“သုံးကြိုးတပ် မွန်ရိုးရာ မိချောင်းစောင်းကို ပညာရှင်အဆင့်တီးခတ်နိုင်သူ ရှားပါးသွားပြီ” ဟု မွန်လူမျိုးတို့၏ ဂီတသမိုင်း လေ့လာနေသူ နိုင်အောက်ပိုင်က ဆွေးမြေ့စွာ ပြောဆိုကာ၊ မွန်အမျိုးသားတို့ အထွတ်အမြတ်ထား ထိန်းသိမ်းသင့်သည့် ရိုးရာတူရိယာ ဟုလည်း သူက မှတ်ချက်ပေး ပြောဆိုလိုက်သည်။
သူက “စူးရှတဲ့ အသံလွင်လွင်လေးဖြစ်ပြီးတော့၊ အာရုံကို ထူးထူးခြားခြား မြူးကြွစေပါတယ်။ အသံတွေကိုလည်း အရွှေ့အပြောင်း (Slite) လုပ်ယူ တီးခတ်လို့ ရတယ်” ဟု မိချောင်းစောင်း တူရိယာ၏ ထူးခြားသည့် သံစဉ်ကို အခြား မွန်တူရိယာများနှင့် နှိုင်းယှဉ်ကာ ပြောဆိုသည်။
မွန်တူရိယာ ၂ ခုဖြစ်သည့် လခြမ်းတူရိယာ၊ ပတ္တလား တူရိယာများ တီးခတ်စဉ် ထွက်ပေါ်လာသည့် သံစဉ်ဖြာထွက်မှုသည် အသံသေဖြစ်ကာ မွန်မိချောင်း တူရိယာကဲ့သို့ ကြိုးကို ရွှေ့လျား တွန်းတင် တီးခတ်၍ မရပေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မွန်လူမျိုးတို့ အလေးမြတ်ထား တီးခတ်လာခဲ့ကြသည့် ထိုတူရိယာသည် မွန်လူမျိုးတို့၏ ယဉ်ကျေးမှု အစဉ်အဆက် ဆင်းသက်လာသည့် အမျိုးသားရေး လက္ခဏာ အဖြစ် မွန်အမျိုးသားတို့က အသိအမှတ် ပြုကာ အလေးထားကြသည်။
မိချောင်းတူရိယာ ဖြစ်ပေါ်လာပုံ သမိုင်းနောက်ခံကိုု ဒဏ္ဍါရီဆန်ဆန် ယနေ့ထိတိုင် မြန်မာအသိုင်းအဝိုင်း အကြား စွဲထင် ကျန်ရစ်နေဆဲဖြစ်သည့် ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ချစ်သူ ၂ ဦးတွေ့ဆုံခွင့်ရရန် မင်းသား မင်းနန္ဒာကို ငမိုးရိပ် ချောင်းဖြတ်ကာ ကျောပိုးစီးနင်းလိုက်ပါစေခဲ့သည့် မိချောင်းက ရန်သူ ငလက်မ၊ မိချောင်း ဘေးအန္တရာယ်မှ ကာကွယ်ပေးသည့်အနေဖြင့် မင်းသားကို အာခံတွင်း ငုံထားခဲ့ရာမှ သေပွဲဝင်ခဲ့ရပုံ ကို ပြန်လည် အမှတ်ရစေသည်။
ထိုကွယ်လွန်သွားသည့် သားတော် အမှတ်တရအနေဖြင့် ရာမည တိုင်းပြည်၊ ဒဂုံမြို့ကို အုပ်ချုပ်နေသည့် ဥက္ကလာပမင်းက မိချောင်းကြိုးတူရိယာ ပြုလုပ်စေခဲ့သည့် အထိမ်းအမှတ်သည် မွန်လူမျိုးတို့အတွက် ထီးနန်းသုံး အဖြစ် ယနေ့တိုင် အထင်အရှား ကျန်ရစ်ခဲ့ကြောင်း လက်ခံကြသည်။
မွန်လူမျိုးတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင် ကံကြမ္မာ ဖန်တီးခွင့် ဆုံးရှုံးခဲ့ရသည့်အတွက် မွန်လူမျိုးတို့ ရှေးရိုးအစဉ် လက်ရာမပျက် ထိန်းသိမ်းလာခဲ့သည့် မိချောင်းတူရိယာကို ပိုင်နိုင်စွာ တီးခတ်နိုင်သူ ပညာရှင်အဆင့်ရှိသူများလည်း မွန်လူမျိုးများအကြား တဖြည်းဖြည်း ကွယ်ပျောက်စ ပြုလာပြီ ဖြစ်ကြောင်း ကိုအောက်ပိုင်က မှတ်ချက်ပေး ပြောဆိုခဲ့သည်။
လက်ရှိတွင် မိချောင်းတူရိယာကို တီးခတ်နိုင်သူ မွန်အမျိုးသား ၄ ဦးမှာ ဆရာ နိုင်ထဝိုင်၊ ဆရာ နိုင်ချင်ရယ်၊ ဆရာ နိုင်ရွှေပြည်ရယ်၊ ဆရာ နိုင်ထောပိုင် နှင့် ဆရာ နိုင်ဟံသာ တို့သာ သက်ရှိထင်ရှား ကျန်ရစ်သည်။ နည်းစနစ်ကျကျ တီးခတ်ရသည့် ထိုတူရိယာကို ကျွမ်းကျင်အဆင့် ရှိသူများကသာ တေးသံစဉ်များကို ရှာဖွေ ဖော်ထုတ် နိုင်သည်။ တူရိယာ၏ ထိပ်တဘက် တချက်မှာ ကြိုးညှိနိုင်ရန် ပြုလုပ်ထားသည့် ဒလက်သုံးခု ပါရှိပါသည်။
မိချောင်းတီးကွက်ကို မွန်အခေါ် ဇယ် (C key) နှင့် စတင်တီးခတ်လေ့ ရှိသည်။ ထိုတီးကွက်သည် ဗမာသံစဉ် ၅ သံပေါက်နှင့် ကိုက်ညီမှုရှိပြီး၊ အထက်အောက် ရေတွက်ရာတွင် မွန်နှင့် ဗမာ ရေတွက်ပုံခြင်း လားရာ ဆန့်ကျင်ဘက် ဖြစ်သည်။
မွန်ရိုးရာ ရှေးဟောင်း ကြိုးတပ်တူရိယာ စုစုပေါင်း (၇) မျိုးရှိကြောင်း ဆရာ ခင်မောင်လေး၏ လေ့လာချက်တွင် ဖော်ပြထားသည်။ ရစ်ခေါင်းပုံစောင်း အပါအဝင်၊ မိကျောင်းခေါင်းစောင်း၊ နဂါးခေါင်းဗျပ်စောင်း၊ မိုးသားခေါင်းဗျပ်စောင်း၊ ဗူးကြီးဗျပ်စောင်း၊ ကြိုးတချောင်းတပ် ဗူးဗျပ်စောင်း နှင့် ဗူးကလေး ဗျပ်စောင်းတို့ ဖြစ်သည်။
ထို့အပြင် ထန် မင်းဆက် လက်ထက် တရုတ်ပြည်ရောက် မိချောင်းစောင်းသည် ယခုလက်ရှိ မွန်လူမျိုးတို့ အသုံးအပြုနေသည့် မိကျောင်းစောင်း အမျိုးအစားနှင့် ဆင်တူယိုးမှား ဖြစ်ကြောင်း နာမည်ကျော် ဆရာကြီး ဒဂုန်နတ်ရှင်က ဆိုသည်။
တရုတ်ပြည်ရောက် မိကျောင်းစောင်း တခုသည် အရှည် ၄ ပေ၊ နှင့် ခြေလေးချောင်း ရှိပြီး၊ ၀မ်းဗိုက်တွင် ဟောင်းလောင်း ပုံသဏ္ဍာန် ရှိကာ ကြိုး ၉ ချောင်းကို ဆန့်တန်းရန် အကန့်များ ပါရှိသည်။ လက်ဝဲဘက်နှင့် လက်ယာဘက်တွင် ရွှေ့ပြောင်းနိုင်သည့် ခလုတ် ၁၂ ခု ရှိသည်။
ထူးခြားချက်မှာ တရုပ်ပြည်ရောက် မိချောင်းစောင်းကို ရောင်စုံခြူးပန်း၊ ခြူးနွယ်တို့နှင့် တန်ဆာ ဆင်ထားပြီး၊ မြွေသားရေဖြင့် ဖုံးအုပ်ထားခြင်းပင် ဖြစ်ကြောင်း ဆရာကြီး ဒဂုန်နတ်ရှင်က ဆိုသည်။
ခေတ်ကာလများ ပြောင်းလဲနေသော်လည်း မွန်လူမျိုးတို့ ရှေးရိုးစဉ်လာ မပျက် ထိန်းသိမ်းလာခဲ့သည့် ်မိချောင်းစောင်း တူရိယာကို ယခုခေတ် မွန်လူငယ်များ ဆက်လက်ထိန်းသိမ်း ထားသင့်သည့်အပြင်၊ ခေတ်ပေါ်တူရိယာများ တီးခတ်နိုင်သကဲ့သို့ ပိုင်နိုင်စွာ တီးခတ်နိုင်ရန်လည်း လိုအပ်နေကြောင်း ဆရာ အောက်ပိုင်က မျှော်လင့်ချက်အပြည့် ရှိသည့် မျက်လုံးအစုံနှင့် ယခုလို ပြောဆိုခဲ့သည်။
“အခုခေတ် လူငယ်တွေအနေနဲ့ ကိုယ့်ရိုးရာတွေ ထိန်းသိမ်းရာမှာ သမိုင်းပေး တာဝန်တခုလို ယူမှပဲ၊ ရှေးရိုးရာ မပျက် ဆက်လက် ထိန်းသိမ်းနိုင်မယ်” ဟု ပြောသည်။
(Slite) တူရိယာကြိုးကို ရွေ့လျားတွန်းတင် တီးခတ် နည်းတမျိုး။