“ဘယ်သူကမှ ကျွန်မကို လပ်ထပ်ဖို့၊ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကျွန်မ အဲဒါတွေ အမြဲ စဉ်းစားမိတိုင်း အိပ်မပျော်နိုင်ပါဘူး” ဟု အသက် ၂၄ နှစ်အရွယ်၊ ရိုဟင်ဂျာ အမျိုးသမီးတဦးဖြစ်သူ နူရူဘီဂမ် (Nuru Begum) က စိတ်ပျက်အားငယ်စွာ ပြောဆိုသည်။
သူမက “အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကို ကျော်လွန်ပြီ။ ကျွန်မက တကယ့်ကို အသက်ကြီးတဲ့ အမျိုးသမီးကြီး၊ တယောက်နဲ ့တူနေတယ်” ဟုလည်း အခြား ငွေကြေးတတ်နိုင်၍ အိမ်ထောင်ပြုပြီးသူ ရိုဟင်ဂျာ အမျိုးသမီးတချို့နှင့် နှိုင်းယှဉ်ကာ၊ မိမိကိုယ်ကို အားမရသည့် အနေအထားဖြင့် ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ရွာတရွာတွင်နေထိုင် ကြီးပြင်းလာခဲ့သူ နူရူသည်၊ မွေးချင်း မောင်နှမ ၅ ဦးနှင့်အတူ၊ ဖခင်ဖြစ်သူက နီးစပ်ရာ တောင်ပေါ်တွင် ထင်းခွေကာ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရသည်။
ရခိုင်ပြည်နယ်တွင် လက်ထပ်ထိမ်းမြားခြင်းကို တင်းကျတ်စွာ တားမြစ်ထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ အသက် ၂၄ နှစ်အရွယ် နူရူဘီဂမ်း”
တရွာတည်းနေ လူငယ်တဦးနှင့် ရည်ငံနေသည့် သူမသည် သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များထံမှ အိမ်ထောင်ပြုခွင့် အမိန့် ရယူရန် ကြိုးစားခဲ့သော်လည်း၊ မြန်မာနယ်ခြားစောင့် လုံခြံုရေးတပ် (နစက) က ၎င်းတို့ခွင့်ပြုချက်မရှိဘဲ၊ အခြားအမျိုးသားတဦးနှင့် လက်ထပ်ထားခဲ့ကြောင်း သူမကို စွပ်စွဲပြောဆိုခဲ့သဖြင့် သူမဆန္ဒ သဲထဲရေသွန် ဖြစ်ခဲ့ရသည်။
“ကျွန်မကို အဘူလ်ကာစင် နဲ ့ လက်ထပ်ခဲ့ပြီးပြီလို ့ စွပ်စွဲပြီး၊ ကျွန်မ အဖေကို ဖမ်းသွားခဲ့ကြတယ်။ ကျွန်မအဖေကို စခန်းထဲ ခေါ်သွားကြတယ်။ အများကြီး အရိုက် အနက်ခံခဲ့ရတယ်။ လာဘ်ငွေ ၂ သိန်းပေးပြီးမှပဲ၊ ကျွန်မရဲ ့ အဖေကို ပြန်လွှတ်ပေးခဲ့တယ်" ဟု ပြောသည်။
အာဏာပိုင်များ၏ လက်ထပ်ခွင့်အမိန့် တောင်းဆိုခြင်းကို ငြင်းပယ်ခြင်း ခံခဲ့ရသည့် သူမသည်၊ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ရေကြောင်းဖြင့် နတ်မြစ် (Naff) ကိုဖြတ်ပြီး၊ နီးစပ်ရာ ဘင်္ဂလားဒေ့ရှ်ကို ရေတတန်၊ ကုန်းတတန် အဆင့်ဆင့်ဖြတ်ကျော်ကာ ထွက်ပြေး ရောက်ရှိလာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ထောင်ပြုနိုင်သည့်အသက်အရွယ်ရှိသူ ရိုဟင်ဂျာ အမျိုးသမီးများ၏ အိမ်ထောင်ပြုနိုင်သည့် အခွင့်အရေးသည် အခြားဒေသခံ ရခိုင်လူမျိုးများနှင့် နှိုင်းယှဉ်ပါက လွန်စွာပင် ခက်ခဲလွန်းလှသည်။
အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်ဖြစ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် အိမ်ထောင်မပြုသူ အမျိုးသမီး အရေအတွက်မှာလည်း မနည်းလှပေ။
သို့သော် ငွေကြေးတတ်နိုင်သူ ရိုဟင်ဂျာ မိသားစုတချို့သာ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ကို လာဘ်ငွေထိုးပြီး လွတ်လပ်စွာ လက်ထပ်ထိမ်းမြား နိုင်သည်။ စစ်အစိုးရက ၂၀၀၅ ခုနှစ်၊ အစောပိုင်းတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ကို ကန့်သတ်ခဲ့သည်။
“တခြား လူမှုအသိုင်းအဝိုင်းမှာ၊ လက်ထပ်ခွင့်ကို တားမြစ်တယ်ဆိုတာ၊ ကျွန်မ တခါမှ မကြားဖူးပါဘူး” ဟု ကန့်သတ်ချက်များအပေါ်၊ မထူးဆန်းသော်လည်း နားမလည်နိုင်သည့် အမူအရာဖြင့် နူရူက ဆိုသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တာမီ (ရ်) ရပ်ကွက်တွင် နေထိုင်သူ၊ အမီလ်ဟူစိန် (Amir Hussain) ၏ သမီးဖြစ်သူ၊ အသက် ၁၉ နှစ်အရွယ်၊ ရှဖီဘီဂမ်း (Shafiqa Begum) ကလည်း သူမအနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်ပါက တနေ့တွင် အိမ်ထောင်ပြုရေးတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း ယခုလို ရင်ဖွင့် ပြောဆိုသည်။
“ကျွန်မ အရွယ်ရောက်လာပြီ။ တကယ်လို ့ မြန်မာနိုင်ငံမှာ ဆက်နေရင်တော့၊ အနာဂါတ်မှာ လက်ထပ်ရမယ်လို့၊ ကျွန်မ ကိုယ့်ကိုကိုယ် မထင်ပါဘူး” ဟု ပြောသည်။ သို့သော် “ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆက်နေရင်တော့၊ အိမ်ထောင်ပြုလို့ ရမယ်လို ့ မျှော်လင့်ပါတယ်” ဟု သူမက ဆက်၍ပြောသည်။
ကန့်သတ်မှုမရှိသော လက်ထပ်ထိမ်းမြားခွင့်၊ လွပ်လပ်စွာ သွားလာခွင့်ရှိပြီး၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုမရှိသော၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခံရခြင်း မရှိသည့် အခြေအနေတခုတွင် ရခိုင်ပြည်နယ်အတွင်း အေးချမ်းစွာ၊ နေထိုင်လိုကြကြောင်း ထိုအမျိုးသမီးတစုက ဆိုသည်။
ဒေါက်တာ ဟာဘီဆစ်ကွီ - Dr. Habib Siddqui ရေးသားထုတ်ဝေခဲ့သည့် ‘ရခိုင်ပြည်နယ်တွင်းမှ ရိုဟင်ဂျာ လူမျိုးများ’ အစီရင်ခံစာတွင် စစ်အစိုးရက ရိုဟင်ဂျာလူမျိုး အများစုနေထိုင်ရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသရှိ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်၊ ၁၉၈၈ ခုနှစ်မှ စတင်ကာ၊ ရွာတရွာ အတွက် တနှစ်အတွင်း၊ လက်ထပ်ခွင့် သုံးကြိမ်သာ ခွင့်ပြုထားကြောင်း ရေးသား ဖော်ပြထားသည်။
အလားတူ ရိုဟင်ဂျာများ ပျံ့နှံ့နေထိုင်ရာ အခြားဒေသများတွင်လည်း၊ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားမှုကို တရားဝင် ကန့်သတ်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့ရာ လက်ရှိတွင် အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
၂၀၀၅ ခုနှစ်၊ မေလ အတွင်း၊ လက်ထပ်ထိမ်းမြားခဲ့သည့် ရိုဟင်ဂျာစုံတွဲများ မှတ်တမ်း၊ မှတ်ရာ မတွေ့ရှိရပေ။ အာဏာပိုင်များထံ လာဘ်ငွေပေးကာ ခွင့်ပြုမိန့် စောင့်ဆိုင်းနေသူ အများအပြားပင် ရှိနေသည်။
လက်ထပ်ထိမ်းမြားနိုင်ရေးအတွက် အများစုမှာ ဘင်္ဂလားဒေ့ရှ်တွင် တိတ်တဆိတ်ထွက်ခွာလေ့ရှိကြသည်။ မြန်မာပြည်ရှိ အာဏာပိုင်များထံ သတင်းပေါက်ကြားပါက ဒဏ်ကြေးငွေအဖြစ် မြန်မာကျပ်ငွေ ၂ သိန်း အဓမ္မ ပေးဆောင်စေသည်။
“ရှေ ့ဆက်ဘာတွေဖြစ်လာမလဲ ဆိုတာရော၊ အနာဂါတ်ကိုရော ကျနော် စဉ်းစားပါတယ်။ အိမ်တိုင်းမှာ အိမ်ထောင်ပြုဘို ့အသက်အရွယ်လွန်နေတဲ့၊ သမီး မိန်းကလေး ၃ ယောက်ကနေ ၅ ယောက်အထိ ရှိကြပါတယ်” ဟု ဖခင် တဦးက စိတ်မချမ်းမြေ့စွာ ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ထပ်ပြီးသူ စုံတွဲ အချို့မှာ နေရပ်ပြန်ရန်ရေးအတွက် အာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရသည်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ ရိုဟင်ဂျာလူမျိုးအများစုသည် လက်ထပ်ထိမ်းမြားရာတွင် အကန့်အသတ်ရှိနေသည်သာမက အစိုးရ တက္ကသိုလ်တခုခုက ပေးသည့် ဘွဲ့ရသူ ဖြစ်လင့်ကစား အလုပ်အကိုင်ရရှိရေးတွင်လည်း အခက်အခဲများ တွေ့ကြံုနေရသည်။
‘ရခိုင်စီမံချက်’ စာအုပ်ကို ရေးသားသူ ခရစ်လယ်ဝါး (Chris Lewa) ကမူ “ရခိုင်ပြည် မြောက်ပိုင်းသည် ရိုဟင်ဂျာများအတွက်၊ ပွင့်နေသော အကျဉ်းထောင် တခုပင်ဖြစ်သည်” ဟု တင်စား ဖော်ပြထားသည်။
၁၉၉၀ ခုနှစ်၊ နောက်ပိုင်းတွင် အစိုးရက လက်ထပ်ထိမ်းမြားလိုသူ မူဆလင်ဘာသာဝင်အများစု၊ ရိုဟင်ဂျာများကို နစက၏ ခွင့်ပြုချက် အမိန့်တောင်းခံရမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင်၊ လက်ထပ်ထိမ်းမြားခြင်း မပြုမီ အတူနေထိုင်ခြင်း၊ ကာမဆက်ဆံခြင်း မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
၎င်းအမိန် ့များသည် ပြည်တွင်း တည်ဆဲဥပဒေတွင် တရားဝင်ပြဌာန်းထားခြင်းမရှိသော်လည်း၊ ဥပဒေကို ချိုးဖောက်ပါက တရားစွဲဆိုခံရမည့်အပြင်၊ ထောင်ဒဏ် ၁၀ နှစ် အထိပင် ကျခံနိုင်ကြောင်း ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်၊ ဗိုလ်ချုပ်ကြီးခင်ညွန် ့ ရာထူးမှ ဖယ်ရှားခံရပြီးနောက်၊ နစက အတွင်း အပြောင်းအလဲများ ပြုလုပ်ချိန်၊ ၂၀၀၅ ခုနှစ် အစပိုင်းတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်း အမိန့် ထုတ်ပေးခြင်းကို လအတော်ကြာ ရပ်ဆိုင်း ထားခဲ့သေးသည်။
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်မူ၊ လပ်ထပ်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့သည်။ သို့သော် ကလေး ၂ ဦးထက် ပိုမယူရ ဟူသည့် ကန့်သတ်ချက်က ပူးတွဲပါလာခဲ့သည်။
အိုင်ပီအက်စ် (IPS) အစီရင်ခံစာတခုတွင် “မြန်မာနိုင်ငံ အနောက်ပိုင်း၊
ဝေးလံခေါင်ဖျားသည့် ဒေသရှိ အမျိုးသမီးငယ်၊ အမျိုးသားငယ်တို့အတွက် စစ်အစိုးရ၏ ကန့်သတ်ချက်များသည် ၎င်းတို့အပေါ် ပုံစံတမျိုးနှင့် ခွဲခြားဆက်ဆံခံရနေသည်။ အိမ်ထောင်ပြုရေးအတွက် ကန့်သတ်ခြင်း ခံနေရသည်” ဟု ရေးသား ဖော်ပြထားသည်။
အလားတူ ၂၀၀၂ ခုနှစ်၊ ဂျူလိုင်လထုတ် ‘လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့’ -HRW အစီရင်ခံစာတွင်လည်း၊ “ရခိုင်ပြည်နယ်ရှိ၊ ရိုဟင်ဂျာ မူဆလင်များ၊ အကြမ်းဖက် ခံနေရမှုမှာ အစဉ်အလာ ကဲ့သို့ဖြစ်နေပြီး၊ ထို အကြမ်းဖက်မှုများကို မြန်မာစစ်တပ်က စနစ်တကျ ကျူးလွန်လျက်ရှိသည်” ဟု ဝေဖန် ထောက်ပြထားသည်။
မည်သို့ပင် အခက်အခဲများ၊ မတူညီမှုများ ရှိနေလင့်ကစား၊ ရိုဟင်ဂျာလူငယ်များ၏ ဆန္ဒသည် ၎င်းတို့နေထိုင်ရာ မြန်မာနိုင်ငံတွင်၊ အခြားလူငယ်စုံတွဲများနည်းတူ လွတ်လပ်စွာ ထိမ်းမြားခြင်း အခွင့်ကို ရရှိလိမ့်မည်ဟု မျှော်လင့် တောင့်တနေကြသည်။
“ရခိုင်ပြည် မြောက်ပိုင်း အမိမြေမှာပဲ၊ လွတ်လွတ်လပ်လပ် လက်ထပ်ချင်ပါတယ်။ ဘယ်အချိန်ကာလကျမှ ဒီလိုအခွင့်အရေးတွေ၊ ရလာမလဲဆိုတာ ကျွန်မ မသိဘူး။ ဒါမှပဲ လက်ထပ်ချင်သူ၊ ရိုဟင်ဂျာအမျိုးသမီးတွေ အလွယ်တကူ၊ အိမ်ထောင်ပြု လက်ထပ်နိုင်မှာ ဖြစ်တယ်” ဟု နူရူဘီဂမ်းက ဖြစ်လိုသည့် ဆန္ဒကို တမ်းတ ပြောဆိုလိုက်သည်။