောင်းအသုံးပြုကာ စက်လှေဖြင့် သွားပါက နေ့တဝက်ခန့် ကြာသည်။

“တလမ်းလုံးမှာ စစ်တပ်အခြေအနေတွေကို အကဲခတ်ပြီးတော့ ကြောက်ကြောက်နဲ့ လာခဲ့ရတယ်” ဟု ဆရာမက ပြောဆိုပြီး၊ လမ်းခရီး တလျောက် စစ်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ မကြံုရလေအောင် မွန်တိုင်းရင်းသား လက်နက်ကိုင်တစုက လုံခြံုရေးအဖြစ် အကာ အကွယ် ပေးထားသည်။

စစ်အစိုးရနှင့် တိုင်းရင်းသား မွန်လူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတို့ အကြား အပစ်အခတ်ရပ်စဲခြင်း မယူမီ ပြည်နယ်အတွင်း ဖွင့်ထားသည့် မွန်ပညာရေးဋ္ဌာနခွဲကျောင်းများတွင် မွန်လူမျိုးတို့၏ စာပေသင်ကြားခွင့်ကို အာဏာပိုင်များက တင်းကြတ်စွာ ပိတ်ပင်ထားသည်။

ထို့အပြင် မွန်စာပေ ဘာသာရပ် သင်ကြားနေသည်ကို တွေ့ရှိပါက ပြည်နယ်အတွင်းရှိ အာဏာပိုင်များက အနှောင့်အယှက်ပေးခြင်း၊ သင်ကြား ပို့ချသည့် ဆရာ၊ ဆရာမ များကို ဖမ်းဆီး၊ ထိန်းသိမ်းခြင်းများ ရှိခဲ့သည်။

တခါက ကျိုက္ကဗင်ရွာတွင် မွန်စာပေ သင်ကြားနေသည်ကို စစ်တပ်က သတင်းရရှိသည့်အတွက်၊ ရွာအတွင်း ၀င်ရောက်ရှာဖွေခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အြပင်၊ ကျောင်းသုံးစာအုပ်များ ဖွက်ထားခဲ့ရကြောင်း ဆရာမက ယခုလို ပြောသည်။

“အဲဒီနေ့ကဆိုရင်၊ ထမင်းချက်ပေးတဲ့သူတွေတောင် ထွက်ပြေးခဲ့ရတယ်။ ထမင်းတောင် မစားလိုက်ရဘူး။ ပုန်းနေရင်းနဲ့ အိပ်ပျော် သွားခဲ့ဖူးတယ်” ဟု ပြောသည်။

စစ်တပ်များက တရွာဝင်၊ တရွာထွက် ၀င်ရောက် နှောင့်ယှက်ခဲ့သည့်အတွက်၊ ကျောပိုးအိပ် ပညာသင်ဘဝဖြင့် ခက်ခဲ ကြမ်းတမ်း သည့်  ဘဝကို ရင်ဆိုင်ကြံုတွေ့ခဲ့ရသည်။

“ရွာထဲကို စစ်သားတွေဝင်လာပြီလို့ ကြားလိုက်တာနဲ့၊ စာသင်နေရင်း၊ ထမင်းစားနေရင်လည်း ထားခဲ့ပြီးတော့၊ ရွာထဲမှာ လူစုခွဲ ပုန်းရ ပြန်ပါတယ်” ဟု ဆရာမ မိကျလွန်းထောက သူမ ငယ်ရွယ်စဉ်က စိုးရိမ်ကြောက်ရွံ့စွာ ကျောင်းပညာ သင်ကြားခဲ့ရပုံကို ပြန်လည် ပြောပြသည်။

မွန်ပြည်သစ်ပါတီ၊ ဗဟိုပညာရေးဋ္ဌာနက ၁၉၇၂ ခုနှစ်တွင် မွန်စာပေကို စတင်သင်ကြားခဲ့ပြီး၊ ၁၉၈၄ - ၈၅ ခုနှစ်တွင် ဗဟိုပညာရေး ဋ္ဌာနငယ်တခုကို ဖွဲ့စည်းခဲ့သည်။

ယခုအခါတွင် ဗဟိုပညာရေးဋ္ဌာန လက်အောက်တွင်ရှိသော မွန်အမျိုးသားကျောင်းများတွင် မူလတန်း ၁၄၂ ကျောင်း၊ အလယ်တန်း ၁၂ ကျောင်းနှင့် အထက်တန်းအဆင့် ၃ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်းရှိသည်။

မွန်အမျိုးသားကျောင်းများတွင် အခမဲ့ပညာသင်ကြားရေးစနစ် ကျင့်သုံးသည့်အတွက် ဆင်းရဲနွမ်းပါးပြီး၊ ကျောင်းပညာ တက်ရောက်လိုသူ မွန်လူငယ်များအတွက် အခွင့်ကောင်းတခုပင် ဖြစ်တော့သည်။

ယနေ့ထိတိုင် မွန်အမျိုးသားကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ ကျောင်းသူ အရေအတွက် စုစုပေါင်း ၁ သောင်းခွဲခန့်ရှိပြီး၊ အစိုးရ ကျောင်းများနှင့် တွဲဖက်ကာ မွန်စာပေ သင်ကြားပေးနေသည့် ကျောင်းများတွင်မူ ၂ သောင်းကျော်ရှိသည်။

အစိုးရကျောင်းများနှင့် ပူးတွဲကာ မွန်စာပေ သင်ကြားပေးနေသည့် ကျောင်း စုစုပေါင်း ၁၁၄ ကျောင်းရှိသည်။

“အစိုးရကျောင်းနဲ့တွဲပြီး သင်ကြားတယ်ဆိုတာက ကျောင်းခေါင်းလောင်း မထိုးမီအချိန်နဲ့၊ ညနေပိုင်း ကျောင်းလွတ်ချိန်မှာ မွန်အမျိုးသား ကျောင်းတွေက ဆရာ၊မ တွေက အစိုးရကျောင်းမှာ၊ မွန်စာပေ သင်ပေးတာပါ” ဟု ဆရာမ မိကျလွန်းထောက ဆိုသည်။

မွန်အမျိုးသားကျောင်းများတွင်မူ မွန်ဘာသာရပ်အပြင်၊ အစိုးရပညာရေးဝန်ကြီးဋ္ဌာနက ထုတ်ဝေသော သင်ရိုးညွန်းတန်း ပုံစံအတိုင်း သင်ကြားရသည်။ မွန်ဘာသာရပ်ကို သူငယ်တန်းအဆင့်တွင်ပင် စတင် သင်ကြား ပေးသည်။

သူငယ်တန်းအဆင့် မှ အထက်တန်းကျောင်းအဆင့်အထိ မွန်စာပေ ဘာသာရပ် သင်ယူခွင့် ရသည့်အတွက်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ် စိတ်ဓာတ်များ အပြင် မိမိယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ၊ ပေါက်ဖွားစေကြောင်း ဆရာမ မိကျလွန်းထောက ဆိုသည်။

“ကိုယ့်အမျိုးသားကျောင်းမှာ စာသင်ရတဲ့အတွက်ကြောင့်၊ ကျောင်း သားတွေက အလိုလို မျိုးချစ်စိတ် ရှိလာတယ်” ဟု ပြောသည်။

၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့ကြသည်။ ထိုအချိန်မှစကာ ပြည်တွင်း မွန်အမျိုးသားကျောင်းများ ယခင်ကလို တင်းကျပ်ခြင်း မရှိတော့ပေ။

သို့သော် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ မြန်မာနိုင်ငံတွင်၊ လူမျိုးစုအသီးသီးတို့၏ စာပေများကို အစိုးရ ကျောင်းများတွင် တရားဝင် ပြဋ္ဌာန်းသင်ကြားခွင့် မရှိသေးသည့်အတွက် အခြားတိုင်းရင်းသားများအနေဖြင့် အခက်အခဲများ ကြံုတွေ့ရဖွယ်ရှိကြောင်း ဆရာမ မိကျလွန်းထောက ယခုလို ဂရုဏာထား ပြောဆိုခဲ့သည်။

“ကျွန်မအတွက်တော့ တွေ့ကြံုခဲ့ရတဲ့  ဖြစ်ရပ်တွေကို၊ ဘယ်တော့မှမေ့လိုရတော့မှာ မဟုတ်သလို၊ မွန်အမျိုးသားကျောင်းမှာ၊ မွန်ေကျာင်းသူတစ် ဦး တွေ့ကြံုခဲ့တဲ့ ဒုက္ခမျိုး၊ အခြားတိုင်းရင်းသားတွေ ကိုယ့်အမျိုးသား စာပေ သင်ကြားရာမှာ၊ တွေ့ကြံုမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ပညာသင်ကြားရာတွင် မည်သို့ပင် အခက်အခဲများစွာ ကြံုတွေ့ခဲ့ရသော်လည်း ထိုအရာများကို အောင်မြင်ကျော်လွှားကာ တက္ကသိုလ်ကပေးသည့် ဘွဲ့ကိုပင် ရယူနိုင်ခဲ့သည်။

ယခုအခါတွင် ဘဝတူ မွန်လူငယ်များကို မိမိအမျိုးသားစာပေကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရေးအတွက် တာဝန်ကျရာ မွန်ပြည်နယ်၊ ရေချောင်းဖျားဒေသရှိ မွန်ပညာရေးဋ္ဌာနတွင် ဆရာမ မိကျလွန်းထော တယောက်၊ တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။