“မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်း ဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီ အဖွဲ့အစည်းတွေ အားလုံးကို ပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲစာလောက်တောင် လူဦးရေ မရှိပါဘူး။ အဲဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” လို့ မျိုးစောင့် ဦးဆောင် ဆရာတော် တစ်ပါးက မိန့်ဆိုလိုက်ပါတယ်။
“အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသော လက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိ ဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အစည်း အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်” လို့ အမျိုးသား သစ္စာဖောက်တွေအဖြစ် စွပ်စွဲပြီး ဦးဆောင် ဆရာတော်နှစ်ပါးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကန့်ကွက်တဲ့အဖွဲ့က ၉၇ ဖွဲ့ပဲ ဖြစ်ပါစေ။ မတရားဘူးလို့ ကန့်ကွက်ပါစေ၊ ဘယ်ဟာက အခြေခံ ဖြစ်သလဲ ဆိုတာ သေချာလေ့လာစေချင်တယ်။ တို့ရဲ့မူဝါဒမှာ ဘာသာခြားနဲ့ လက်မထပ်ရဘူးလို့ ကန့်သတ်မထား ပါဘူး။ ဒါပေမဲ့ လက်မထပ်ခင်မှာတော့ ဘာသာတူအောင် အရင်ပြောင်းရမယ်။ တခြားဘာသာတွေမှာ ဥပဒေရှိပြီးသားမို့ တို့ဘာသာမှ ပြဋ္ဌာန်းဖို့လုပ်တာပဲလို့ နောက်ထပ် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားလိုက်ပြန်သလို။
“ဥက္ကဋ္ဌဆရာတော်က ကန့်ကွက်မှုများ ရှိသော်လည်း မျိုးစောင့်ဥပဒေကို လာမယ့် လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းမယ်” လို့ မိန့်ဆိုလိုက်တဲ့အတွက် ဒီဥပဒေက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးရဲ့ ရှေ့ကိုတောင် ရောက်လာလေမလားလို့ ထင်မှတ်ရပါတယ်။
“အခြားတစ်ဖက်မှာလည်း အရပ်ဘက် အဖွဲ့အစည်း တစ်ရာကျော်က အမျိုးသမီးများရဲ့ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ကို ပိတ်ပင်တာ၊ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၃၄၆ ပါ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားမပြုရ” ဆိုတာကို ချိုးဖောက်တာဆိုပြီး ကန့်ကွက်ပါတယ်။
နိုင်ငံတော်သမ္မတ၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရန် အရပ်ဘက်အဖွဲ့ ၁၅၄ ဖွဲ့က တောင်းဆိုထား ကြပြီးအကြောင်း ပြန်ကြားမှု မရရှိသေးပါ။ ပြည်နယ်တစ်ခုက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည် ပြဿနာမဖြစ်ချင်လို့ လုပ်တဲ့ကိစ္စ ဖြစ်ပေမယ့် ပြဿနာပိုပြီး တိုးလာမှာလည်း သတိထားပြီးမှ ပြဋ္ဌာန်းသင့်တယ်လို့ မြင်ပါတယ်လို့ ဆိုလိုက်ပါတယ်။
ဒီကနေ့ အရေးကြီးဆုံးကိစ္စတစ်ခုအနေနဲ့ ဘာသာမဲ့ကစ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား အားလုံး လုံးပန်းနေကြတာက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများရဲ့ လွဲချော်နေတဲ့ ဒီဥပဒေကို ၄၃၆ ဆိုတဲ့ အမြစ်ကစလှန်ဖို့ကြိုးစားနေ ကြစဉ်မှာ ဒီလို အလောသုံးဆယ် ပြဋ္ဌာန်းဖို့ ဆောင်ရွက်တာဟာ ခုတုံးလုပ် အသုံးချခံရတာလား၊ ဖျက်မြင်းတွေပဲ ၀င်လာလေသလား။
ပထမဆုံး စိုးရိမ်မိတာကတော့ ရွှေဝါရောင် တော်လှန်ရေးကာလမှာ သံဃာတော်များအပေါ် ကမ္ဘာကရော၊ အခြား ဘာသာဝင်များကပါ တန်ဖိုးထား လေးစားဂုဏ်ယူလို့ မဆုံးခင်မှာ ယနေ့ ယခုကိစ္စကို အကြောင်းပြုပြီး သံဃာအချင်းချင်းကအစ၊ တခြားဘာသာဝင်များအလယ်၊ ကမ္ဘာအဆုံး နှလုံးစိတ်ဝမ်းတွေ မချမ်းမသာဖြစ်ပြီး ကွဲပြားကုန်မှာကို အထူးစိုးရိမ်မိတာပါပဲ။ ကွဲပြားရင် ပြည်သူတွေ ရှုံးမယ်၊ ဒီလူတွေ မြတ်မယ်၊ ဘယ်သူတွေလဲဆိုတာ အားလုံး သိပါတယ်။
“ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို အကာအကွယ်ပေးဖို့ ရေးဆွဲရပါတယ်လို့ဆိုရင်လည်း သီးသန့်မျိုးစောင့် ဥပဒေမဟုတ်ဘဲနဲ့ အမျိုးသမီးအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲနေတာကို ပိုမိုအားကောင်းအောင်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဘယ်အမျိုးသမီးကိုမှ ဘယ်ဘာသာကနေ အတင်းအကျပ် ဘာသာပြောင်းတာတွေ၊ ဘာသာမတူလို့ အကြမ်းဖက်ခံရမှုတွေကို တားမြစ်နိုင်ပါတယ် လို့” အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်က ဆိုပါတယ်။
“မိတ်ဆွေတစ်ဦးပြောတာက ခုတော့ ကချင်ချင်း တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှလို့ ညားဖို့တောင် ဘာသာခြားရင် မညားရဲတော့ပဲ (၀)နဲ့ပဲ ညားရဲတော့မှာပေါ့”တဲ့။ တကယ်တော့ “ဗုဒ္ဓဝါဒဟာ ဧဟိပဿိ ကော-လာ၍ရှုလှည့်” ၀ါဒသာဖြစ်ပြီး “ဧဟိသဒ္ဓါလာ၍ ယုံကြည်လှည့်” ဆိုတဲ့ ၀ါဒမဟုတ်တာကြောင့် အတင်းဝင်ရမယ်။ ယုံရမယ်လို့ တခြားဘာသာများက ဥပဒေ စည်းကမ်းတွေ ထုတ်ထားရင်တောင်မှ ကိုယ်ကနေပြီး ဒီကိစ္စမျိုးမှာ နောက်လိုက် လုပ်စရာ မလိုပါဘူးပါ။
ဗုဒ္ဓဘာသာဝင်အမည်ခံပြီး လူအချင်းချင်း လှည့်ဖျားသူ၊ ရတနာသုံးပါးကို ဗြောင်လိမ်နေသူနဲ့ညားရင် ဘာအပြစ်မှ မကျခံရဘဲ တခြားဘာသာဝင်ကို ရိုးသားစွာ နှလုံးသားနဲ့ ရွေးချယ်မိမှပဲ ပြစ်ဒဏ်ကျခံရမယ်ဆိုတာ လူ့အခွင့်အရေးရှုထောင့်ကို ခဏထားလို့ ကိုယ်ကျင့်တရား ရှုထောင့်ကနေ သုံးသပ်ကြည့် စေချင်ပါတယ်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိခဲ့ရင် ယနေ့စစ်အာဏာရှင် ဆန်သူတွေကို ဘယ်လိုမှ လိုလားမှာ မဟုတ်သလို မြတ်ဗုဒ္ဓသာသက်တော်ထင်ရှား ရှိခဲ့ရင်ကော ဒီလို ရဟန်းသံဃာများ ဦးစီးရေးဆွဲတဲ့ ဒီလိုဥပဒေကို အားပေးပါမည်လော။
ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက သံဃာတော်များကို အာဏာရှင်ကသာ အပြစ်မြင်ပြီး ဘာသာပေါင်း စုံနဲ့ ကမ္ဘာက ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။ ယနေ့ ယခုကိစ္စမှာတော့ ကမ္ဘာက ထောက်ခံဖို့ ဘာသာပေါင်းစုံက ထောက်ခံဖို့ဆိုတာ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်သလို အာဏာရှင်တွေရဲ့ လှည့်ကွက် ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ခတ်တာပါ ဆိုရင်လည်း အောင်ခြင်း ရှစ်ပါးထဲကလို မေတ္တာစည်းရိုးပဲခတ်ပါ။ စာရေးသူလည်း ဗုဒ္ဓဘာသာဝင်ပါပဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ဥပဒေမလို။ နှလုံးသားကနေ လက်ခံယုံကြည်ဖို့ပဲ လိုပါတယ်။
ဖြစ်သင့်တာက ဒီဥပဒေကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဒီအချိန်မှာ ဦးစားပေးရေးဆွဲရင်တောင် ပထမဦးစားပေးအဖြစ် မမှတ်ယူသင့်ပါ။ နိုင်ငံရေးမှာ ပါတီအရေးနဲ့ နိုင်ငံအရေးယှဉ်လာရင် နိုင်ငံအရေးကို ဦးစားပေးရပါတယ်။ ဒါမှ နိုင်ငံချစ်သူ နိုင်ငံသား စိတ်ရှိသူပါပဲ။ ယခုလည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ မျိုးစောင့်ရေးဆွဲရေးယှဉ်လာရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံရဲ့ အရေးဖြစ်တာကြောင့် ဒီအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ပြီးမှသာ အကောင်အထည် ဖော်သင့်ပါတယ်။ အသုံးချလိုသူရဲ့ ပရိယာယ်နွံအတွင်းက လွတ်ကင်းတဲ့ အချိန်ရောက်မှလည်း ဆောင်ရွက်သင့်လှပါတယ်။
ပြောချင်တာကတော့ ဒီတိုင်းပြည်ရဲ့ အသက်တမျှအရေးကြီးတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက နံပါတ် (၁) ပါ။ မျိုးစောင့်က ဘာသာ အစိတ်အပိုင်းဖြစ်တဲ့အလျှောက် (၁) ပြီးမှ (၂) လာပါ။ (၁) ကိုပြင်ဖို့ လူတစ်စုက တင်းခံနေပါတယ်။ အဲဒီ ဘုံရန်သူကို ပြည်သူနဲ့လက်တွဲပြီး ဘယ်လို တိုက်ပွဲဝင်မလဲဆိုတာကို အရင်စဉ်းစားပါ။ ယနေ့ချိန်ခါမှာ ပထမဦးစားပေးအဖြစ် ဆောင်ရွက်ရမှာက ပြည်သူကိုစောင့်ရှောက်တဲ့ အခြေခံဥပဒေ ပေါ်ပေါက်ရေးက ပထမလို့သာ မှတ်ကြပါကုန်။