ဇွန်လလယ်မှ စ၍ ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုအပေါ်တွင် ကြိုတင် အခွန် ငွေများ ကောက်ခံတော့မည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ပို့ကုန်ဆိုရင်
“ဇွန်လ ၁၄ ရက်က စပြီး ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုအပေါ် ကြိုတင်ငွေ ကောက်ခံတော့မှာပါ။ ပို့ကုန်တွေကို ကျပ်ငွေနဲ့ တင်ပို့ရင် ပို့ကုန် တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ ပို့ကုန်ကို နိုင်ငံခြားငွေနဲ့ တင်ပို့ပါက အဲဒီနေ့ နိုင်ငံခြားငွေ ပေါက်စျေး ငွေလဲနှုန်းအတိုင်း တွက်ချက်ပြီး ပို့ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
သွင်းကုန် ဆိုရင်ကော
သွင်းကုန်တင်သွင်းသည့် ကုန်စည်အပေါ် အကောက်ခွန် စည်းကြပ်တန်ဖိုး၏ ၂ ရာခိုင်နှုန်းကျော်ကို ကျပ်ငွေ ဖြင့် ကောက်ခံသွားမည်ဟု ဆိုသည်။
ကောက်ခံမည့် လုပ်ငန်းအမျိုးအစားတွေ
“နယ်စပ် ကုန်သွယ်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ်မှု စခန်းမှ နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန်သွယ်မှုစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ ပုံမှန်ကုန်သွယ်မှု စနစ်ဖြင့် ဆောင်ရွက်ခြင်း စတဲ့ ကုန်သွယ်မှုတွေ ပါဝင်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ပို့ကုန်လုပ်နေသူတွေရဲ့ သဘောထား
“ပို့ကုန်သမားတွေကိုတော့ မကောက်သင့်ပါဘူး။ အခုချိန်အထိ ပို့ကုန်တွေက အားနည်းနေပါသေးတယ်။ ပို့ကုန်အတွက် အခွန်အခတွေကို တက်နိုင်သလောက် လျှော့ချနိုင်မှ ပို့ကုန် တက်လာနိုင်ပါမယ်။ ဒါမှ တောင်သူတွေ ပိုခံစားခွင့် ရှိနိုင်ပါတယ်” ဟု လယ်ယာထွက်ကုန်များ တင်ပို့နေသူ ဦးကျော်နိုင် က ဆိုသည်။
ပြည်ပနိုင်ငံများသို့ ဆန် တင်ပို့နေသူ ကုန်သည် ဦးလှသောင်း ကမူ “အခွန်ဆိုတာ အချိန်တန်ရင် စာရွက် လှန်ပြီး ကောက်ခံရမှာပဲ။ နှစ်ကုန်မှ တနင့်တပိုး အခွန်ဆောင်ရတာထက် စာရင် နည်းနည်းချင်း ဆောင်ရတာ တနင့်တပိုး မဖြစ်တော့ဘူးပေါ့။ အဓိက ကတော့ ပို့ကုန်/သွင်းကုန် တဦးချင်းကဒ်နဲ့ ခွင့်ပြုထားတဲ့ သူတွေဆီက
ကောက်ခံဖို့လို့ ထင်ပါတယ်။ တဦးချင်းကဒ်နဲ့ လုပ်ကိုင်နေသူတွေကို နှစ်ကုန်မှ အခွန်ကောက်မယ်ဆိုရင် ဘယ်ကို လိုက်ကောက်ရမယ်မှန်း မသိ ဖြစ်နေနိုင်ပါတယ်” ဟု ပြောသည်။
အကျံုးမဝင်တဲ့ လုပ်ငန်းတွေက
CMP လက်ခစား လုပ်ငန်းများအတွက် ကုန်ကြမ်းတင်သွင်းမှုမှာ ကြိုတင်ခွန် ကောက်ခံခြင်းအတွက် အကျုံး မဝင်ကြောင်း အထည်ချုပ်လုပ်ငန်းနှင့် ရေထွက်ကုန်လုပ်ငန်း လက်ခစား စနစ်ဖြင့် လုပ်ကိုင်သူများထံမှ သိရသည်။
“ပြည်ပနိုင်ငံတွေက ရေထွက်ကုန် ကုန်ကြမ်း တင်သွင်းပြီး ပြည်တွင်းမှာ လက်ခစားစနစ်နဲ့ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေတော့ ကြိုတင်ခွန် ကောက်ခံခြင်းအတွက် အကျံုးမဝင်ဘူးလို့ သိရပါတယ်” ဟု ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ ဦးမျိုးညွှန့် က ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ ကုန်ကြမ်း တင်သွင်းပြီး လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ ရေထွက်ကုန် လုပ်ငန်း၊ ဆံပင်တုလုပ်ငန်း၊ မှန်ဘီလူးလုပ်ငန်း စသည်ဖြင့် ရှိသည်။
“ကြိုတင်ခွန် ကောက်ခံခြင်း လုပ်ငန်းတွေထဲမှာ လက်ခစား လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်ငန်းတွေ မပါဝင်ပါဘူး။ အမြတ်ခွန်ကတော့ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရပါမယ်။ မမြတ်ရင်တော့ ပေးစရာ မလိုပါဘူး” ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း က ပြောသည်။
ထို့အပြင် အကျံုးမဝင်သည့် အခြားလုပ်ငန်းများလည်း ရှိသေးကြောင်း “ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေ၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ (သမဝါယမ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းမှ သမဝါယမ အသင်းများအတွက် တင်ပို့ခြင်းတွေ)၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသည့် တဦးချင်း ပုဂ္ဂိုလ်အမည်နှင့် ယာဉ်တင်သွင်းခြင်း၊ MIC ခွင့်ပြုမှုဖြင့် ကနဦး တည်ဆောက်ဆဲ ကာလအတွင်း တင်သွင်းလာသည့် တည်ဆောက်ရေးပစ္စည်းများနဲ့ ကုန်ကြမ်းများလည်း ပါဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းအပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ လှူဒါန်း၍ တင်သွင်းလာသည့် ပစ္စည်းများ၊ မီးသတ်ယာဉ်များ၊ နာရေးယာဉ်များ၊ လူနာတင်ယာဉ်များ (ပုဂ္ဂလိက လုပ်ငန်းများ၏ ဆေးရုံ လုပ်ငန်းသုံးယာဉ်မှ အပ)၊ Draw Back တင်သွင်းသည့် ပစ္စည်းများနှင့် ယာယီတင်သွင်းသည့် ပစ္စည်းများ စသည်တို့လည်း ပါဝင်သည်။
ရည်ရွယ်တာ
ပို့ကုန်/သွင်းကုန်အပေါ် ကြိုတင်ခွန်ဆောင်ရွက်ခြင်းကို ရည်ရွယ်ချက် ၅ ချက်ဖြင့် ဆောင်ရွက်သည်ဟု ဆိုသည်။
“တိုးတက်လာတဲ့ ပြည်ပ ကုန်သွယ်မှု လုပ်ငန်းများမှ အခွန်ကင်းလွတ်မှု ရရှိရေး၊ အခွန်ဆိုင်ရာ လိုက်နာဆောင် ရွက်မှုကို ပိုမိုကြပ်မတ်ရေး၊ ကျသင့်ခွန် ပမာဏကို တကြိမ်တည်း ပေးဆောင်ရခြင်း၊ ကုန်စည် တင်ပို့ တင်သွင်း သည့် အကြိမ်တိုင်း အခွန်အလီလီ ပေးဆောင်ခြင်းဖြင့် အခွန်တာဝန်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ သက်တောင့် သက်သာနဲ့ ပေးသွင်းနိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ကိုင်တာ ဖြစ်ပါတယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
နေရာခွဲ ပေးသွင်းနိုင်
ကြိုတင်ငွေ ပေးသွင်းမှုကို လုပ်ငန်းနေရာအလိုက် နေရာခွဲပေးသွင်းနိုင်ကြောင်း “နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဖြစ်ရင် နယ်စပ်ကုန်သွယ်မှုစခန်း OSS အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ပြည်တွင်း အခွန်များ ဦးစီးဌာနမှာ ပေးသွင်းနိုင်ပါတယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ အဆင့်မြင့် အရာရှိ တဦးက ပြောသည်။
“ပုံမှန် ကုန်သွယ်မှုစနစ်နဲ့ တင်သွင်းခြင်း (ပင်လယ်ရေကြောင်း) ဖြစ်ပါက အကောက်ခွန် ဦးစီးဌာနမှာ aဆာင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ သင်္ဘောဆိပ်၊ လေဆိပ်တွေက တင်ပို့တာဆိုရင် ကုမ္ပဏီ များဆိုင်ရာ အခွန်ရုံးမှာ ဆောင်ရွက်ရမှာပါ။ မန္တလေး လေဆိပ်က တင်ပို့တာဆိုရင် ပြည်ကြီး တံခွန်မြို့နယ်ရဲ့ အခွန်ဦးစီးဌာနဌာနမှူး ရုံးမှာ ဆောင်ရွက်ရမှာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။