ပင်လုံ စာချုပ်ဟာ ကျနော်တို့အတွက် အရေးပါ လှပါတယ်။ ပြီးခဲ့တဲ့ ချင်းအမျိုးသား ညီလာခံတုန်း ချင်းခေါင်းဆောင် ကစ်ခိုလျန်က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မလား အသစ် ရေးမလား ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းတာနိုင်ဖို့ ပြည်ထောင်စုရဲ့ ပေတံဟာ ပင်လုံစာချုပ် ဖြစ်ပါတယ်- လို့ပြောပါတယ်။
သူဆိုလိုတာက ဒီကနေ့ပြည်ထောင်စုဟာ ဘယ်လောက်အထိ ပြည်ထောင်စုစနစ်နဲ့ပြည့်ဝနေသလဲ သိချင်ရင် ပင်လုံစာချုပ်နဲ့တိုင်းတာရမယ်လို့ဆိုလိုပါတယ်။ ဒီတော့ ပင်လုံစာချုပ်မှာဘာတွေပါ သလဲဆိုတာ ပြန်လည်ဆန်းစစ်လေ့လာရပါမယ်။
ပင်လုံစာချုပ်မှာ အချက် ၉ ချက်ပါရှိပါတယ်၊ ဗမာ၊ ချင်း၊ ကချင်၊ သျှမ်း ခေါင်းဆောင်တို့က အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ပင်လုံစာချုပ်ထဲမှာ အချက် ၁ ကနေ အချက် ၄ အထိ နယ်စပ်လုံခြုံရေးဝန်ကြီးအကြောင်း ပြောထားပါတယ်။
၀န်ကြီးဟာ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးဖြစ်ရမယ်။ ၀န်ကြီးရဲ့ လက်ထောက် နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့ တိုင်းရင်းသား ၂ ဦးဖြစ်ရပါမယ်။ ဒီဝန်ကြီး ၃ ပါးစလုံးဟာ နိုင်ငံတော် အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာပါ၀င်ဆွေးနွေးခွင့်ရှိတယ်။ ဒါပေမယ့် သူတို့ မဲထည့်မယ်ဆိုရင် သူတို့ ၃ ယောက်မှာ တစ်မဲဘဲ ထည့်ခွင့်ရပါမယ်။
ပင်လုံစာချုပ်မှာပါတဲ့ နောက်နံပါတ် ၅ အချက်ကို ဆက်ကြည့်မယ်ဆိုရင် နယ်စပ်ဒေသတိုင်းရင်း သားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိရမယ်၊
နောက်တချက်က မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်းဒေသနဲ့ပေါင်းထည့်ပြီးတော့ ကချင် ပြည်နယ် အဖြစ်သတ်မှတ်တယ်၊
တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူးအခွင့်အရေး အပြည့်အဝခံစား ခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူးအခွင့်အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိရမယ်၊
ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး သျှမ်းပြည်ရဲ့ ၀င်ငွေတွေကို မထိခိုက် မနစ်နာစေရဘူး၊
ဘာလို့လဲဆို တော့ သျှမ်းပြည်ဟာ အင်္ဂလိပ်လက်အောက်မှာနေကတည်းက ၀င်ငွေထွက်ငွေ သုံးစွဲငွေတွေဟာ လွပ် လပ်မှုရှိနေတယ်၊
ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုမြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ်၊ နောက် ဆုံး ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရတဲ့အချိန်အထိ (သျှမ်းပြည်လို ကိုယ့်ခြေပေါ် ကိုယ် ရပ်တည်နိုင်တဲ့အချိန်အထိ) ကူညီပံ့ပိုးပေးသွားမယ်၊ ဆိုတဲ့အချက် ၉ ချက်ပါရှိပါတယ်။
ဒီဟာတွေ ကျနော်တို့ လေ့လာရပါမယ်၊ ဆိုတော့ အခု ကျနော်တို့ ကနေ့ပြည်ထောင်စုနဲ့ ပြန်တိုင်းတာ ကြည့်ရပါမယ်။ နယ်စပ်ဒေသဝန်ကြီးက တိုင်းရင်းသားဖြစ်နေလား၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်အဝ ရှိနေလား၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပြည့်အဝ ရရှိနေလား စတာတွေ တိုင်းတာ ကြည့်ရင် သိနိုင်ပါတယ် ။
ဒီနှစ်ဆိုရင် ပြည်ထောင်စုနေ့ဟာ ၆၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၁၉၄၇ ကတည်းကစပြီး ပြန်တိုင်းဖို့ မလိုဘူး။ ဦးသိန်းစိန်အစိုးရတက်လာတဲ့အချိန်ကစပြီး ကနေ့အထိ သက်တမ်းကိုဘဲ တိုင်းတာကြည့် လိုက်ပါ ။ ဘယ်လိုကွာခြားမှုတွေရှိသလဲဆိုတာ သိရပါမယ်။
ခွန်းဆေ
သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ဥက္ကဌ