စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု = ကျား၊ မ ခွဲခြားမှု

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု = ကျား၊ မ ခွဲခြားမှု
by -
မဇ္ဈိမ

ခင်မြတ်မြတ်ဝေ -ယခင်တစ်ကြိမ်က အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပသည့် အမျိုးသမီးတို့၏အသံ ဒုတိယအကြိမ် အမျိုးသမီးဖိုရမ်ဆွေးနွေးပွဲကို အင်လျားလိတ် ဟိုတယ်တွင် အောက်တိုဘာလ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ဆုံး ဖြတ်ချက်ချမှတ်ရာတွင် အမျိုးသမီးပါ၀င်မှုအား အမျိုးသားများက ပံ့ပိုးပေးမှုနှင့် သဘောထားအမြင်များ အား ဆွေးနွေးခဲ့ကြရမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၏ ဆွေးနွေး တင်ပြချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပထမဆုံး ဥပဒေအရေးမှာ အမျိုးသမီးတွေ တွေ့ကြံုနေရသည့် စိန်ခေါ်မှုတွေကတော့ မြန်မာနိုင်ငံရဲ့ ဥပဒေပြုရေး ကဏ္ဍအသီးအသီးမှာ အမျိုးသမီးပါ၀င်မှု အားနည်းနေတယ်၊ လွှတ်တော်အပါအဝင် အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေ နည်းနေသေးတယ်။

အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးသမီးပါ၀င်မှု နိမ့်ကျနေတယ်၊ ဘာလို့လဲဆိုတော့ လွှတ်တော်မှာဆိုရင် အမျိုးသမီးပါ၀င်မှု ၄ ဒသမ ရ ပဲ ရှိတယ်။ အခြေခံ အကြောင်းတရားကို ကြည့်ရင် ၂၀၁၀ ရွေးကောက်ပွဲကို ပြန်ကြည့်ကြပါ။

အမျိုးသမီးဝင်ရောက်ယှဉ်ပြိုင်တာ အယောက်တစ်ထောင်ရှိတယ်၊ အမတ်ဖြစ်လာတဲ့ အမျိုးသမီးက ၄၅ ယောက်ဘဲရှိတယ်။ ၂၀၁၂ ရွေးကောက်ပွဲကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့အလုံးအရင်းနဲ့ ၀င်ရောက် ယှဉ်ပြိုင်လာတယ်။

လွှတ်တော်အတွင်း အမျိုးသမီးပါ၀င်နှုန်း ၃၀ ရာခိုင်နှုန်း မပါပါအောင် ထည့်သွင်းရွေးချယ်ခဲ့တယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ ၄ ဒသမ ရ ရှိလာတယ်။ ဘာကြောင့် ပါ၀င်မှုနည်းနေတာလဲဆိုတော့ ကျွန်မတို့ အမျိုးသမီးတွေက နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံရပြီး၊ အမျိုးသမီးတွေအတွက် စီဒေါ (CEDAW) စာချုပ်ကို ကောင်းကောင်းနားလည်သဘောပေါက်ခဲ့သူရှားတယ်။

စာချုပ်မှာ မြန်မာနိုင်ငံအပါအဝင် လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးတွေက စောင့်ထိန်းဖို့ ဆောင်ရွက် လိုက်နာဖို့ တာဝန်တွေကို နိုင်ငံတော်ကဆောင်ရွက်ပေးဖို့ ပျက်ကွက်နေတာ တော်တော်များများက မသိကြဘူး။

လွှတ်တော်ထဲက အမတ်တွေလည်း CEDAW စာချုပ်ကို နားလည်းတဲ့သူတွေ ရှားတယ်။ Article 4 မှာ အမျိုးသမီး အခွင့်အရေးတွေ အမျိုးသားနဲ့ တန်းတူရဖို့ဆိုရင် နိုင်ငံတော်သည် ဒီအမျိုးသမီးများအား ယာယီအခြေခံချမှတ်ပေးရမယ်ဆိုတဲ့အချက် ပါ၀င်တယ်။

အဲဒီယာယီ အခြေခံချမှတ်ပေးခြင်းသည် အမျိုးသမီးတွေကို ခွဲခြားချင်းမပြုစေရဆိုတဲ့ အချက်ပါတယ်။ ဒီပုံစံကို နားလည်တဲ့သူမရှိတဲ့အခါ ဥပမာပြောရရင် ၂၀၁၁ ခုနှစ်မှာ ကျွန်မအမျိုးသမီးတွေအတွက် သီးသန့်ရထားရယ်၊ ကားရယ် စီစဉ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ ကျွန်မကို အမျိုးသား ကိုယ်စားလှယ်တွေက တော်တော်များများကန့်ကွက်တယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြောတယ်။ အမျိုးသမီးသီးသန့် စီစဉ်ပေးရင် ကျွန်တော်တို့ အမျိုးသားတွေကို ခွဲခြားတာရောက်သွားမယ်လို့ ပြောကြတယ်။ အမျိုးသမီးတွေကို တစ်စုံတစ်ရာ အခွင့်အရေး ဖန်တီပေးခြင်းသည် အမျိုးသားတွေက ခွဲခြားပေးတယ်လို့ ဒါကိုရိုးရိုးသားသားပဲဆိုပြီး သူ့တို့မြင် ကြတယ်။

ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်က အမျိုးသမီးနှစ်ဦးကို ကော်မတီထဲ ပါ၀င်ဖို့ ဆွေးနွေးတဲ့အခါ အစိုးရအဖွဲဲ့ဝင်လူကြီးက ပြန်ပြောတယ်။ ဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၈ မှာက ကျား၊မ မရွေးလူတန်းစားမရွေး ခွဲခြားဆက်ဆံခြင်း မပြုရဆိုတဲ့ အချက်ပါ၀င်တဲ့အတွက် အမျိုးသမီးကော််မတီထဲ ပါ၀င်ဖို့ကို ဆွေးနွေးခဲ့ ရာစီမံပေးခြင်းကို ခွဲခြားရာရောက်တယ်လို့ ပြောတယ်။ ဒါကို ရိုးရိုးသားသားလို့ မြင်နေတာကို ကြည့်ခြင်းအားဖြင့် CEDAW စာချုပ်ကို မသိသေးဘူးလို့ပြောလို့ရတယ်။

နိုင်ငံတော် အကောင်အထည်ဖော်ပေးရမယ့်တာဝန်၊ ထမ်းဆောင်ပေးရမယ့် တာဝန်ကိုမသိသေးပါ။ လွှတ်တော်မှာ အမျိုးသမီး ၄ ဒသမ ရ ပါ၀င်တယ်။ အမျိုးသားလွှတ်တော်မှာ နှစ်ရာခိုင်နှုန်းဘဲရှိတယ်။ ဒီလွှတ်တော်မှာ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေအထူးအခွင့်အရေးအနေနဲ့ ထိထိရောက်ရောက် ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးဘူး။

ဟိုတစ်လောက ပြည်သူ့လွှတ်တော်မှာ ဦးသိန်းညွှန့် အဆိုတင်သွင်းတဲ့ သက်ငယ်မုဒိမ်းကျင့်မှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ချက်မှတ်ရေး အဆိုတင်သွင်းတဲ့ အဲဒီနေ့က လွှတ်တော်မှာ တက်ရောက်တဲ့ ကိုယ်စား လှယ် ၄၄၀ မှာ ထောက်ခံမယ် ၁၉ ဦးနဲ့ ပယ်ချခံရတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ဒီမှာထိုင်နေတဲ့ လူတွေအများကြီး အလုပ်လုပ်ရအုံးမယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ကိစ္စကို အခုထိအကောင်အထည် မဖော်ပေးနိုင်တာလည်း သေချာ လေ့လာကြည့်ရင် ခေတ်အဆက်ဆက်က နိုင်ငံတော်ကို အုပ်ချုပ်ပေးခဲ့တဲ့သူတွေ ပေါ်လစီကို ရေးဆွဲတဲ့ သူတွေ ဥပဒေမူကြမ်းကို ရေးဆွဲပေးခဲ့တဲ့သူတွေ ဦးဆောင်းဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေက အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေးရရှိမှုတွေ ခွဲခြားဆက်ဆံခံရမှုတွေကို နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် တော့မှဘဲ လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်။

အဲလို ဆုံးဖြတ်ချက်ရှိတဲ့သူတွေကို ဥပမာပြောရရင် ဂျပန်နိုင်ငံကို ကြည့်ပါ။ နိုင်ငံပေါင်း ၁၆၀ မှာ စီးပွားရေး အရတော့ နံပါတ်နှစ်နေရာမှာ ချိတ်တယ်။ သို့သော် ကျားမခွဲခြားဆက်ဆံရေး (Gender Equal) အမျိုး သမီးအခွင့်အရေးဆုံးရှုံးမှု အဆင့်မှာတော့ နိုင်ငံပေါင်း ၁၆၀ ကျော်မှ ၁၃၀ အဆင့်ရှိတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှလုပ်ရမှာ မဟုတ်ဘူး၊ လွဲနေပါတယ်၊ ဒါဟာ မှားယွင်းနေတယ် ဆိုတာကို ဒီနေရာကနေပြီး ပြောပြချင်ပါတယ်။

[ စီဒေါ ဆိုသည်မှာ အင်္ဂလိပ်စကားလုံး CEDAW ကို မြန်မာလိုအတိုကောက် ခေါ်ဆိုထားခြင်းဖြစ်သည်။ အပြည့်အစုံမှာ အင်္ဂလိပ်ဘာသာဖြင့်  The Convention on the Elimination of all forms of Discri-mination  Against Women (CEDAW) ဖြစ်ပြီး မြန်မာဘာသာဖြင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုများ အားလုံးပပျောက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ဟုခေါ်သည်။]

Most read this week