“နမ္မဒါမြစ် (မန်းချောင်း)” ကူးတံတားပေါ် ကားဖြတ်ကူးတော့ ကျနော်က ကားဆရာကို ခတ်ဖြေးဖြေးမောင်းပေးပါရန် တောင်းပန်စကားပြောမိသွားသည်။ ကားဆရာက စိတ်ရှည်သည်။ အမူအယာ ထူးခြားနေသည့် ခရီးသည် တစ်ဦးကို တွေ့လိုက်ရဟန် မျက်နှာထားနှင့် ကျနော့်ကို တချက်ကြည့်ရုံသာ ကြည့်သည်။ ကားကို ခတ်ဖြေးဖြေးပင် မောင်းပေးသည်။
(က)
“နမ္မဒါမြစ် (မန်းချောင်း)” ကူးတံတားပေါ် ကားဖြတ်ကူးတော့ ကျနော်က ကားဆရာကို ခတ်ဖြေးဖြေးမောင်းပေးပါရန် တောင်းပန်စကားပြောမိသွားသည်။ ကားဆရာက စိတ်ရှည်သည်။ အမူအယာ ထူးခြားနေသည့် ခရီးသည် တစ်ဦးကို တွေ့လိုက်ရဟန် မျက်နှာထားနှင့် ကျနော့်ကို တချက်ကြည့်ရုံသာ ကြည့်သည်။ ကားကို ခတ်ဖြေးဖြေးပင် မောင်းပေးသည်။ ကျနော်က နမ္မဒါမြစ် (မန်းချောင်း) ကို ကားပေါ်မှတဆင့် လည်ပြန် လိုက်ကြည့်ရင်းက တံတားနှင့်ဝေးလာခဲ့သည်။
လွန်ခဲ့သော တစ်ပါတ်ခန့်က ကျနော့် အင်တာနက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးတင်ထားခဲ့သည်။ “မန်းချောင်းနှင့် မုန်းချောင်း လရောင်များကို သိမ်းပိုက်ဖို့ရာ ကျနော် ခရီးထွက်ရပါဦး မည်” ဟူ၍ ဖြစ်သည်။ ယခု မန်းချောင်းပေါ် ကားဖြင့် ဖြတ်ကျော်လာခဲ့ပြီ။ မကြာခင် မန်းချောင်းရေစပ်က ဆည်မြောင်း ထိန်းသိမ်းရေး မိသားစုတည်းခိုရိပ်သာဆီ ကျနော် ရောက်တော့မည်။ မန်းချောင်းရေကို ချိုးမည်။ မန်းချောင်း ဝန်းကျင်က ဘုရားပွဲစျေးတန်းများကြားတွင် လျှောက်ကြည့်မည်။ ပြီးတော့ မန်းချောင်းပေါ်က လရောင်များကို ကျနော် မော့ကြည့်မည်။ ကျနော် ကျေနပ်သွားရသည်။
ဗုဒ္ဓဘာသာဝင်အများ ယုံကြည်ထားကြသည့် ဗုဒ္ဓမြတ်စွာ၏ ခြေတော်ရာတည်ရှိရာ ရွှေစက်တော်ဘုရားသည် မန်းချောင်းဘေးတွင် ရှိသည်။ သည်နှစ်တော့ ထိုနေရာတွင် တပိုတွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့ အထိ ဘုရားပွဲတော်ရက် သတ်မှတ်ထားသည်။ ဤသို့ဆိုလျင် ဘုရားပွဲပိတ်ရန် တစ်ပါတ်ပင်မကျန်တော့ သည့်အချိန်တွင် ကျနော် ရောက်သွားခြင်းဖြစ်သည်။ သို့သော် သင်္ကြန်ရက်ဖြစ်သည့်အပြင် ပွဲတော်ရက် ကုန်ဆုံးကာနီးအချိန်ဖြစ်သည့်အတွက် ဘုရားဖူးခရီးသည်များ အဆမတန်များလာနေသည်ဟု သိရသည်။
စက်တော်ရာဘုရားမှာ မန်းချောင်းဘေးတွင် တည်သဖြင့် မန်းရွှေစက်တော်ရာဘုရားဟု အမည်တွင်လာ ခဲ့သည်။ ဘုရားပွဲကိုလည်း မန်းရွှေစက်တော်ဘုရားပွဲတော်ဟု သုံးနှုန်းခဲ့ကြသည်။ ပတ်ဝန်းကျင် မနီးမဝေးတွင် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ လယ်ကိုင်းမြို့များ ရှိသည်။ ရွှေစက်တော်ဘုရားနှင့် မင်းဘူးမှာ ၃၁ မိုင် ၂ ဖါလုံကွာဝေးပြီး မင်းဘူး စကုကြား လမ်းဆုံမှသွားလျင် ၁၁ မိုင် ၄ ဖါလုံခန့်ရှိပါက ဘုရားကုန်းတော်ခြေရင်း မန်းချောင်းဘေးသို့ ရောက်မည်။
မန်းချောင်းတံတားပေါ် ကျော်လာခဲ့စဉ် ရဟန်းကဗျာဆရာ “ရှင်မဟာရဌသာရ” ၏ “ရွှေစက်တော်သွား တောလား” ကဗျာထဲက စာသားတချို့ဆီ ကျနော့်အတွေးအာရုံများက ဖြန့်ကျက်နေမိပြန်သည်။
“တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေတွင်၊ ပင်ခြေကျင်း ကျင်း၊ ပန်းအင်ကြင်းလည်း၊ ရွက်ချင်းခိုက်ထိ၊ စေါင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်မောစွ”…။
ကားလမ်းဘေး ဝဲယာနှစ်ဘက်တွင် ကျနော်မြင်နေရသည်က သစ်ရွက််ခြောက် တစ်ရွက်တစ်လေသာ တပ်ဆင်ထားရှိသည့် ကိုင်းခြောက်သစ်ပင်များ။ မွဲသွေ့လျက်ရှိသည့် ခြံုပုတ်များ။ သစ်ပင်ကြီးကြီးမားမား မရှိသည့် တောင်ကတုံးများ။ ကျနော် သက်ပြင်းချမိသည်။
ရှိခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ် ၆၀ ကျော်အထိ။ မိဘများပြောပြ။ ထိုစဉ်က ရွှေစက်တော်သွားလမ်းခရီးမှာ တကယ့်ကို စိမ့်ကြီးမြိုင်ကြီး တောကြီးဂနိုင်လမ်း ဖြစ်သည်။ လှည်းဖြင့်သာ သွားလို့ရသည်။ လမ်းတွင် လွမ်းမောဘွယ်လှည်း ိစခန်းကြီးများက ၁၀ စခန်းထက်မနည်း။ မိဘများက ဆီမန်းမန်းသလိုပြောပြနေသည့် “ဆည်တော်စခန်း” “ကန်ဘောက်စခန်း” ဆိုသည့်အသံများက ကျနော့်နားထဲက မထွက်။
တခါတရံ ကျောက်ကြိုကျောက်ကြား လျှိုကြီးများထဲတွင် အသွားနှင့်အပြန် လှည်းတန်းများ ထိပ်တိုက် ဆုံကြသည်။ လျှိုတွင်းလမ်းဖြစ်သဖြင့် ကျောက်ကြိုကျောက်ကြားလမ်း။ လှည်းတစ်စင်းထက် ပိုပြီးမောင်း လို့မရ။ ထိုအခါ ပါလာသမျှ ရိက္ခာကိုချကာ နှစ်ဘက်စလုံးက ခရီးသည်များ ချက်ပြုတ်စားသောက်ကြရသည်။ ရိက္ခာအရင်ကုန်သည့် ဘက်က လှည်းုဖြုတ်ကာ လမ်းဖယ်ပေးရသည်။ လမ်းဖယ်မပေးရပဲခရီးဆက်ထွက် ခွင့်ရသည့် ခရီးသည်လှည်းများ ကလည်း ရိက္ခာကုန်လို့ လမ်းဖယ်ပေးလိုက်ရသည့် ခရီးသည်လှည်းများပေါ် ရိက္ခာများ တင်ပေးကူညီလိုက်ကြ သည်။ ခိုက်ရန်ဒေါသ ဖြစ်လေ့မရှိ။ ပိုမိုချစ်ခင် ရင်းနီးသွားကြသည်သာ။
အခုတော့ ပင်ခြေမွဲလှောက် ကုန်းခြောက်ခြောက်သာရှိတော့သည့် ကားလမ်းဘေးဝဲယာကို ကျနော် ဖြတ်ကျော်လာခဲ့ ရသည်။ နေရာတချို့တွင်မူ လမ်းဘေးဆိုင်းပုဒ်များကို ဖတ်ခဲ့ရ၏။ သဘာဝပန်းဝန်းကျင်ကို ထိန်းသိမ်းပါ။ ပြီးတော့ဘေးမဲ့တောဧရိယာ အစရှိသည့် ဆိုင်းပုဒ်များကို တွေ့ခဲ့ရသည်။ ကျနော့်စိတ်ထဲ ယင်းဆိုင်းပုဒ်များသည်ပင် မွဲမွဲခြောက်ခြောက် ချိချိနဲ့နဲ့။ သည်လိုအနေအထားဝန်းကျင်ကိုဖြတ်သန်း ရသဖြင့်လည်း “ရှင်မဟာရဌသာရ”၏ “ရွှေစက်တော်သွားတောလားကဗျာ”ကို စိတ်ကူးနှင့်ရွတ် ဆိုရသည်မှာပင် ကျနော့်မှာ အားမရှိလှ။
ကျနော်စီးလာသည့် ခရီးသည်တင်ကားက မုန်းချောင်းကူးတံတားကိုဖြတ်ပြီးမှ ဘုရားတောင်တော်ခြေရင်း ပွဲစျေးခင်းနှင့်မနီးမဝေးတွင် ထိုးရပ်လိုက်သည်။ ကားပေါ်က ဆင်းဆင်းချင်း ကျနော့်စိတ်က မန်းချောင်းရေ ကိုသာ ပေးပြီး ရေချိုးချင်နေသည်။ သို့သော် တည်းခိုရမည့် “ဆည်မြောင်းထိန်းသိမ်းရေးမိသားစု တည်းခိုခန်း”ကို ရှာရဦးမည်ဖြစ်သည်။ မင်းဘူးမြို့မှ မထွက်လာခင် အမတစ်ဝမ်းကွဲတော်သူက စာတစ်စေါင်ရေးပေးလိုက်သည်။ ယင်းတည်းခိုခန်းတာဝန်ခံ “ဦးဝင်း”ထံ စာကိုအပ်ရမည်။ ၂ ညတာတည်းခိုခွင့် တောင်းရမည်။ နေရာထိုင်ခင်း ပြင်ရမည်။ ဓါတ်မီးတစ်လက်နှင့်ဆပ်ပြာတစ်ခဲ ဝယ်ရမည်။ ပြီးတော့မှ မန်းချောင်းရေတွင် စိမ်နိုင်တော့မည်။
အခန်းနံပါတ် ၂ ။ ထရံကာ ဝါးကြမ်းခင်း တည်းခိုခန်းကလေး။ ဆယ်ပေပါတ်လည်ဝန်းကျင် အကျယ်။ ဘေးအခန်းက စကားပြောသံများ၊ ကက်ဆက်သီချင်းသံများ။ မန်းချောင်းထဲက ရေချိုးသူများရဲ့ အော်ဟစ်ပြောဆိုသံများ၊ တည်းခိုခန်းကြား လူသွားလမ်းပေါ်က ခြေသံများ။ “ရေနွေးရမယ် အကြော်စုံရ မယ်”ဟု မနီးမဝေးကလည်းကောင်း အခန်းဘေးကလည်းကောင်း ဆက်တိုက်ကြား နေရသည့်အသံများမှာ နားထဲတွင် ပြားတွေ စီစီညံအောင် အော်ဟစ်နေသလို ကြားနေရသည်။ ပါလာသည့် ကြောပိုးအိပ်ကိုချကာ နေရာထိုင်ခင်း ပြင်ပြီးသောအခါနေရောင်ခြည်မှာ သိသိသာသာ ကျသွားပြီဖြစ်လေသည်။
(ခ)
မန်းချောင်းရေတွင် မိနစ် နှစ်ဆယ်နီးပါးစိမ်လိုက်သဖြင့် လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ နေ့လည်ပိုင်း မင်းဘူးမြို့မှအထွက်ကတည်းက အပူဒဏ်ကို ကြောကော့အောင် ခံလာခဲ့ရသည်။ အခုတော့ တောရိပ် တောင်ရိပ်လည်း ဖြစ်ပြန် မန်းချောင်းရေကိုလည်း စိမ်လိုက်ရသဖြင့် နေလို့ထိုင်လို့ တော်တော်ကောင်း သွားသည်။ တစ်ကိုယ်လုံး အကြောအချဉ်များ ပြေကာ ခွန်အားများ သိသိသာသာ တိုးလာသည်ဟုပင် ထင်မိသည်။ ထိုအခါ မန်းချောင်းရေကို နေပူစပ်ခါးမရှောင်ချိုးသည့်တိုင် အပူရှပ်ခြင်းမရှိတတ်၊ မန်းချောင်း ရေတစ်ခါချိုးပြီးလျင်နောင်နှစ်တွင်လည်း ပြန်လာပြီးချိုးချင်သည့်စိတ်များ ရှိနေတတ်သည်ဟု ရောက်ဖူးသူများ ပြောနေကြခြင်းမှာ အမှန်ပဲကိုးဟု တွေးမိသည်။
တည်းခိုခန်းကလေးကို သော့ခတ်ပိတ်သည်။ ဖူဂျီ ကင်မရာလေးလွယ်သည်။ စျေးဆိုင်တန်းထဲ ဆင်းလာခဲ့ သည်။ ဆိုင်အတော်များများ ဖြတ်ကျော်ပြီးသည်အထိ မည်သည့်ဆိုင်တွင် ထိုင်ရမည်ကို ရွေးချယ်လို့ မရအောင်ဖြစ်နေသေးသည်။ နောက်တော့ စိတ်ကိုလျှော့ကာ နီးစပ်ရာ ခတ်သန့်သန့်ပြင်ဆင်ခင်းကျင်း ထားသည့်ဆိုင်တွင် ဝင်ထိုင်သည်။ ထမင်းသုပ်တစ်ပွဲ မှာသည်။
ထမင်းသုပ်က စားလို့မကောင်း။ တခါတရံ သဲတကျိကျိပင် ဝါးမိသလို ရှိသည်။ ထို့ကြောင့် အားနာပါးနာ အနည်းငယ်သာ စားကာ ထမင်းဆိုင်မှ ပြန်ထခဲ့သည်။ တခြား လမ်းဘေးစျေးဆိုင်များဘက် လှည့်လိုက်သည်။ တည်းခိုခန်းများရှေ့ တန်းစီပြီးရပ်ထားသော ကားတန်းဘေးတွင် ဆိုင်းထမ်းချပြီး ရောင်းနေသော မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်လေးများ ရှိသည်။ စျေးဆိုင်တစ်ခုရှေ့ရောက်တော့ ကြာဆန်ဟင်းခါး ရောင်းသည်ကိုတွေ့သည်။ ရာသီဥတုကပြင်းထန် ခရီးကပမ်းသဖြင့် ကြာဆန်ဟင်းခါးကိုပဲ ညစာအဖြစ် မှီဝဲပြီး အိပ်ယာဝင်တော့မည်ဟု စဉ်းစားသည်။
ကြာဆန်ဟင်းခါးကမူ ပါးစပ်တည့်သည်။ ထမင်းသုပ်ကို စိတ်ပျက်ခဲ့ရသည့်တိုင် ကြာဆန်ဟင်းခါးက အတော့ကို အဆင်ပြေနေပြန်သည်။ ကြာဆန်ဟင်းခါး သောက်ပြီးနောက် ဆိုင်ဘေးက ခုံပုလေးတွင် ခဏတဖြုတ် ထိုင်နေလိုက်သည်။ နောက်နေ့တွင် မိမိဆောင်ရွက်ရမည့် အစီစဉ်များကို စဉ်းစားသည်။ ထိုသို့စဉ်းစားရင်းက ပခုံးထမ်းစျေးဆိုင်ပိုင်ရှင်နှင့် စကားစမြည် အနည်းငယ်ပြောဖြစ်သွားသည်။ သည်လိုဆိုတော့လည်း ရွှေစက်တော်ဘုရားပွဲနှင့် ပတ်သက်သည့် အချက်အလက်တချို့ကို အလိုအလျောက် စုစေါင်းမိသလို ဖြစ်သွားတော့သည်။
မန်းရွှေစက်တော်ဘုရားပွဲတွင် စျေးလာရောင်းကြသူများမှာ နယ်ခံစျေးသည်ကနည်းပြီး အခြားအနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများက အများစုဖြစ်သည်။ ယခု ကျနော်ထိုင်နေသည့် ဆိုင်ကဆိုင်ပိုင်ရှင် စျေးသည်မှာ မကွေးမြို့နှင့် တောင်တွင်းကြီးကြား ရွာတစ်ရွာမှ ဖြစ်သည်။ မိသားစု လေးယောက်ဖြစ်သည်။ ဘုရားပွဲမစတင်ခင် ရက်များက တည်းက ရောက်လာကြသူများဖြစ်သည်။ ပထမ ဘုရားပွဲဂေါပကအဖွဲ့တွင် လူနေအခန်းအတွက် မြေနေရာဝယ်ရသည်။ ကိုယ့်ဖါသာကိုယ် တဲထိုးနေရသည်။ ရေဖိုးမီးဖိုး ကိုယ့်ဖါသာ တာဝန်ယူရသည်။ ထို့နောက် ရဲကြေး၊ သစ်တောဌါနကြေး၊ စည်ပင်ကြေး၊ မီးသတ်ကြေး ပေးရသည်။ တချို့ဌါနများက ညှိလို့ရသည်။ တချို့ လုံးဝမရ။ဂေါပကအဖွဲ့သို့ ပေးသွင်းရသည့် ငွေ ၂ သောင်း ခြောက်ထောင်ကျော်အပြင် ဆန်တစ်အိပ်နှင့် ဆီ သုံးပိဿာမှာ ထုံးစံလို ဖြစ်လာသည်။
သူတို့မိသားစုက ကိုယ်စီကိုငှ အလုပ်လုပ်ကြသည်။ သားဖြစ်သူ လူပျိုပေါက်အရွယ်က ကားရေဆေးသည်။ အသက် ၁၁ အရွယ်သမီးလေးက ဆိုင်အလုပ်ကူသည်။ မိန်းမက တဲမှာပင်နေကာ လိုအပ်တာများ ပြင်ဆင်ပေးသည်။ အိမ်ထောင်ဦးစီးဖြစ်သူက အသင့်စီမံပြီးဖြစ်သည့် မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ လဘက်သုပ်၊ ဂျင်းသုပ်၊ လျှောက်သီးသုပ်ပစ္စည်းများကိုု ပခုံးနှင့်ထမ်းကာ နေရာအမျိုးမျိုး ပြောင်းရွှေ့ပြီးမှ စျေးရောင်းသည်။ နေ့စဉ် အနည်းဆုံး ၂ သောင်းကျော်ရောင်းရသည်။ ၆ သောင်းဖိုးအထိ ရောင်းရသည်များပင် ရှိခဲ့ဖူးသည်။ ရွှေစက်တော် ဘုရားပွဲခင်းအတွင်း ပခုံးထမ်းစျေးလိုက်ရောင်းသူ အရေအတွက် ၂၀ ကျော်ရှိသည်။ အခုတော့ သင်္ကြန်ပြီးလျင် ဘုရားပွဲလည်း ပြီးတော့မည်။ ငွေကြေးအနည်းငယ်တော့ စုဆောင်းမိခဲ့သည်ဟုဆိုသည်။
လမ်းဘေးစျေးဆိုင်လေးဆီမှ ထပြန်လာခဲ့တော့ ည ဆယ်နာရီပင် ထိုးပြီ။ တည်းခိုခန်းထဲ ဝင်လိုက်တော့ ဘေးချင်းကပ် အခန်းထဲက ဘုရားဖူးခရီးသည်များသည်လည်း မအိပ်နိုင်ကြသေး။ စကားပြောသံများ ဆူညံလျက် ရှိနေသေးသည်။ ကျနော်တို့တည်းခိုခန်းနှင့် ခြေလှမ်းဆယ်လှမ်းမျှလောက်သာဝေးသည့် မန်းချောင်းထဲကရေချိုးနေကြသူများရဲ့ ပျော်ရွှင်စွာ အော်ဟစ်ဆူညံသံများကို အတိုင်းသား ကြားနေရ သေးသည်။
ပါလာသည့် လက်ဆွဲအိပ်ပေါ်ခေါင်းတင်ရင်း၊ ဖျာကြမ်းတစ်ချပ်သာခင်းထားသည့် ဝါးကြမ်းခင်းပေါ် ကြောဆန့်ရင်းဘေးချင်းကပ်အခန်းက အချင်းချင်းပြောဆိုနေသည့် ခရီးသည်အမျိုးသမီးကြီနှစ်ယောက်ရဲ့ စကားသံများကို ကြားတော့ ကျနော့်မှာ တစ်ဦးတည်း ကြိတ်ပြီးပြံုးရသည်။
“ ညီးကိုက နုံပါတယ်အေ၊ ငါက နှစ်နှစ် ကို အပိုင်ထိုးတာ့မယ်ဆိုပေမယ့် ဒီကြတော့ ကိုယ်တော်ကြီးဆီမှာ ထပ်ပြီး ဂဏန်းအပ်ဖြစ်အောင် အပ်လိုက်ရသေးတယ်၊ နင် အခု အထက်စက်တော်ရာရောက်တာတောင် နင့်ဂဏန်းကို မအပ်ခဲ့ရသေးဘူးပေါ့ ဟုတ်လား၊ အေး အခုတော့ မမှီတော့ဘူး၊ မနက်ဖြန် ငါတော့ နှစ်နှစ် ကို အပိုင်ကစားမယ် ဒါပဲ” ထို့နောက် တနေရာရာသို့ တယ်လီဖုံးနှင့်လှမ်းပြီး မနက်ဖြန်အတွက် ၂ လုံးထီ ထိုးနေကြသည်။ ကျနော့်နားထဲတွင် မကြားတချက် ကြားတစ်ချက်။ ခရီးကပမ်း အပူဒဏ်ကိုလည်း တနေ့လုံးခံခဲ့ရသဖြင့် ကျနော့်ခန္တာကိုယ်မှာတောင့်တင်းနာကျင်လျက်ရှိသည်။ ထို့နောက် ချက်ချင်းဆိုသလို အိပ်ပျော်သွားရသည်။
(ဂ)
မနက် လေးနာကျော်ကျော်တွင် အိပ်ယာက ကျနော် နိုးသည်။ ကမန်းကတန်း မျက်နှာသစ်ကာတောင်ပေါ် တက် ရန်ပြင်ဆင်သည်။ အထက်စက်တော်ရာသို့တက်ကာ နေထွက်သည့်အချိန် ဓါတ်ပုံရိုက်ယူရမည်ဖြစ် သည်။
တောင်ခြေကိုရောက်တော့ တောင်ပေါ်အထိ တက်မည့်ကားက လူပြည့်လုနီးပါးဖြစ်နေသည်နှင့် စောင့်မနေရပဲ တောင်ပေါ်တက်လာခဲ့သည်။ နံနက် ငါးနာရီကျော်ကျော်သာ ရှိသေးသဖြင့် ကားပြင်ပတွင် မှောင်နှင့်မည်း မည်း။ ပတ်ဝန်းကျင်ကိုမမြင်ရ။ မနေ့ညနေပိုင်း ကားဆိပ်မှတဆင့် အထက်စက်တော်ရာကို မော့ကြည့်ရင်းက “ဒီတောင်ပေါ် ကားနှင့်တက်လျင် မတ်စေါက်လွန်းသည်”ဟု ထင်ထားခဲ့သဖြင့် အခုလို ကားဖြင့်ကိုယ်တိုင် တက်ခွင့်ကြံုသည့်အခါ စိုးရိမ်စိတ်က ဖြစ်နေသေးသည်။ ကားဆရာကမူ ကားကို သီချင်းတအေးအေးနှင့်ပင် ကျင်လည်စွာမောင်းနေသေး။
တောင်ထိပ်ကို ငါးမိနစ်မျှလောက်နှင့်ပင် ရောက်သည်။ ဘုရားယင်ပြင်တော်ပေါ်တွင် စျေးသည်အများစုသည် အိပ်ယာက မနိုးကြသေး။ ပန်းသည်နှင့် အရုဏ်ဆွမ်းကပ် ရောင်းသည့်စျေးသည် တစ်ယောက်တလေက ကျနော်တို့အနားရောက်လာကာ စျေးရောင်းသည်။ ကျနော်က တောင်ထိပ်ရောက်သည်အထိ ဆက်မတက် တော့ပဲ အလင်းရောင်ပြပြမြင်ရပြီဖြစ်သဖြင့် နေထွက်သည်ကို သည် ဘုရားယင်ပြင်ဘေးနေရာကပင် စောင့်ပြီး ဓါတ်ပုံရိုက်ရန် ဆုံးဖြတ်သည်။ သည်ကြားထဲ အရှေ့အနောက်တောင်မြောက် မဝေခွဲတတ်သဖြင့်ပန်းသည် အမျိုးသမီးတစ်ဦးကို လိုက်မေးရသေးသည်။
နေထွက်လာတော့ ဘုရားယင်ပြင်တော်အစွန်းမှတဆင့် တောင်အောက်ကို ဓါတ်ပုံရိုက်သည်။ ဆန်းသစ် ကြည်နူးဖွယ်တောင်ခြေဝန်းကျင် ပွဲစျေးခင်းကြီးမှာ ကြည့်မဝနို်င်အောင်ပင်။ ဘုရားဖူးများ ရုတ်တရက် များလာသည်။ စျေးသည်များ စျေးရောင်းသည့်အသံများ ဆူညံလာသည်။ ကြေးစည်ထုသံ၊ ခေါင်းလောင်း ထိုးသံ၊ ဓါတ်စက်နှင့် ဆုတောင်းမေတ္တာပို့သံများဖြင့် ဘုရားယင်ပြင်တော်တစ်ခုလုံး ရုတ်ချည်းစည်ကား ဆူညံလာတော့သည်။
ကျနော် ဝယ်လိုက်သည့် ရွှေစက်တော်ဘုရားသမိုင်းစာအုပ်တွင် မန်းရွှေစက်တော်နှင့်ပတ်သက်သော သမိုင်း အချက်အလက်များမှာ စိတ်လှုပ်ရှားဖွယ်ရာများနှင့်ပြည့်နေသည်။ ဂေါဓမ္မဗုဒ္ဓ ဝါတော် ၂၀ ပြည့်သည့်အချိန်တွင် သာဝတ္ထိပြည်မှ မြန်မာနိုင်ငံ မင်းဘူးနှင့်စကုနယ်သို့ ကြွချီရောက်ရှိပြီး နှောင်းလူများ အထွတ်အမြတ်ထား ကြည်ညိုကိုးကွယ်ဖို့ရာ ခြေတော်ရာနှစ်ဆူကို ယခုဘုရားကုန်းတော်အောက်ခြေနှင့် အထက်ကုန်းထိပ်တွင် နင်းချမှတ်သား ထားရစ်တော်မူခဲ့သည်ဟု ဗုဒ္ဓဘာသာဝင်အများက ယုံကြည်ခဲ့ကြသည်။
ဤခြေတော်ရာနှစ်ဆူရှိရာဒေသကို ကောဇာသက္ကရာစ် ၁၆၄၀ ပြည့်နှစ်တွင် ပုဂံ အလောင်းစည်သူမင်း ကြီး တွေ့ရှိတော်မူသည်မှစကာ ဘုရားစေတီ ကျောင်းကန်များ ဆောက်လုပ်ကိုးကွယ်ခဲ့ရာမှ ယခုကဲ့သို့ ဘုရားဖူးများ အထူးစည်ကားခဲ့သည့်ဒေသ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ နောင်အခါ ခြေတော်ရာဖူးလာသူ ဘုရားဖူးလာသူ များပြားလှသဖြင့် ဘုရားပွဲတော်ရက်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်များ ကျင်းပလာခဲ့ကြ၏။ စတင် သတ်မှတ်စဉ်အချိန်က တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ရ ရက်နေ့အထိ တစ်ပါတ်သတ်မှတ်ကျင်းပခဲ့ရာမှ ယခုအခါ တစ်လကျော်ဝန်းကျင်အထိ သတ်မှတ်ကျင်းပလာခဲ့ပြီဖြစ်သည်။
ကျနော်က ဘုရားသမိုင်းစာအုပ်ဆိုင်မှ စာအုပ်တစ်အုပ်ဝယ်သည်။ အိမ်သူ မဒေဝီအတွက် ခြေတော်ရာပုံ ရိုက်နှိပ်ထားသည့် ဘုရားကျောင်းတက် တံဘက်တစ်ထည်ကို ဝယ်သည်။
ကျနော် ဝယ်ခဲ့သည့် ဘုရားသမိုင်းစာအုပ်တွင် စိတ်လှုပ်ရှားဖွယ် ဆန်းကျယ်သည့် ရိုးရာသမိုင်းမှတ်တမ်း များဖြင့် ပြည့်နေသည်။ လက်ခံနိုင်ဖွယ် သမိုင်းအချက်အလက်များလည်း ပါပါသည်။ တချို့သမိုင်းအချက် အလက်များမှာ ဒန္တာရီဆန်လွန်းနေသည်ဟု ထင်မိသည်။
ပွဲတော်စျေးခင်းအတွင်း အထည်ဆိုင်ကြီးများ တန်းစီနေသည်။ ပစ္စည်းမျိုးစုံရောင်းသည့်ဆိုင်များ၊ စားသောက် ဆိုင်များ၊ စျေးသည်များမှာ ဆိုင်ရှေ့ လမ်းပေါ်အထိတက်ကာ အပြိုင်အဆိုင် အော်ဟစ်ခေါ်ငင်ကာ ရောင်းချ နေကြ သည်။ ကျနော် စိတ်ဝင်စားသည့်စျေးဆိုင်များလည်း ရှိသည်။ ဥပမာ… ဒေသထွက်ကုန်များဖြစ်သည့် သနပ်ခါးဆိုင် များ၊ မြှစ်ခြောက်မျိုးစုံ၊ အာလူးခြောက် မှိုခြောက်နှင့်ထန်းလျက်ခဲအမျိုးမျိုးဆိုင်များကို ကျနော် စိတ်ဝင်စားသည်။ တနေရာတွင်မူ မြင်ဖူးသလိုရှိသည့် အညိုရောင် သစ်ဥသစ်ဖုများ ရောင်းနေသည့်ဆိုင်ဘေး တွင် ကျနော် သွားရပ်လိုက်သည်။ နှစ်ပေါသ်း ၄၀ နီးပါး မမြင်မတွေ့ခဲ့ရသည့် ဝက်မြေစာဥကြီးများကိုတောင်း အပြည့်ထည့်ထား သည်ကို တွေ့သည်။ ကျနော် အံ့သြဝမ်းသာသွားရသည်။
ဘုရားပွဲတော်ပွဲစျေးကြီးအတွင်း စျေးဆိုင်ခန်းပေါင်း ထောင်ချီပြီး ရှိနိုင်သည်။ ခေါင်းရွက်ဗျပ်ထိုးစျေးသယ်များ ၏အော်ဟစ်ရောင်းချနေသည့်အသံများမှာလည်း တရံမပြတ် နေရာအမျိုးမျိုးတွင် ကြားနေတွေ့နေရသည်။ တည်းခိုခန်း များကြား၊ စျေးဆိုင်များကြား၊ ကားဆိပ်နှင့် နေရာအနှံ့ ပဲပြုပ်၊ ဆီထမင်း၊ အကြော်စုံ၊ ဟင်းမျိုးစုံ အော်ဟစ်သွားလာရောင်းချနေကြသည်။ ယုတ်စွအဆုံး နံနက် ဝေလီဝေလင်းအချိန် အရုဏ်ဆွမ်းခံကြွသည့် ရဟန်းတော်များ လမ်းလျှောက်လာနေစဉ် ထိုရဟန်းတော်များ၏ ရှေ့မှ နောက်မှ ဘေးမှ စျေးသည်များ အပြေးအလွှား လိုက်ပါလာ
ကြသည်။ အရုဏ်ဆွမ်း တစ်ပုဂံစာ စျေးလိုက်ရောင်းကြခြင်း ဖြစ်သည်။ ကျနော့်မှာ ကားကြိုကားကြား လူတွေကြား ဆိုင်တွေကြားမှာ ရုတ်တရက် ဖြတ်တက်လိုက်သည့် ခေါင်းရွက်ဗျတ်ထိုး စျေးသည်များနှင့် တခါတလေ လူချင်း ဝင်တိုက်လုမတတ် ရှိခဲ့ရသည်။
ကျနော် ရောက်နေသည့်အခိုက် ရှင်ပြုအလှူပွဲလှည့်သည်နှင့်လည်းကြံုသည်။ ရှင်လောင်းတစ်ပါးနှစ်ပါး လောက် ဓါတ်ပုံရိုက်သည်။ မနက်စေါစေါ အရုဏ်ဆွမ်းလောင်းစဉ်ကလည်း ရဟန်းတစ်ချို့ကိုဓါတ်ပုံရိုက် ယူနိုင်ခဲ့သေးသည်။ ပိုပြီး တိုက်ဆိုင်ချင်တော့ ကျောက်ဆည်မြို့မှ ဆင်က အဖွဲ့ လှည့်လည်လာသည်နှင့်လည်း ကြံုလိုက်ရသေးသည်။ ဆင်ကနေပုံကို ဓါတ်ပုံရိုက်ရပြန်သည်။
နေစေါင်းလာသည်နှင့်တပြိုင်နက် ယောကျင်္ားအနှိပ်သည်များ လမ်းပေါ်ရောက်လာကြသည်။ အကြောဖြေ ဆရာ…. ဟူသည့် ဆိုင်းပုဒ်ကလေးများကိုယ်စီကိုင်ကာ တနေရာပြီးတနေရာ လမ်းလျှောက်ကာ ဖေါက်သယ်ရှာကြသည်။ ပွဲတော်အတွင်း စျေးသည်များနည်းတူ အနှိပ်သည်များ ဓါတ်ပုံဆရာများသည်လည်း ဂေါပကအဖွဲ့တွင် မှတ်ပုံ တင်ကြရသည်။ အခွန်ဆောင်ပြီးမှ အလုပ်လုပ်ကြရသည်။ ဂေါပကအဖွဲ့ရုံးနှင့် နီးသည့် လဘက်ရည်ဆိုင်တွင် ကျနော် ထိုင်နေစဉ် ဂေါပကအဖွဲ့ လက်ခံရရှိထားသည့် လှူဒါန်းငွေစာရင်းချုပ် ကြေညာပေးနေသည်ကို ကြားခဲ့ရသည်။ သိန်းထောင်နှင့်ချီပြီး ကြေညာလိုက်သည်ကို ကြားခဲ့ရသည်။
တည်းခိုခန်းကို ပြန်ရောက်တော့ မိုးချုပ်တော့မည်ဖြစ်သည်။ မန်းချောင်းထဲကို ဆင်းတော့ရေချိုးသူများ ချောင်းလုံးပြည့် ရှိနေသည်။ ခလေး လူကြီး အရွယ်စုံ ချောင်းထဲတွင် ရေချိုးကြသည်။ ရောင်စုံဘောကွင်းများ ကြိုးနှင့်သီဆွဲကာ ရေချိုးနေကြသူများကြား လိုက်လံရောင်းနေသည့် စျေးသည်များကို ချောင်းထဲအနှံ့တွေ့
နေရသည်။ တချို့ အုပ်စုလိုက် တစ်ဦးချင်းအလိုက် ဓါတ်ပုံရိုက်ကြသည်။ ကျနော့်အထင် မန်းရွှေစက်တော် ဘုရားပွဲကို ဘုရားဖူးများ စိတ်ဝင်စားကြသည့်အချက်မှာ ကြည်လင်အေးမြသော မန်းချောင်းရေကို ပျော်ရွှင်စွာရေချိုးခွင့်ရသည့် အချက်သည်လည်း အဓိကကျသော အချက်တစ်ချက် ဖြစ်မည်ဟု ထင်မိသည်။
ယခုအခါ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကျနော် တဖြတ်ထိုး ရှပ်ပြီး လေ့လာခွင့်ရလိုက်ပြီ။ မနက်ဖြန်မနက် ခတ်စေါစေါထ ရေချိုးပြီးနောက် ကားဆိပ်ကို ဆင်းရမည်။ နေပူမပြင်းခင် မင်းဘူးကို ပြန်ရမည်။ ခရီးသည် တစ်ဦး အနေဖြင့် စိတ်ကျေနပ်မှုတော့ ရခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ညအချိန် မန်းချောင်း ရေချိုးဆိပ် ကပြင်တွင်ထိုင်ပြီး မန်းချောင်းလရောင်များကိုမူ ကျနော့်မှာ မသိမ်းပိုက်နိုင်ခဲ့ပါ။ ကျနော်ရောက် သွားသည့်ရက်က လကွယ်ရက်များဖြစ်နေသည်။ ထိုအချက်ကိုတော့ ကျနော့်မှာ မချင့်မရဲဖြစ်ခဲ့ရ သည်ဟု ပြောရပါလိမ့်မည်။