အဆင့်မီ ကားဝပ်ရှော့များနှင့် အပိုပစ္စည်းစျေးကွက် လိုအပ်ချက်ကြီးမား

အဆင့်မီ ကားဝပ်ရှော့များနှင့် အပိုပစ္စည်းစျေးကွက် လိုအပ်ချက်ကြီးမား
by -
မဇ္ဈိမ

ကားဟောင်းလဲလှယ်ရေး အစီအစဉ်နှင့် သင်္ဘောသားများနှင့် နိုင်ငံရပ်ခြား အလုပ်သမားများ အတွက် ကားသစ်တင်သွင်းခွင့် အစီအစဉ်များကြောင့် တင်သွင်းလာသော ကားသစ်များကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ရန် အဆင့်မီ ကားဝပ်ရှော့များ၊ ကားပြင်ကျွမ်းကျင်သူများနှင့် ကားအပိုပစ္စည်း စျေးကွက် အလွန်အမင်း လိုအပ်ချက်ရှိနေကြောင်း ကားသစ်တင်သွင်းသူများနှင့် ကားဝပ်ရှော့ ပိုင်ရှင်များက ဆိုသည်။

တင်သွင်းလာသော ကားများကို ပြုပြင်ထိန်းသိမ်းနိုင်သည့် ကားဝပ်ရှော့များမှာ ရန်ကုန်မြို့တွင်အလွန်နည်း ပါးလျက်ရှိပြီး ကားဝပ်ရှော့ ဆယ်ခုလျှင် တခုတွင်ပင် ပြုပြင်နိုင်ဖို့ရန် ခက်ခဲလျက် ရှိနေကြောင်း ကားသစ် တင်သွင်းလာသူများက ဆိုသည်။

“တင်သွင်းလာတဲ့ ကားတွေထဲမှာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း မော်ဒယ်ကားတွေကစပြီး အားလုံးလိုလိုမှာ ကားတစီးလုံး အတွက် ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတဲ့ Overall Diagonisis System တပ်ဆင်ထား တဲ့အတွက် ကားတွေကို ပြုပြင်ထိန်းသိမ်းဖို့ အဆင့်မီ စမ်းသပ်ကိရိယာတွေ လိုအပ်တဲ့အပြင်ပြုပြင်ထိန်း သိမ်းဖို့အတွက် ကျွမ်းကျင်တဲ့ ကားဝပ်ရှော့တွေ ရန်ကုန်မြို့မှာ ရှားပါးနေပါတယ်” ဟု ကားတင်သွင်းလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်မြင်မိုး က ပြောသည်။

တင်သွင်းလာသော ကားများတွင် ဆိပ်ကမ်းသို့ ဆိုက်ရောက်စဉ်ကပင် စက်နိုးရန်နှင့် မောင်းနှင်ရန် အခက်အခဲများနှင့် အထူးသဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာများ အဖြစ်များကြောင်း သင်္ကန်းကျွန်းမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ကိုရာဂျာ ကားဝပ်ရှော့ဆိုင်မှ စက်ပြင်ဆရာ ကိုအငယ်လေး က ဆိုသည်။

“ဆိပ်ကမ်း ရောက်လာတဲ့ ကားအတော်များများမှာ ဘက်ထရီ ပြဿနာကြောင့် စက်နိုးလို့ မရတာတွေ၊ စက်နိုးလို့ ရရင်လည်း လီဗာနင်းပြီး မောင်းလို့မရတဲ့ ပြဿနာတွေ ရှိပါတယ်။ တချို့ကလည်း တံခါး အဖွင့်အပိတ် ပါဝါဝင်းဒိုး မရတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ထို့ပြင် “ဂျပန်မှာ ကားပိုင်ရှင်အများစုက သူတို့ကားတွေကို တခုခု ပြုပြင်ဖို့ လိုလာတဲ့အခါမှာ အလုပ်ရှုပ်မခံ ချင်တော့လို့ ထုတ်ရောင်းတဲ့သူတွေများပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံက တပတ်ရစ်ကားတင်သွင်းသူ တွေ အနေနဲ့ တင်သွင်း လာတဲ့ကားတွေ ဆိပ်ကမ်းကနေ ချချချင်း ကားဝပ်ရှော့တွေမှာ စစ်ဆေးဖို့ လိုပါတယ်” ဟု ဦးအောင်မြင်မိုး က ဆိုသည်။

ထိုသို့ ကားပြင်ရန် ကျွမ်းကျင်သူများ ရှားပါးသကဲ့သို့ လိုအပ်သော အပိုပစ္စည်းများမှာလည်း ရှားပါးလျက်ရှိပြီး ပြည်တွင်းစျေးကွက် လိုအပ်ချက်ကို ကားအပိုပစ္စည်း တင်သွင်းသူများ ဖြည့်ဆည်းနိုင်ခြင်း မရှိသေးဟုလည်း ၎င်းက ဆိုသည်။

“တင်သွင်းလာတဲ့ ကားတွေထဲမှာ တိုယိုတာ ကုမ္ပဏီထုတ် ၂ဝဝ၂ မော်ဒယ် ရွှေငါးနဲ့ ဟာရီရာ ကားအမျိုး အစားတွေ အတွက်ပဲ ကားအပို ပစ္စည်းတွေ ရန်ကုန်မှာ ရနိုင်သေးတာပါ။ တိုယိုတာ ကယ်ဒီနားစက်ရုပ်ကား တွေနဲ့ မစ်ဆူဘီရှီ ပါဂျဲရိုး ဖားပြုပ်တွေအတွက် တချို့ ပစ္စည်းတွေတော့ ဝယ်လို့ရပြီး အချို့ကို နိုင်ငံခြားက တိုက်ရိုက် မှာယူနေရပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းတွင် အပိုပစ္စည်း ဝယ်ယူရန် ခက်ခဲမည်ကို စိုးရိမ်ရခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် ခက်ခဲမည်ကို စိုးရိမ်ရခြင်း တို့ကြောင့် ကာတင်သွင်းသူအများစုသည် တိုယိုတာ မတ်တူး ရွှေငါး၊ ကာဒီးနား စက်ရုပ်၊ ပရာဒိုနှင့် မစ်ဆူဘီရှိ ပါဂျဲရိုး ဖားပြုပ်တို့ကိုသာ တင်သွင်းနေကြကြောင်း Myanmarcarsdb website မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ကိုဝေယံလင်း က ဆိုသည်။

ထိုကဲ့သို့ စျေးကွက် လိုအပ်ချက် ကြီးမားနေသဖြင့် ကားအပိုပစ္စည်းများကို တင်သွင်းခြင်းလုပ်ငန်းနှင့် အဆင့်မီ ကားဝပ်ရှော့ တည်ထောင်ရေး လုပ်ငန်း ချဲ့ထွင်လုပ်ကိုင်ရန်အတွက်ပင် အစီအစဉ်ရှိသည်ဟုလည်း ဦးအောင်မြင်မိုး က ဆိုသည်။

“ကားအပိုပစ္စည်း တင်သွင်းတဲ့ လုပ်ငန်းကလည်း အရင်းအနှီး ကြီးမားပါတယ်။ အဆင့်မီ ကားဝပ်ရှော့ ထောင်ဖို့ ဆိုတာ ကလည်း ရန်ကုန်မှာ ကျွမ်းကျင်သူတွေ ရှားပါးပါတယ်။ ကျနော်ကတော့ စင်္ကာပူကနေ ကျွမ်းကျင်ပညာ ရှင်တွေကို ရန်ကုန်ကို ခေါ်လာပြီး လုပ်ငန်းလုပ်ကိုင်ဖို့အတွက်နဲ့ ရန်ကုန်က ဝပ်ရှော့ဆရာတွေကို သင်တန်းပေး ဖို့ နည်းလမ်း ရှာနေပါတယ်။ မကြာမီ လက်တွေ့ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

တင်သွင်းလာသော ကားများတွင် ဘက်ထရီ မကောင်းခြင်း၊ ကားတွင် ပါလာသော ဓါတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ နည်းပါးခြင်း၊ အင်ဂျင်ဝိုင်၊ ဂီယာဝိုင် ဘရိတ်ရှုးများမှအစ လဲလှယ်ပေးရန် လိုအပ်ခြင်းများ ဖြစ်တတ်ပြီး မောင်းနှင်၍ ရပါကလည်း ဆိပ်ကမ်းမှ ရောက်ရောက်ခြင်း နားလည်တတ်ကျွမ်းသော ကားဝပ်ရှော့များတွင် စစ်ဆေးရန် အကောင်းဆုံး ဖြစ်သည်ဟု ကိုရာဂျာ ကားဝပ်ရှော့ဆိုင်မှ စက်ပြင်ဆရာ ကိုအငယ်လေးက ဆိုသည်။

“၂ဝဝ၂ ခုနှစ် မော်ဒယ်နဲ့အထက် ကားတွေမှာ ကားအခြေအနေပြ Original Display ဖန်သားပြင် ပါပါတယ်။ မပါရင် လည်း ကားဝပ်ရှော့တွေမှာ Diagonisis Machines စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးလို့ ရပါတယ်။ ဖန်သားပြင် ပါတယ်ဆို ကားမှာ တခုခု ချွတ်ယွင်းချက်ရှိရင် အချက်ပေးသံ မြည်တာတို့၊ မီးလင်းနေတာတို့ ရှိတတ်ပါတယ်။ ဒါဆိုရင် ချက်ချင်း ပြင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကားပိုင်ရှင်အချို့သည် ကားတွင် တပ်ဆင်ထားသော ကွန်ပျူတာ စနစ်သုံး ကားအခြေအနေပြ ဖန်သားပြင်မှ အချက်ပြမှု များကို ဂရုမပြုဘဲ ဆက်လက်မောင်းနှင်မှုများကြောင့် အချို့မှာ လမ်းပေါ်တွင်ပင် အခက်အခဲများ တွေ့ကြုံရတတ် သည်ဟု ၎င်းက ဆိုသည်။

“ကားမှာ တပ်ထားတဲ့ Computerized Car Condition Control System ကနေ ကားမှာ ရှိတဲ့ အဲကွန်း၊ ရေဒီယို၊ တီဗွီ၊ ဒီဗွီဒီ၊ ဂျီပီအက်စ်စံနစ်တွေကအစ ဘရိတ်ရှုး၊ ဆီပန့်၊ မီးလုံး၊ ဘက်ထရီ၊ ဘီးတာရာ အစိတ်အပိုင်း အားလုံးနီးပါးကို ထိန်းညှိထားတာပါ။ တခုခု ချွတ်ယွင်းနေမယ် ဆိုရင် အချက်ပြပါလိမ့်မယ်။ ဒါဆိုရင် ကားဝပ်ရှော့ တခုခုဆီသွားပြီး စစ်ဆေးပြုပြင်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကားဝပ်ရှော့ကို မသွားဘဲ လမ်းမှာပဲ ဆက်မောင်းနေမယ်ဆိုရင် မောင်းနေရင်း အရှိန်နှေးသွားတာတို့၊ လီဗာ နင်းမရတာတို့နဲ့ နောက်ဆုံး ထိုးရပ်သွားတာထိ ဖြစ်တတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ကွန်ပျူတာ စနစ်သုံး ကားများကို ပြင်ဆင်ရာတွင်လည်း ဘက်ထရီလဲခြင်း၊ အင်ဂျင်ဝိုင်လဲခြင်း၊ ဆီစစ် ကိရိယာလဲခြင်း သော့အပို ပြုလုပ်ခြင်းတို့ကိုလည်း ကွန်ပျူတာ အီလက်ထရောနစ် စနစ်များဖြင့် ထိန်းချုပ်ထားသဖြင့် နားလည်တတ်ကျွမ်းသည့် ကားဝပ်ရှော့များတွင်သာ ပြုလုပ်သင့်သည် ဟုဆိုသည်။

“တခုခု လဲတော့မယ် ဆိုရင် ကားထဲမှာရှိတဲ့ ကွန်ပျူတာစနစ်ထဲကို ပြန်သွင်းပေးရပါတယ်။ တချို့ ကားဝပ်ရှော့တွေမှာ ဘက်ထရီကို အလွယ်တကူ လဲလိုက်လို့ ကွန်ပျူတာ စနစ်ရပ်သွားပြီး ကွန်ပျူတာကို restart ပြန်နှိုးပေးရပါတယ်။ ဘက်ထရီဖြုတ်ရာမှာလည်း အနုတ်ဖက်က မဖြုတ်ဘဲ အပေါင်းဖက်ကနေ အရင်ဖြုတ်ရင် လျှပ်စစ်ဆက်စီးနေပြီး ရှော့ဖြစ်တတ်ပါတယ်” ဟု ဆိုသည်။

ကားပိုင်ရှင်များသည် မိမိတို့ကားများရှိ ကွန်ပျူတာစနစ်များတွင် အသုံးပြုသော ဆော့ဒ်ဝဲများ ထည့်သွင်း ထားသည့် ဒီဗွီဒီချပ်များ ပါမပါ စစ်ဆေးကြည့်ရှု့သင့်ပြီး မပါပါက အမျိုးအစားတူ အခြားကားများမှ ခွေများကို ကြိုတင်ကူးယူထားမှ သာ ကွန်ပျူတာ ပြဿနာ တရပ်ရပ်ပေါ်လာပါက ပြန်လည်ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။