ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား

ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား
by -
မဇ္စျိမ

ဗုဒ္ဓဘာသာသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနက တာဝန်ပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော်ဝင်ရောက် စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကျပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။

ကနဦးသတင်းတွေအရ ဦးဆန်းဆင့်ကို ကျပ်ငွေသိန်း ၁၀၀ လောက်နဲ့ ညီမျှတဲ့ အစိုးရပိုင်ငွေတွေကို မမှန်မကန် ကိုယ်ကျိုးလုပ်တယ်ဆိုပြီး စသုံးလုံးအဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု- ၀န်ကြီး ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူတာ အဲဒီပြစ်မှုတွေတင်မကဘူး၊ အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတရဲ့ ညွှန်ကြားချက်ကို မနာခံလို့ ခုလို အရေးယူရတာပါဆိုပြီး ပြောပါတယ်။ ကောင်းပါပြီ။ ၀န်ကြီး ဦးဆန်းဆင့် ဘာကြောင့်အရေးယူခံရသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါမယ်။

ပထမတစ်ချက်ကတော့ ဦးဆန်းဆင့်ကို ကျပ်ငွေ သိန်း ၁၀၀ လောက်ရှိတဲ့ အစိုးရပိုင်ငွေအလွဲသုံးစား လုပ်မှုနဲ့ အရေးယူ ဖမ်းဆီး အမှုဖွင့်ထားတယ်ဆိုတဲ့ ကိစ္စပါ။ ဒါ သဘာဝမကျပါဘူး။ ဦးဆန်းဆင့်ဟာ အခြား အခြားသော ဗိုလ်ချုပ်ဟောင်းတွေလိုပဲ ချမ်းသာသူတစ်ယောက်ပါ။ ဗိုလ်ချုပ်တွေကို နေရာချထားပေးတဲ့ ကမ္ဘာအေးဗီလာလို နေရာမျိုးမှာလည်း ကိုယ်ပိုင်ခြံနဲ့ တိုက်နဲ့ ရှိပါတယ်။ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ ဆိုရင်တောင် ကျပ်ငွေသိန်းပေါင်း သောင်းချီပြီး အေးအေးဆေးဆေး ပိုင်ဆိုင်ပါတယ်။ သိန်း ၁၀၀ လောက် အဂတိလိုက်စားမှာ မဟုတ်ပါဘူး။ နောက်စသုံးလုံးက ပြောတာ အဲဒီငွေခိုးတာလည်း မဟုတ်ပါဘူး။ ဘုရားမှာ လှူဒါန်းတဲ့ငွေပါ။ ပြောရရင် ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားလုပ်လို့ ဖမ်းရတာဆိုရင် မမှန်ပါဘူး။

နောက်တစ်ခု လက်ရှိဖြစ်ခဲ့တဲ့ မဟာသန္တိသုခကျောင်း ၀င်ရောက်စီးနင်းမှု နဲ့ဆိုင်သလား ဆိုတာပါ။ သမ္မတ အကြံပေး ဦးရဲထွဋ်ကတော့ ဒီကိစ္စပါတယ်လို့ ဆိုပါတယ်။ “သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခု ပါ၀င်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘက် ဒီဘက် နှစ်ဖက်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာဒကာတွေအနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြန်ကြည့်ရင် မဟာသန္တိသုခကျောင်းတိုက် ၀င်စီးတဲ့ ကိစ္စမှာ နိုင်ငံတော်သံဃမဟာနာယကလို့ ခေါ်တဲ့ မဟန၊ ရန်ကုန်တိုင်း မဟနသာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအားလုံး ပါ၀င် ပတ်သက်နေပါတယ်။ ဒီနေရာမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဟာ သြဇာကြီးတဲ့ ရန်ကုန်တိုင်း ၀န်ကြီး ဦးမြင့်ဆွေကို ကျော်ပြီး ညွှန်ကြားလို့ ရမ ရ၊ ပြည်ထဲရေးကို ကျော်ပြီး ရဲတပ်ဖွဲ့ပါလာအောင်လုပ်လို့ ရမရ မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်လို့ ဦးဆန်းဆင့်ကို အရေးယူရတာ မဟာသန္တိသုခကိစ္စဆိုရင် အစိုးရတာဝန်ရှိသူတွေ ဒီပြဿနာအစအဆုံး ပြည်သူတွေကို ရှင်းဖို့၊ လင်းဖို့ တာဝန်ရှိပါတယ်။ ဦးဆန်းဆင့် တစ်ယောက်တည်းအပေါ် ပုံချတာကတော့ သိပ်ယုတ္တိမတန်ပါဘူး။

နောက်အရေးကြီးတာတစ်ချက် ဦးရဲထွဋ်ပြောတာ ဦးဆန်းဆင့်ဟာ သမ္မတ စကားနားမထောင်တဲ့အတွက် အကြိမ်ကြိမ် ပြောဆိုဆုံးမ ပဲ့ပြင်မှုတွေရှိခဲ့တဲ့အကြောင်း၊ အခု နောက်ဆုံးအကြိမ်မို့လို့ အရေးယူလိုက်ရတာလို့ ဆိုပါတယ်။ ခြံုပြောရရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် မခံယူလို့ပါ။ ဒါဆိုရင်လည်း ဒီပုဒ်မနဲ့ဘဲ အရေးယူ၊ သမ္မတက ဦးဆန်းဆင့်ကို ဘာတွေ ညွှန်ကြားခဲ့ပြီး ဦးဆန်းဆင့်က ဘာတွေမလိုက်နာခဲ့သလဲ၊ ဘာတွေဆန့်ကျင်ပြီး လုပ်ခဲ့သလဲ” ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လိုပါတယ်။

အခြားတစ်ဖက်မှာ ကြည့်လိုက်ရင် ဦးဆန်းဆင့်ဟာ အပြောင်းအလဲကာလ ဧရာဝတီတိုင်းရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် စသုံးလုံးတွေက ခုလိုပဲ လိုက်ပါနှောင့်ယှက် ကလေးကလားလို လုပ်နေတာတွေကြောင့် အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချလုပ်ခဲ့သူပါ။ ပြည်နယ်၊ တိုင်းလွှတ်တော် ၁၄ ခု ရှိတဲ့အနက် အရင်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လက်ညှိုးထောင် ခေါင်းညိတ်၊ အတည်ပြုစရာလိုမှ လွှတ်တော်ခေါ်ဆိုတဲ့ လမ်းစဉ်မလိုက်နာဘဲ လွှတ်တော်တကယ် အသက်ဝင်လာအောင် လုပ်ခဲ့တဲ့ တစ်ဦးတည်းသော လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးဖြစ်ပေမယ့် ဦးဆန်းဆင့်ကိုတော့ ဒေသခံတွေရော၊ လွှတ်တော်ထဲက အမတ်တွေကပါ ထောက်ခံကြပါတယ်။

အဲဒီအချိန် သမ္မတဦးသိန်းစိန်က အလွန်အားထားရတဲ့၊ လက်ရှိလည်း သမ္မတဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်တယ်၊ သမ္မတနဲ့ ပါတီကို ထောက်ခံအားပေးရမယ်ဆိုပြီး တရားဝင် အစည်းအဝေးပွဲကြီးတွေမှာ ဗြောင်ထုတ်ဖော်ပြောဆိုရဲတဲ့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေကြောင်းအရ ဖြုတ်ချဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဒု-ဥက္ကဋ္ဌ ဦးဌေးဦးလို လူကတောင် ကိုင်တွယ်လို့မရသူ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတာကလည်း အဲဒီအချိန် သူ့ကို ပြည်ခိုင်ဖြိုးပါတီကရော၊ အစိုးရကပါ ဘယ်လိုမှ အရေးယူလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ။ နောက်တော့ သိကြတဲ့အတိုင်း သူ့ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးပြီး ငြိမ်သက်အောင် ထိန်းထားလိုက်တာ ဖြစ်ပါတယ်။

အတွင်းသတင်းတွေအရတော့ ဦးဆန်းဆင့်ဟာ လွှတ်တော်နာယကကြီး သူရဦးရွှေမန်းရဲ့လူဖြစ်တယ်၊ နိုင်ငံရေး မဟာမိတ် ဖြစ်တယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။ ဘယ်လောက်မှန်သလဲ အတည်ပြုလို့တော့ မရပါဘူး။ ဒါပေမဲ့ ဦးဆန်းဆင့်ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးလိုက်ချိန် ဒီလိုအဖြစ်မျိုး ဖြစ်လာနိုင်မယ် တွက်ခဲ့ပေမယ့် ဒီလောက်ဆိုးရွားတဲ့ ကံကြမ္မာကြံုလာလိမ့်မယ်လို့တော့ မျှော်လင့်ခဲ့ပုံ မရပါဘူး။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်ပြုတ်တဲ့ ကိစ္စ၊ ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ပြုတ်တဲ့ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် သမ္မတဦးသိန်းစိန်ဘက်က လူတွေဖြစ်နေတာကြောင့် ဆိုပြီးလည်း သုံးသပ်ကြပါတယ်။ မှန်ပါတယ်။ အဲဒီ လူတွေရော၊ အခု ဦးဆန်းဆင့်ပါ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး၊ နိုင်ငံတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေ မဟုတ်ပါဘူး။

အဂတိလိုက်စားသူတွေလို့လည်း မသတ်မှတ်နိုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ၂၀၁၅ နီးလာလေ၊ ပိုပြင်း ထန်လာလေဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ စစ်တပ်က တစ်ဖက်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က တစ်ဖက် ဖြစ်ပွားကြတဲ့ ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးကြရရှာသူတွေပဲလို့ ပြောရင် မှားနိုင်မယ်မထင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Most read this week