ကိုညီညီအောင် (အမည်လွှဲ) က လွန်ခဲ့တဲ့ သုံးနှစ်ကတော့ တပ်မတော် တပ်ခွဲတခွဲရဲ့ တပ်ခွဲမှူး။ အခုတော့ အင်တာနက်ဆိုင် ဖွင့်ထားပါတယ်။
DSA (စစ်တက္ကသိုလ်) အပတ်စဉ် ၄၇ အောင်ပြီး သချင်္ာနဲ့ဘွဲ့ရခဲ့တဲ့ သူ့အတွက် ကရင်ပြည်နယ်မှာပဲ တာဝန်ထမ်း ဆောင်ခဲ့ရတာဟာ မိုင်းထိတဲ့ အထိပါပဲ။ အဲလို မိုင်းနင်းမိတုန်းက သူ့အသက် ၃၂ နှစ်ဝန်းကျင်ဖြစ်ပြီး ဒူးဆစ်အောက် ကနေ ဖြတ်တောက်ပစ်လိုက်ရတာပါ။
“ဒီလိုဖြစ်လာပြီး နောက်ပိုင်းမှာ တပ်က အငြိမ်းစား ယူလိုက်တယ်လေ။ ၂ဝ၁ဝ လောက်ကပါ။ ကိုယ်လုပ်နိုင်စွမ်းတဲ့ ဘက်ကို လေ့လာမယ် စဉ်းစားပြီး ကွန်ပျူတာ သင်တယ်။ ကွန်ပျူတာဆိုတော့ ထိုင်ရာမထ လုပ်ရတာလေ။ အဲဒါနဲ့ အသက်မွေး ဝမ်းကျောင်း လုပ်မယ် စိတ်ကူးထားတယ်။ အင်တာနက်ကလည်း သုံးလာကြတာဆိုတော့ အင်တာနက် ဆိုင်လေး ရွာမှာဖွင့်မယ်” လို့ ကိုညီညီအောင် က ပြောပါတယ်။
အရင်ကလည်း တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံက ခြေတုတပ်ပေးပါတယ်။ အခုတော့ မိုးကုတ်ဆရာတော် ကြီးမှူးပြီး တရုတ် (တိုင်ပေ)နဲ့ ထိုင်းက လှူဒါန်းမှုနဲ့ ခြေတုအသစ် ရခဲ့ပါတယ်။ ဒီခြေတု ကတော့ သူတို့အတွက် ပိုအဆင်ပြေပြီး သက်တောင့်သက်သာ ရှိစေတယ်လို့ ဆိုပါတယ်။
“ဒီက တပ်ပေးတာက ကျနော်တို့အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေတယ်ဗျ။ နည်းပညာ ကွာတယ်။ ခြေထောက် ကွေးလို့ ဆန့်လို့ အဆင်ပြေတယ်။ နည်းပညာပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် ကျနော်တို့ဆီမှာ ခြေတု လုပ်တဲ့နေရာမှာ တော်တော်လေး အားနည်းတယ်လို့ ဆိုရမယ်” လို့ သူက ပြောပါတယ်။
ခြေတုတပ်ဖို့ လိုသူတွေထဲမှာ လယ်သမားတွေလည်း ပါဝင်ပါတယ်။ သူတို့အတွက်ဆိုရင် လယ်ထဲဆင်းဖို့ တချောင်း၊ သွားဖို့လာဖို့ တချောင်း စီစဉ်ပေးရပါတယ်။ ခြေတု တခုရဲ့ တန်ဖိုးက ကျပ် ၃၅ သိန်းလောက် အထိ ရှိပါတယ်။ တဖက်ပြတ် သမားတွေလည်း ပါသလို၊ နှစ်ဖက်ပြတ်တွေလည်း ပါတယ်။ လုပ်ပေးတဲ့သူတွေ ကိုယ်တိုင်က ဒီလို ခြေပြတ်ထားတဲ့သူတွေ အများစု ပါနေတော့ အခက်အခဲကို ပိုမိုနားလည်နိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်ဖြစ်တာက တိုက်ပွဲမှာ မဟုတ်ဘူးဗျ။ စစ်ကြောင်းထွက်ရင်းနဲ့ ဖြစ်တာ။ မိုင်းတွေက သူ့ဘက်ကလည်း ထောင် တာ ရှိတယ်။ ကိုယ့်ဘက်ကလည်း ထောင်တာ ရှိတယ်။ ကြာလာတော့ အမှတ်အသားတွေလည်း မမှတ်မိတော့ဘူး။ မိုင်းရှာတဲ့သူ မပါဘူးလား ဆိုတော့ ပါပါတယ်။ မိုင်းရှာဆူးတွေနဲ့လည်း ရှာကြတာပဲ။ ဒါပေမယ့် လူက ပင်ပန်းနေပြီလေ။ တောက်လျှောက်ကြီး ဒါကို လိုက်ပြီး မရှင်းနိုင်ဘူး” လို့ ပြောပါတယ်။
“ရှင်းနေရင်းနဲ့လည်း ဘေးဘယ်ညာ ရန်သူလည်း ကြည့်ရသေးတယ်။ ရန်သူကြည့်ရင်းနဲ့ တောက်လျှောက်သွားနေရ တာ ဆိုတော့ တခါတလေ လွတ်သွားတာ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်က တပ်ခွဲမှူးမို့ ကိုယ်တိုင် ဦးစီးလုပ်ရတာ ရှိတော့ နင်းမိတော့လည်း ကျနော်ပဲ နင်းမိတာပေါ့ဗျာ” လို့ သားနှစ်ယောက် ဖခင် ကိုညီညီအောင် က ဆက်ပြောပါ တယ်။
အဲဒီတုန်းကများ အဲဒီဒေသတွေမှာ မိုင်းနင်းမိတဲ့ သတင်းက အဆန်းတောင် မဟုတ်တော့သလိုပါပဲ။ နယ်ခံတွေဆို တောထဲမှာ ဒညင်းခူး၊ မျှစ်ချိုး၊ တောင်ယာ ခုတ်ရင်းနဲ့ မိုင်းမိ တတ်ပါတယ်။
၂ဝ၁၂ ခုနှစ်ဦးမှာ ဖြစ်ထွန်းလာခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးဟာလည်း ဆွေးနွေးရတဲ့ ကိစ္စကြီးတရပ် ဖြစ်နေပါတယ်။
“ဒီလိုမျိုး ငြိမ်းချမ်းရေးတွေ မြင်တွေ့လာရတာ ဝမ်းသာပါတယ်။ တနိုင်ငံလုံး အေးချမ်းစေချင်ပါတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းသွားမယ်ဆိုရင် ကျနော်တို့ နိုင်ငံ တိုးတက်သွားမယ်” လို့ဆိုရင်း ငြိမ်းချမ်းရေးဆုလည်း တောင်းလိုက်ပါသေး တယ်။
အခုတော့ သူ မိုင်းနင်းမိခဲ့တဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး တခါက အခိုက်အတန့် ငြိမ်းချမ်းခဲ့ဖူးတဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ညံနေရတဲ့အပေါ်မှာလည်း “အရင်က ကရင်ပြည်နယ် တောက်လျှောက် ဆိုးရွားနေ ချိန်မှာ ကချင်က ဘာမှ မဖြစ်ဘူး။ ငြိမ်းချမ်းနေတယ်။ အခုနောက်ပိုင်းတော့ အမြင်မတူကြလို့ ဖြစ်နေကြတယ်။ အမြင်မတူဘူး ဆိုတာလည်း ညှိလို့ရမယ် ထင်တယ်။ ဟိုဘက်ကလည်း တယူသန်၊ ဒီဘက်ကလည်း တယူသန် ဖြစ်နေမယ် ဆိုရင်တော့ ရမယ် မထင်ပါဘူး” လို့ တပ်မတော်သားဟောင်းကြီးက ကိုညီညီအောင် က ပြောပါတယ်။
သူ့ရဲ့(၂) နှစ်ကြာ ခြေတုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းခဲ့ရတဲ့ အတွေ့အကြံုတွေထဲမှာ မတူညီမှုကို ခွဲခြား ဆက်ဆံမှုတွေလည်း ဝမ်းနည်းဖွယ် ကြံုတွေရခဲ့ရဖူးပါတယ်။
“ကျနော့် သူငယ်ချင်း မင်္ဂလာဆောင်သွားတာ။ ကိုယ်ကတော့ သွားတာပေါ့လေ။ ဒါပေမယ့် မင်္ဂလာဆောင်မှာ ကိုယ်က အပြတ်ကြီးနဲ့ ဆိုတော့ ကျနော့် သူငယ်ချင်း မိဘက သူတို့ မင်္ဂလာယူတဲ့အချိန် အမင်္ဂလာ သဘောမျိုးမြင်တာပေါ့။ ဒဲ့ မပြောပေမယ့် ကျနော့်ကို မကြားတကြား ပြောတာပေါ့ဗျာ။ ကျနော့်စိတ်ထဲ တော်တော် မကောင်းဘူး” လို့ ပြောပါတယ်။
အခုလို မိုးကုတ်ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ ကြီးမှူးပြီး တိုင်ပေ က Fo Guang Fhan ဆရာတော်နဲ့ Prostheses ထိုင်းဖောင်ဒေးရှင်းတို့ရဲ့ လှူဒါန်းမှုနဲ့ ခြေတုသစ်တွေ ရရှိမယ့် ၁၂ဝ ဦးထဲက ကိုညီညီအောင် ဟာ ကိုယ်တိုင်က ခြေတုတပ် ထားရပေမယ့် ပဲခူးတိုင်း၊ ကဝမြို့နယ်က ဇာတိရွာလေးမှာတော့ တကမ္ဘာလုံးနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်လေးတဆိုင် ဖွင့်ထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေပါတော့တယ်။