အလံဆိုသည်မှာ အဖွဲ့အစည်းတခုကို ကိုယ်စားပြုသည်သာမက အမျိုးသားတခုလုံးကို ကိုယ်စားပြုသည့် သမိုင်းဝင် သင်္ကေတအမှတ်အသား တစ်ခုပင် ဖြစ်သည်။ ကရင်အမျိုးသားတခုလုံးကို ကိုယ်စားပြုသည့် အမျိုးသား အလံတော်သည် လူမျိုးစု အတွက် မရှိမဖြစ် အလွန်အရေးပါသည့် ကဏ္ဍတခုအဖြစ် ရပ်တည်နေသည်သာမက၊ သမိုင်းအစဉ်အလာကြီးသည့် ထိုအလံတော်အတွက် ကရင်အမျိုးသားထု ဂုဏ်ယူစရာပင် ဖြစ်ပေသည်။
၁၈၈၁ ခုနှစ်မှစတင်ကာ ကရင်အမျိုးသားဆိုင်ရာ အဖွဲ့အစည်းတခုကို ဒေါက်တာ တီသံပြာ ဦးဆောင် ဖွဲ့စည်းခဲ့ပြီးနောက် ဆရာစံဘော်အပါအဝင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသားအလံ၊ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးနှင့် ကရင်အမျိုးသား သီချင်း ဖြစ်ပေါ်လာရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့ကြသည်။
၁၉၃၅ ခုနှစ်၊ လွှတ်တော်အစည်းအဝေးတွင် ကရင်လူထုကို ကိုယ်စားပြုမည့် အမျိုးသားအလံ သတ်မှတ်နိုင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။ ထို့အတွက် ကရင်အလံတော် ရေးဆွဲကြရန် လူထုကို ဆော်သြကာ၊ ပြိုင်ပွဲတခု အဖြစ်သတ်မှတ်ပြီး ထိုက်ထိုက်တန်တန် ဆုပေး ရွေးချယ်ကြရန် သတ်မှတ်နိုင်ခဲ့သည်။
ပြိုင်ပွဲဝင်သူများထံမှ ကရင်အလံ ပုံစံ စုစုပေါင်း ၁၀၀ ကျော်ကို လက်ခံရရှိခဲ့ရာ၊ ၁၂ ခုကို ဇကာတင် ရွေးချယ်လိုက်ပြီးနောက်၊ ထိုအထဲမှ ၃ ခုကို နောက်ဆုံး ဇကာတင်ကာ ဆုပေး ရွေးချယ်ခဲ့သည်။ ပထမဆုကို ကရင်အမျိုးသားအဖွဲ့မှ စာရေးဆရာတဦးဖြစ်သည့် ကွယ်လွန်သူ မန်းဘခင် (ဘီအေ) ကို ဆုချီးမြှင့်ခဲ့သည်။ သူရေးဆွဲခဲ့သည့် အလံ တွင် ကရင်လူမျိုးများ အထွတ်အမြတ်ထားသည့် ဖားစည်ပုံကို ဖော်ပြထားပြီး၊ အဓိပ္ပါယ်ကို ယခုလို မှတ်တမ်းတင်ထားသည်။
“ကရင်လူမျိုးများက ဖားစည်ကို အသက်သမျှ တန်ဘိုးထားကြသည်သာမက၊ ရှေးယခင်က ၎င်းတို့အိမ်တွင် လက်နက်သဖွယ် ဆောင်ထားကြသည်” ဟု သိရသည်။
ဒုတိယဆုရရှိသူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ဆရာမိုးလို (ကွယ်လွန်) ရေးဆွဲခဲ့သည့် ကရင်အလံတွင်မူ တက်သစ်စနေဝန်း အမှတ်အသားတခုကို ဖော်ပြထားကာ ကရင်လူမျိုးများကို တိုးတက်ထွန်းလင်း တောက်ပစေရန် ရည်ရွယ် ဖော်ပြခဲ့သည်။ ထို့အပြင် ကြောက်စိတ်ကို ဖယ်ရှားပေးသည့် အမှတ်အသား တခုအဖြစ်လည်း ဖော်ညွန်းသည်။
ဆင်ဖြူတော်အရုပ်ပါ အလံကို ရေးဆွဲသူ ဒေါက်တာ ဘစောဒွေး (ကွယ်လွန်) ကို တတိယဆု ချီးမြှင့်ခဲ့သည်။ ထိုဆင်ဖြူတော်အရုပ် အမှတ်အသားကို ယခုအခါ ဖားစည်ပေါ်တွင် တွေ့ရှိနေရသည်။ အဓိပ္ပါယ်မှာ ဆင်ဖြူတော်သည် တန်ဘိုးရှိကာ မြင့်မြတ်သည့် ရတနာတခု ဖြစ်ကြောင်း ဖော်ညွှန်းခြင်း ဖြစ်သည်။
ကရင်အစည်းအရုံး၏ အတွင်းရေးမှူးဟောင်း ဖြစ်သူ မန်းဘခင် ဦးဆောင်ကာ အလံပုံစံ ၃ ခုကို တခုအဖြစ် စုပေါင်း အတည်ပြုသတ်မှတ်ခဲ့ပြီးနောက် ကရင်အမျိုးသားအဖွဲ့ထံ တင်သွင်းခဲ့သည်။ အတည်ပြုပြီးခဲ့သည့် ကရင်အမျိုးသား အလံတွင် ထင်ရှားသည့် အရောင် သုံးမျိုး ဖြစ်သည့် အနီ၊ အဖြူ၊ အပြာရောင်နှင့်အတူ နေခြည်အလင်းတန်း ၉ ခုလည်း ပါရှိသည်။ အရောင်များ၏ အဓိပ္ပါယ်က ကရင်လူမျိုးများကို ကိုယ်စားပြု ဖော်ညွှန်းနေသည်။
အနီရောင်သည် ရဲရင့်ပြတ်သားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း ကို ကိုယ်စားပြုပြီး၊ အဖြူရောင်မှာ ဖြူစင်ခြင်းနှင့် သန့်ရှင်း စင်ကြယ်ခြင်းကို ဖော်ညွှန်းသည်။ အပြာရောင်သည် ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းကို ခေါ်ဆိုသည်။ ထို့အပြင် တက်သစ်စ နေဝန်းမှ ဖြာထွက်နေသည့် ရောင်ခြည်ကိုးသွယ်သည် ကရင်လူမျိုးများ နေထိုင် ဆင်းသက်ခဲ့သည့် ဒေသကိုးခု (ဒီကိုးဒီ) ကိုဖော်ညွှန်းပြီး၊ ကရင်လူမျိုးတို့ ဘဝ တိုးတက်မှုနှင့် သာယာငြိမ်းချမ်းမှု တို့ကို ဖော်ပြနေသည်။
ဖားစည် အမှတ်အသားကိုမူ စည်းလုံးညီညွတ်မှုနှင့် တန်ဖိုးမဖြတ်နိုင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနစ် ပိုင်ဆိုင်ခြင်းကို ဖော်ညွန်း နေသည်။ ၁၉၃၇ ခုနှစ်၊ မြန်မာပြည်လွတ်လပ်ရေး မတိုင်မီ၊ ပထမဦးဆုံး ကရင်နှစ်သစ်ကူးကို ရန်ကုန်တွင် ကျင်းပ ပြုလုပ်နိုင်ခဲ့သည်။ ထိုနေ့မှာပင် ကရင်အလံတော်ကို ထည်ထည်ဝါ၀ါ တပါတည်း လွှင့်တင်နိုင်ခဲ့သည်။
ထိုနေ့တွင် ကရင်တမျိုးသားလုံးက စည်းလုံးညီညွတ်သည့် အဓိပ္ပါယ်ကို ဖော်ဆောင်သည့်အနေဖြင့် ဦးညွတ်ကာ တညီတညွတ်တည်း အလေးပြုခဲ့ကြသည်။ ၁၉၃၈ ခုနှစ်၊ အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်သည့် ကာလတွင် ကရင်နှစ်ကူးကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် အသိမှတ်ပြု သတ်မှတ်ခဲ့သည်။
၁၉၄၈ ခုနှစ်၊ မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် သီးခြားလွတ်လပ်သည့် ကရင်ပြည်နယ် ရရှိရေးအတွက် အစိုးရကို တောင်းဆို တိုက်ပွဲဝင်ခဲ့ရာ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်ခဲ့သည်။
ထို့နောက် ကရင်အမျိုးသားအလံတော်ကို တောတွင်း ကရင်လက်နက်ကိုင် အလံဟု ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး - ဖဆပလ အဖွဲ့က စွတ်စွဲပြောဆိုခဲ့ပြီးနောက် ကရင်အမျိုးသားအလံကို လူထုအကြား သုံးစွဲခွင့် ပိတ်ပင်ခဲ့သည်။
မည်သို့ပင် ပိတ်ပင်ခဲ့သော်လည်း မျိုးချစ် ခေါင်းဆောင်များဖြစ်ကြသည့် ဆရာသာထို၊ ဆရာမန်းဂျိမ်းအောင်၊ စောဘဲလေ တို့က နှစ်စဉ် ရန်ကုန်မြို့တွင် ပြုလုပ်လေ့ရှိသည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအလံကို မကြောက်မဝံ့ ရဲရဲဝံံ့ဝံ့ ပြန်လည် လွှင့်ထူနိုင်ခဲ့ကြလေသည်။
ယခုအခါတွင် ကရင်တမျိုးသားတခုလုံးကို ကိုယ်စားပြုနေသည့် အမျိုးသားအလံကို ကရင်ရိုးရာ နေ့ထူးနေ့မြတ် ပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူး အပါအဝင်၊ ချည်ဖြူဖွဲ့ပွဲ၊ နှစ်သစ်ကောက်သစ် စားပွဲ၊ အစည်းအဝေး တို့တွင် အမျိုးသားအလံတော်ကို ယနေ့တိုင် အလေးထား လွှင့်ထူနေကြဆဲ ဖြစ်သည်။