ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့အတွင်း၊ တည်ဆောက်ထားသည့် နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိ သစ်သား တံတားအိုပေါ်တွင် ဖြတ်သွား၊ ဖြတ်လာသူများနှင့်...
ထိုင်း-မြန်မာနယ်စပ်၊ စံခလပူရီမြို့အတွင်း၊ တည်ဆောက်ထားသည့် နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိ သစ်သား တံတားအိုပေါ်တွင် ဖြတ်သွား၊ ဖြတ်လာသူများနှင့် စည်ကားနေသည်။
မြစ်သုံးသွယ်ဆုံသည့် အနီးအနားက တသွင်သွင် စီးဆင်းနေသည့် ဘီခိ (Bi Khli) မြစ်ရေပြင်ကျယ်ပေါ်တွင် တည်ဆောက်ထားသည့် ထိုတံတားကို မွန်လူမျိုး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးဖြစ်သည့် ဆရာတော် နိုင်ဥတ္တမ ဦးဆောင်ကာ ဒေသခံများနှင့် စုပေါင်း တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
အရှည် ၄၀၀ မီတာကျော် ရှိသည့် ထိုတံတားကို မွန်တံတား ဟုလည်း အများက တင်စား ခေါ်ဝေါ်ကြသည့်အပြင်၊ ထိုအချိန်က ဆန့်ကျင်ဘက် မြစ်ကမ်းနံဘေးတွင် နေထိုင်ကြသည့် မွန်လူမျိုးများနှင့် ထိုင်းလူမျိုးများ အကြား သွားလာရေး အဆင်ပြေချောမွေ့ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သမိုင်း အထောက်အထားများက ဆိုသည်။
တချို့ကမူ ထိုတံတား ဆောက်လုပ်ပြီးစီးသည့်နောက် ထိုင်း-မွန် တို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာခဲ့သည့်အတွက် ထိုင်း-မွန် ချစ်ကြည်ရေးတံတားဟုလည်း တင်စား ခေါ်ဝေါ်ကြသည်။
ထိုတံတားသည် ထိုင်းနိုင်ငံတခုလုံးတွင် အရှည်ဆုံး သစ်သား တံတားလည်း ဖြစ်သည်။
စီးပွားအချက်အချာကျသည့် ဘုရားသုံးဆူ (Three Pagodas Pass) နှင့် ၂၂ ကီလိုမီတာ အကွာအဝေးတွင်ရှိ ထိုတံတားကို အနီးအနားက ဒေသခံများသာမက နိုင်ငံခြားသား ခရီးသွားများပင် စိတ်ပါ၀င်စားစွာ လာရောက် လည်ပတ်လေ့ရှိသည်။
“တံတားပေါ်ကနေ ဖြတ်သွားနေချိန်မှာပဲ လေကောင်းလေသန့် တဝ ရှူနိုင်ပြီးတော့၊ နေထွက်လာတာကို ကြည့်နိုင်သလို၊ နေမင်းကြီး ၀င်သွားတာကို မျက်စိတဆုံး ကြည့်ရှူနိုင်တဲ့အတွက် လူအများကို ဆွဲဆောင်နိုင်မှုရှိတယ်” ဟု နိုင်ငံခြားသား ခရီးသွားများ၏ မှတ်ချက်ပေး ဖော်ပြချက်များကို အင်တာနက် စာမျက်နှာ တချို့တွင် ဖတ်ရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၊ အနောက်ဘက်ရှိ ၁၃၀ ကီလိုမီတာ အကွာအဝေးရှိ ကန်ချနပူရီဒေသရှိ စံခလပူရီမြို့တွင် မွန်၊ ကရင်နှင့် ဗမာလူမျိုးများ စုပေါင်း နေထိုင်ကြသည်။
တံတားပတ်လည်ကို တောင်တန်းများက သဘာဝအလျောက် ကာရံထားပြီး၊ သစ်ပင်များ စိမ်းစိုနေကာ တသွင်သွင်စီးဆင်းနေသည့် မြစ်ပြင်ကျယ်ပေါ်တွင် စက်တပ်လှေငယ်များ သွားလာခုတ်မောင်းနေသည့် မြင်ကွင်းများကို တံတားပေါ်က လှမ်းမြင်နိုင်သကဲ့သို့၊ ဆရာတော်ဘုရား သီတင်းသုံးရာ ကျောင်းတော် အဆောက်အဦးနှင့် ကျိုက်ဆန်ဆုတ် ခေါ် ဗုဒ္ဓဂါယာစေတီတော် ကိုလည်း အဝေးကပင် ဖူးမျှော်နိုင်သည်။
ယခင်က တံတားပေါ်တွင် ဆိုင်ကယ်များ ဖြတ်သန်း၊ ဖြတ်လာခွင့် ပေးထားသော်လည်း၊ လွန်ခဲ့သည့် ၁၀ နှစ်မှ စတင်ကာ တံတား ရေရှည်ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်ခွင့် ပိတ်ပင်ခဲ့သည်။
စံခလပူရီမြို့ မွန်ဘက်ကမ်းတွင်နေထိုင်သူအများစုသည် မွန်လူမျိုးများဖြစ်ပြီး၊ ထိုင်းဘာသာစကား ပြောဆိုသူ နည်းပါးကာ၊ အများစုသည် မွန် ဘာသာစကားကို ပြောဆိုကြသည်။
ထို့အပြင် မွန်ယဉ်ကျေးမှုကို ရိုးရာမပျက် ထိမ်းသိမ်းထားသည့် အနေအထားများအဖြစ်၊ ဘုန်းကြီးကျောင်းများကို မွန်ယဉ်ကျေးမှုလက်ရာများဖြင့် ဆောက်လုပ်ထားသည်ကို တွေ့မြင်ရသည်။
ထိုင်းဘုရင် အစဉ်အဆက်တွင် မွန်လူမျိုးနှင့် ထိုင်းလူမျိုးများအကြား သမိုင်းကြောင်း အရ ဆက်နွယ်မှုများ ရှိကြောင်း၊ မွန်လူမျိူးများတွင် ဟင်္သာ ဌက်ကို အမွန်အမြတ်ထားသကဲ့သို့ ထိုင်းလူမျိုးများတွင် ဂဠုန် ကိုထားရှိကြောင်း မွန်သမိုင်းနှင့် ထိုင်းလူမျိုးသမိုင်းကြောင်းကို လေ့လာနေသည့် မွန်အမျိုးသား နိုင်အောက်ပိုင်က ယခုလို ပြောဆိုခဲ့သည်။
“ထိုင်းစာပေတီထွင်တဲ့ခေတ်၊ ကျောက်စာပြင်တဲ့ခေတ် ကတည်းက မွန်နဲ့ ထိုင်းဟာ အဲဒီလက်ထက် ကတည်းက ဆက်နွယ်လာခဲ့တယ်” ဟု ပြောသည်။
မွန်လူမျိုးနှင့် ထိုင်းလူမျိုးတို့ အကြား တစုံတရာ ဆက်နွယ်မှုရှိနေသည့် သာဓကသည်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က စုပေါင်းတည်ဆောက်ခဲ့သည့် သစ်သားတံတားက ယနေ့ထိတိုင် အခိုင်အမာ သက်သေထူနေသည်။