WGEC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကို လူထုအား ရှင်းလင်းပြမည်

WGEC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးရေးမူဘောင်ကို လူထုအား ရှင်းလင်းပြမည်
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ WGEC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ လူမှုအဖွဲ့အစည်းတွေကို မကြာခင်မှာ ရှင်းလင်းချပြဖို့ရှိတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးပါတီ ၊ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေသာမက ပြည်သူ လူထုကလည်း သိရှိနားလည်ရမယ်၊ ပါဝင်လုပ်ဆောင်သင့်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးကို အတူတကွ ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ရလာတဲ့ ဒီငြိမ်းချမ်းရေးဟာလည်း တကယ်စစ်မှန်ပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်း ရေးဖြစ်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာနေတဲ့သူတွေက ပြောပါတယ်။

WGEC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို အောက်ပါအတိုင်း အကြမ်းဖျဉ်း ချပြလိုက် ရပါတယ်။ ( ဒီနိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲတုန်းကလည်း WGEC ထဲမှာ UNFC က သုံးပုံနှစ်ပုံ ပါဝင်ပါတယ်။)

နိဒါန်း- မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (နှစ်ဦးနှစ်ဘက်) (၁) အပစ်ရပ်ဖို့ အတွက် (၂)  စည်းလုံးညီညွတ်ရေးရရှိဖို့အတွက် (၃) စစ်မှန်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် သဘောတူတယ်လို့ ဆိုထားပါတယ်။

(၁) လုပ်ငန်းစဉ်ပူးပေါင်းရေး

လုပ်ငန်းစဉ်ပူးပေါင်းရေးမှာ အဓိက အချက် ၄ ချက် ရှိပါတယ်။
(က) ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ဖို့
(ခ) ၁၉၄၇ ပင်လုံစာချုပ်ကို လက်ခံအတည်ပြုဖို့
(ဂ) ပြည်ထောင်စုကြီးတည်တ့ံခိုင်မြဲအောင် ကာကွယ်သွားဖို့နဲ့
(ဃ) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးပါတီ၊ အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့အစည်းတိုင်း၊ လူမှုရေးအသင်းအဖွဲ့၊ အမျိုးသမီး (၃၀%) အစရှိ အဖက်ဖက် ပါဝင်ဖို့- လို့ တင်ပြထားပါတယ်။

(၂) တပြည်လုံးအပစ်ရပ်ရေး

လုပ်ငန်းစဉ်ပူးပေါင်းရေးလုပ်ပြီးရင်တော့ တပြည်လုံးအပစ်ရပ်ရေးအဆင့် ဖြစ်ပါတယ်။ ဒီအဆင့်မှာ တော့ ပြည်သူလူထု လုံခြုံရေး၊ စားဝတ်နေရေး၊ စီးပွါးရေးကို စောင့်ရှောက်ဖို့၊ မထိခိုက်တဲ့ စစ်ကျင့်ဝတ် ကို ပြဌာန်းကျင့်သုံးမယ်။ အပစ်ရပ်ပူးပေါင်းစောင့်ကြည့်ရေးကော်မတီ  JCC ကို ဖွဲ့စည်းတည်ထောင်ရ မယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုအဆင့် ဆွေးနွေးမှုမှာ လုပ်ဆောင်ရမယ်။ ကန့်ကွက်သူ မရှိတဲ့ အားလုံး သဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်(consensus) စနစ်ကို ကျင့်သုံးရမယ်။

ဒါ့အပြင် အပစ်ရပ်တာ စောင့်ကြည့်ဖို့အတွက် ဆက်ဆံရေးရုံး ဖွင့်ရမယ်။ အပစ်ရပ်တပ်ဖွဲ့ ထိန်းချုပ်နယ် မြေတွေမှာ လူမှုထောက်ပံ့ရေးအဖွဲ့တွေ၊ NGO တွေ ၊ INGO တွေ လှုပ်ရှားခွင့်ပေးရမယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ဆောင်နေတဲ့ကာလအတွင်း အနှောင့်အယှက်ဖြစ်စေမယ့် စည်းကမ်းတွေ အစိုးရဘက်က မထုတ်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီး ပြစ်ဒဏ်ခတ်ခြင်း မပြုဖို့ဘဲ ဖြစ်ပါတယ်။ ၁၇/၁ ဥပဒေ လိုမျိုးပေါ့။

(၃) နိုင်ငံရေးဆွေးနွေးရေးမူဘောင်

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (JPC)ထဲမှာ အစိုးရ၊ နိုင်ငံရေးပါတီ၊ အပစ်ရပ်အဖွဲ့ တွေကနေ တဖွဲ့မှာ ရ ဦး ပါဝင်ဖို့။ JPC အောက်မှာ နောက်ထပ် ၂ ဖွဲ့ရှိပါတယ်။ ၁- ရှေ့မှာပြောခဲ့တဲ့ အပစ်ရပ် ပူးပေါင်းစောင့်ကြည့်ရေးကော်မတီ (JCC)၊
 ၂- ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ (NDSC) တို့ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ(NDSC) မှာ တဖက် အယောက် ၂၀ စီ (အစိုးရ ၂၀၊ နိုင်ငံရေးပါတီ ၂၀၊ လက်နက်ကိုင်အဖွဲ့ ၂၀) ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်တွေဟာလည်း အားလုံးက သဘောတူတဲ့ ဆုံးဖြတ်ချက် ဖြစ်ရပါမယ်။ NDSC ဟာ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ သို့မဟုတ် ဒုတိယ ပင်လုံ ညီလာခံ ဖြစ်မြောက်ဖို့အတွက် စီစဉ်ရမှာ ဖြစ်ပါတယ်။  တဖွဲ့မှာ အယောက် ၃၀၀ ပါဝင်ပါတယ်။ (ပင်လုံ ညီလာခံမှာဘဲ မဲပေးတဲ့စနစ်နဲ့ ဆုံးဖြတ်ခွင့် ပေးထားပါတယ်။)

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ဖို့အတွက် ဌာန ၂ ခုနဲ့ လုပ်ဆောင်သွားမှာပါ။ ဌာနတခုက ညီလာခံ ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့  ငွေကြေး၊ အသုံးအဆောင်၊ အစားအသောက်မှာ ကူညီထောက်ပံ့ရ မှာ ဖြစ်ပါတယ်။ နောက်တဖွဲ့ကတော့ နည်းပညာပိုင်းမှာ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။

NDSC အောက်မှာ အထူးလုပ်ငန်းအဖွဲ့ (Task Force)နဲ့ ပြဿနာတွေကို ဆန်းစစ်ဝေဖန် သုံးသပ်ပြီး ဖြေရှင်းမဲ့နည်းလမ်းတွေကို အကြံပြုတဲ့ကော်မတီ (Thematic Committee) ဆိုပြီး နောက်ထပ် ၂ ဖွဲ့ ရှိပါသေးတယ်။ ဒီအဖွဲ့တွေ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ခေါင်းစဉ် ၁၉  ခုကို တာဝန်ယူ ဆောင်ရွက် မှာ ဖြစ်ပါတယ်။ Task Force က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ဆိုင်တဲ့ ခေါင်းစဉ် ၉ ခုကို တာဝန်ယူ အဖြေရှာမှာဖြစ်ပြီး Thematic Committee က ကျန်ခေါင်းစဉ် ၁၀ ခုကို တာဝန်ယူ အဖြေရှာမှာ ဖြစ်ပါတယ်။

အထူးလုပ်ငန်းအဖွဲ့ (Task Force ) က တာဝန်ယူ အဖြေရှာမယ့် ခေါင်းစဉ် ၉ ခုကတော့ - ၁- နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂- လုံခြုံရေး၊ ၃- စီးပွါးရေး၊ ၄- တရားစီရင်ရေး၊ ၅-မြေယာ၊ ၆- ပညာရေး၊ ရ- သာသနာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရပိုင်ခွင့်၊ ၈- ဘာသာရေးဆိုင်ရာ ရပိုင်ခွင့် ၉ - ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း တို့ဖြစ်ပါတယ်။

အရေးကြီးပြဿနာများကို ဖြေရှင်းရေးအဖွဲ့ ( Thematic Committee )ကနေ တာဝန်ယူဖြေရှင်းရ မယ့် ခေါင်းစဉ် ၁၀ ခုကတော့ ၁- လူမှုရေး၊ ၂- အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ၃- မူးယစ်ဆေးဝါး ပြဿနာ၊ ၄- လမ်း၊ တံတား စီမံကိန်း ၊ ၅- စစ်ပြေးဒုက္ခသည်များ၊ ပြည်တွင်းဒုက္ခသည်များ၊ ၆- အလုပ် သမားကိစ္စ၊ ရ- ခွဲခြားဆက်ဆံမှုမပြုရေးကိစ္စ၊ ၈- ခရီးသွားလုပ်ငန်း၊ ၉- မီဒီယာ၊ ၁၀- NGOနဲ့CSO အခန်းကဏ္ဍ-တို့ဖြစ်ပါတယ်။ (ခေါင်းစဉ် ၁၉ ခုအောက်မှာ ခေါင်းစဉ်ငယ်လေးတွေ ထပ်ရှိပါတယ်။)

ခေါင်းစဉ် ၁၉ ခုကို အစိုးရ၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့ CSO တို့က ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်တခုမှာ တဖက် ၁၀ ယောက်စီပါဝင်တယ်ဆိုတော့ ၄ ဖွဲ့ဆို အယောက် ၄၀ ဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ် ၁၉ ခုအတွက် လူအယောက် ရ၆၀ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်တွေဟာလည်း ဘုံသဘောတူညီချက် (consensus) နဲ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။           

ပြည်ထောင်စုအဆင့် ညီလာခံကျင်းပဖို့အတွက် သို့မဟုတ် ဒုတိယပင်လုံကျင်းပဖို့အတွက် အစိုးရက စိုးရိမ်နေတာတခုက နိုင်ငံရေးပါတီမှာ လူ ၃၀၀ ၊ လက်နက်ကိုင်အဖွဲ့ ၃၀၀ စုစုပေါင်း ၆၀၀ နဲ့ အစိုးရဲ့ လူ ၃၀၀ အပေါ်  အနိုင်ရမှာကို စိုးရိမ်နေတာလို့  ကြားသိရပါတယ်။ တကယ်တော့ အစိုးရစိုးရိမ်နေသ လို မဟုတ်ပါဘူး။ ညီလာခံဖြစ်မြောက်ရေးကော်မတီဖြစ်လာဖို့ဆိုတာ Task Force ကနေ ရွေးချယ် ဆုံးဖြတ်ပြီးမှ NDSC ဆီ ပို့ပေးတာပါ။ NDSC ကနေ နောက်တကြိမ် ဆွေးနွေးဆုံးဖြတ်ရပါတယ်။ ပြီးမှ ဒီလူတွေကို ရွေးချယ်တာပါ။ လူစုံဘက်စုံပါဝင်နေတာကြောင့် ဒီကိစ္စ အစိုးရက စိုးရိမ်စရာ မလိုပါဘူး။

(၄) ပြောင်းလဲရေးကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏နေထိုင်ရေး

ဆွေးနွေးရေးကာလ၊ ဆုံးဖြတ်ချက် မချရသေးတဲ့ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဘယ်လို နေထိုင်သွားမလဲ။ အစိုးရဘက်က ၁- အခွန်ကောက်ခွင့် သို့မဟုတ် ၂- စီးပွါးရေးလုပ်ခွင့် သို့မဟုတ်  ၃- အစိုးရ သို့မဟုတ် တခြားနိုင်ငံမှ အစိုးရက ကူညီထောက်ပံ့ခွင့် သို့မဟုတ် ၄- စီမံကိန်းမှ သို့မဟုတ် သက်ဆိုင်ရာနယ်မြေအတွင်းက စီမံကိန်းကနေ ဝေစုတွေ ခွဲပေးခြင်း ( ဥပမာ- RCSS/SSA ထိန်းချုပ် နယ်မြေထဲမှာ ဆည်တည်ဆောက်ခြင်းစီမံကိန်းဆိုရင်လည်း စီမံကိန်းကရလာတဲ့ ငွေကြေးကို ခွဲပေး ခြင်း၊ SSPP/SSA ထိန်းချုပ်နယ်မြေထဲမှာ ဂက်စ်ပိုက်လိုင်းစီမံကိန်းရှိနေတော့ အဲဒီကရလာတဲ့ ငွေကြေး ကို SSPP ကို ခွဲပေးခြင်း) စသဖြင့် ရပိုင်ခွင့်တွေ ထောက်ပံ့မှုတွေ ပေးသင့်ပါတယ်။

WGEC က ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရဲ့ နောက်ဆက်တွဲ ၁- မှာ ပါဝင်မဲ့လူဦးရေ အချက်အလက် အသေးစိတ်ကို ဖော်ပြထားပြီး၊ နောက်ဆက်တွဲ ၂ မှာ ဆွေးနွေးရေးခေါင်းစဉ် ၁၉ ခုကို ဖော်ပြထားပါတယ်။

WGEC အနေနဲ့တော့ အခုချပြတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဟာ နောက်ဆုံးအဆင့် ရေးဆွဲထားတဲ့မူ ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။ ပြည်သူလူထု၊နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း တွေကို ရှင်းလင်းချပြဆွေးနွေးပြီးမှသာ တရားဝင်မူဘောင်မူကြမ်းအဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။
                              
မှတ်ချက်။    ။ ဤဆောင်းပါးမှာ ပါဝင်တဲ့ NDSC ကို ‘ကာလုံ’ လို့ခေါ်တဲ့ National Defense and Security Council နဲ့ မရောထွေးစေလိုပါ။

Most read this week